Thursday 29 March 2012

Public Restroom

သာမာန်အားဖြင့် လူတို့အတွက် အိမ်သာခန်း (Restroom) တွေဟာ လူမမြင်ကွယ်ရာနေရာမှာ သို့မဟုတ် ဖုံးကွယ်ပြီးထားတတ်ကြတာများပါတယ်၊

ဒါပေမယ့် ဒီအိမ်သာခန်း အဆောက်အအုံလေးကတော့ ထူးခြားပါတယ်၊ လူမြင်ကွင်း လူအသုံးများတဲ့ မြေနေရာမှာ ထီးထီး တည်ရှိနေတာပါ၊ ပန်းခြံလေးတခုထဲမှာ ပန်းပုရုပ်လေးသဖွယ် အမြင်ပသာဒရအောင် ဒီဇိုင်းလုပ်ထားပါတယ်၊

အမေရိကန်ပြည်ထောင်စု၊ တက်က်ဆက်ပြည်နယ်၊ အော်စတင်းရဲ့ Lady Bird Lake Park မှာ စက်ဘီးစီးရာ၊ ခရီးရှည်လမ်းလျှောက်ရာ လမ်းကြောင်းရှိပါတယ်၊ မြို့ပြရဲ့ မွန်းကြပ်မူတွေကို ဖြေလျှော့နိုင်တဲ့နေရာမို့ လူအများ နှစ်ခြိုက်တဲ့နေရာလေး ဖြစ်ပါတယ်၊ စက်ဘီးစီးသူများ၊ အပြေးကျင့်သူများနဲ့ အမြဲစည်ကားတဲ့နေရာပါ၊

Miró Rivera Architects အဖွဲ့ကနေ ဒီဇိုင်းပြုလုပ်ထားတဲ့ ဒီ Restroom ဒီဇိုင်းလေးဟာ (၂၀၀၉) ခုနှစ်မှာ အေအိုင်အေ (American Institute of Architects) က ထင်ရှားတဲ့ ပရော့ဂျက်အသေးလေးတွေကို ရွေးချယ်ပြီးပေးတဲ့ ဆုကိုလည်း ရရှိခဲ့ပါတယ်၊

ဒီ Restroom ဒီဇိုင်းလေးဟာ ရှည်လျားတဲ့လမ်းကြောင်းလေးပေါ်မှာ ပန်းပုပစ္စည်းလေးသဖွယ် ထင်ထင်ရှားရှား ဖြစ်နေပါတယ်၊ ၃/၄ လက်မ အထူရှိတဲ့ လေးဆယ့်ကိုးခုသော ကော်တင်စတီးလ်ပြားချပ်လေး (Corten steel plates) လေးတွေနဲ့ ဒီဇိုင်း ပြုလုပ်ထားတယ်၊

စတီးလ်ပြားလေးတွေရဲ့ အရွယ်အစားနဲ့ အမြင့်ကလည်း သိသာထင်ရှားစွာ ကွဲပြားပါတယ်၊ တစ်ပေအကျယ်နဲ့ တစ်ပေခြောက်လက်မ အမြင့်ကနေပြီး နှစ်ပေအကျယ်နဲ့ တစ်ဆယ့်သုံးပေအမြင့်အထိရှိပါတယ်၊
စတီးလ်ပင်နယ်လ်တွေကို ၀က်အူရစ်လို စီတန်းချလိုက်ပြီး အဆုံးမှာ Restroom ရဲ့ နံရံ ဖြစ်စေပါတယ်၊ မြင်ကွင်းကို ကာကွယ်ပေးဖို့ရယ်၊ အလင်းရောင်နဲ့ လေရဖို့ရယ် စတီးလ်ပြားတွေကို တခုနဲ့တခုထပ်ပြီး တပ်ဆင်ပြီး ထားပါတယ်၊ တံခါးနဲ့ ခေါင်မိုးကလည်း ၃/၄ လက်မ အထူရှိတဲ့ စတီးလ်ပြားတွေနဲ့ပဲ တပ်ဆင်ပြုလုပ်ထားတယ်၊

ဒီဒီဇိုင်းဟာ တာရှည်ခံပစ္စည်းသုံးထားတာမို့ ပြုပြင်ထိန်းသိမ်းဖို့ သိပ်လည်း မလိုအပ်ပါဘူး၊ သဘာဝအလင်းရောင်နဲ့ သဘာဝလေလည်းရပြီးသားမို့ အတွင်းထဲမှာ လေသန့်စက်လည်း အသုံးပြုစရာမလိုပါဘူး၊
ဒီဇိုင်းအရရော၊ နေရာအရရော၊ သုံးထားတဲ့ ပစ္စည်းတွေအရရောကြောင့် ပြီးပြည့်စုံ ကောင်းမွန်တဲ့ ဒီဇိုင်းတခု ဖြစ်တာမို့ အေအိုင်က ပေးတဲ့ ဆုကို ရခဲ့တာလည်း ဖြစ်ပါတယ်။

ရေးသားသူ။ ။ ဗိသုကာ နှစ်

ကိုးကား

ဂူဂဲလ်မြေပုံပေါ်မှာ ကြည့်ချင်ရင် ဒီမှာပါ


No comments:

Post a Comment