Thursday 29 March 2012

Architecture and You (Part 1)

ဟန် (သို့မဟုတ်) စတိုင်လ် (Style)
ဟန်တွေအဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲဆိုတာ ရှာဖွေဖို့တော့ အချိန်တွေ အများကြီးပေးရလိမ့်မယ်၊ ဗိသုကာတွေ အတော်များများကတော့ ရှေးရှေးသမိုင်းကဟန်တွေကို ကူးယူဖို့စိတ်မဝင်စားကြပါဘူး၊ တချို့သော ဗိသုကာတွေကျတော့လဲ တခြားသော ဗိသုကာတွေ ဥပမာ ဖရန့်လွိုက်ရိုက်၊ လီကော်ဗူးဆေး၊ မီးစ်ဗင်ဒါရိုး၊ လူးဝစ်စ်ခန်း တို့တွေရဲ့ လက်ရာဟန်တွေကို ပြောင်ပြောင်တင်းတင်းပဲ ကူးယူချင်ကြတယ်။ အီရိုးဆာရီနန် လို လူမျိုးကျတော့လည်း ဟန်တွေကအမျိုးမျိုးပဲ လုပ်တတ်လွန်းလို့ ကူးယူဖို့ခက်တယ်။ 
ဟန် ဆိုတာကို ထုသွင် (Form) ဆိုတာနဲ့ မရောနှောလိုက်ပါနဲ့၊ သူတို့နှစ်ခု အဓိပ္ပါယ်မတွဲဖက် မဆက်စပ်ပါဘူး။ ဟန်ဆိုတာ အချိန်နဲ့လိုက်ပြီး ပျောက်ဆုံးသွားတာပါပဲ။ ဂန္ဓဝင်ဟန် ပြန်လည်ဆန်းသစ်တာ (Classical Revival) တို့၊ ဂေါသစ်ဟန် ပြန်လည်ဆန်းသစ်တာ (Gothic Revival) တို့တော့ ဒီဇိုင်းလုပ်ကြပါတယ်၊ ဒါပေမယ့် မူရင်းမူလလိုတော့ ဖြစ်နေမှာမဟုတ်ဘူးလေ။ 
သမိုင်းကဟန်တွေမှာ အဓိပ္ပါယ်ရှိတဲ့ သင်္ကေတ (Symbol) တွေရှိခဲ့ကြတယ်။ ဩဇာအာဏာသင်္ကေတ (Symbols of Power)၊ တီထွင်မှုသင်္ကေတ (Symbols of Ingenuity) ပြီးတော့ အဓိပ္ပါယ်နှစ်မျိုးပေါက်တဲ့ သင်္ကေတ ( Symbols of ambiguity) တောင် ရှိလိမ့်အုံးမယ်။ 
အီဂျစ်၊ ဂရိနဲ့ ရောမတို့တွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံတွေဟာ သူတို့ခေတ်ရဲ့ လူတွေအကြောင်း ကျယ်လောင်စွာပြောပြ၊ ရှင်းပြနေသလိုပဲ၊ သူတို့တွေဘယ်လိုတွေးခဲ့တယ်၊ ဘယ်လိုပုံနေခဲ့ကြတယ်၊ သူတို့ရဲ့ဘာသာရေး ပြီးတော့ သူတို့လူမျိုးတွေအတွက် ဘာတွေစွမ်းဆောင်ပေးခဲ့ကြတယ် အဲဒါတွေကို ထင်မြင်လာစေတယ်။ 
တရုတ်နိုင်ငံတခွင်မှာ တွေ့မြင်ရတဲ့ တိုင်နဲ့တန်း အဆောက်အအုံဟန် (The Trabeate style) တွေက သူတို့ရဲ့မြို့ပြတွေ စည်ပင် ဖွံ့ဖြိုးလာတာတွေကို ပြနေတယ်။ အစောပိုင်းကာလ ခရစ်ယာန်ဘုရားကျောင်းတွေက ဘာသာရေး အပြောင်းအလဲတွေကို ပြောပြနေတယ်၊ ရိုးမန်းနစ်ဟန် (Romanesque style) က နောက်ထပ် အပြောင်းအလဲတခု၊ ဂေါသစ်ဟန်(Gothic style) တွေက တတိုင်းပြည်နဲ့တပြည် မတူတဲ့ အလယ်ခေတ် (Middle ages) တွေရဲ့ တန်ဖိုးနဲ့ ရည်ရွယ်ချက်တွေကို ဆက်နွယ်ပြနေတယ်၊ အီစလန်မစ်ဟန် (Islamic style) တွေကရော အာရတ်အင်ပါယာကြီး တခုလုံးအကြောင်းကို ပြောနေသလိုပါပဲ၊ စက်မှုထွန်းကားတဲ့ခေတ်ဆိုတဲ့ အကြောင်းကို သိချင်ရင်တော့ သံဂျွတ်တွေနဲ့ တည်ဆောက်ထားတဲ့ စတွက်ချာ (Structure) တွေကို လေ့လာကြည့်ရုံပါပဲ။ 
သမိုင်းစစ်စစ်ဆိုတာဘာလဲ၊ အထူးသဖြင့် သမိုင်းကဟန်ဆိုတာဘာလဲ မေးနေကြတယ်၊ အားလုံး ပြောနေကြတာကတော့ အဆောက်အအုံဆိုတာ သမိုင်းရဲ့စာမျက်နှာတွေပါပဲတဲ့။ 
ခေတ်အဆက်ဆက်တွေရဲ့ ကြီးကျယ်လှတဲ့ဟန်တွေကို လေ့လာခြင်းဟာ ယခုခေတ် အဆောက်အအုံတွေကို ပိုပြီး လေးလေးနက်နက် နားလည်ပြီး တွေ့ကြုံခံစား သိမြင်နိုင်စေတယ်။ သမိုင်းတလျှောက် အဆောက်အအုံတွေအားလုံးကို နားလည်အောင် ကြိုးစားရင်း အဆောက်အအုံတွေအားလုံးမှာ ပါဝင်နေတဲ့ ထုသွင်သုံးမျိုးနဲ့ နေရာ နှစ်မျိုး ရဲ့ အရည်အသွေးကို အကဲခတ်လို့ရနိုင်တယ်။ 
အဲဒီလိုမှမဟုတ်ပဲ ဝရန်တာဆိုပြီး သုံးလို့မရဘဲ အလှလုပ်ထားတာတွေ၊ ဂန္ဓဝင်ဟန် အလှလုပ်ထားတာတွေကတော့ အသုံးပြုသူ တွေကို ပရိယာယ်ဆင်နေသလိုပါပဲ၊ ဒါမှမဟုတ်ရင်လည်း အသုံးပြုသူတွေ ကိုယ်တိုင်ကိုကလည်း အဲဒါကိုပဲနှစ်သက်နေလို့ဖြစ်မယ်၊ ပြီးတော့ ကိုယ့်ကိုကိုယ် ပရိယ်ယာယ်ဆင်နေကြတာပဲ ဖြစ်နိုင်တယ်။ အဲဒီလိုအဖြစ်ဟာ ဗိသုကာပညာဆိုတဲ့ အနှစ်သာရကို ဖျက်စီးနေတာဖြစ်ပါလိမ့်မယ်။ ယနေ့ခေတ် ဗိသုကာတွေက အဲဒီလိုအဖြစ်မခံတော့ဘူး၊ နေထိုင်အသုံးပြုသူတွေအလိုက် ကျိုးကြောင်းလျော်ညီမှုရှိပြီး လှပတဲ့ဒီဇိုင်းတွေကိုသာ ဖန်တီးပေးဖို့ အဆုံးမရှိတဲ့ အခွင့်အရေးတွေရနေကြရတယ်။  
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်
Architecture and You, How to experience and Enjoy Buildings
by
William Wayne Caudill FAIA
William Merriweather Pena FAIA
Paul Kennon AIA စာအုပ်ကို နားလည်သလို ဘာသာပြန်ပါသည်။

No comments:

Post a Comment