ဒုတိယနှစ်
ဗိသုကာကျောင်းသူ
“ဘာဖြစ်လို့
ဗိသုကာဘာသာကို ရွေးခဲ့သလဲ”
အဲဒီမေးခွန်းတော့
ဘယ်တော့မှ မမေးနဲ့နော်၊ တိကျတဲ့အဖြေကို မရှိဘူး၊ ဒုတိယနှစ်မှာ ဓာတုဗေဒဆက်ပြီး သင်စရာမလိုတော့ဘူး
လို့ဆိုရင် ဒါက ဆင်ခြေတခုသာဖြစ်လိမ့်မယ်၊ ပထမနှစ်မှာ ဂုဏ်ထူးရအောင် ဖြေခဲ့သားပဲ၊ အီကွေးရှင်းတွေကို
လက်နဲ့ချရေးပြီး ကျက်ရလွန်းလို့ ညောင်းသွားတဲ့ လက်ချောင်းကလေးတွေကို အခန်းဖော် “မာမာ“
က နှိပ်ပေးယူရတဲ့အထိ။
သူမမှာ ဗိသုကာပညာနဲ့
ပတ်သက်ပြီး နောက်ခံအသိုင်းအ၀ိုင်းလည်းမရှိဘူး၊ လေးနက်အဓိပ္ပါယ်ရှိလှတဲ့ ဗိသုကာပညာဆိုတာကို
အဲဒီတုန်းက တကယ်မသိခဲ့ပါဘူး။
သူမက ခံစားချက်ကို
ဦးစားပေးတဲ့သူ၊ စိတ်ကူးယဉ်ကြောမှာ မျောချင်နေတဲ့သူ၊ အတွေးတွေနဲ့သာ အရာရာကို အကောင်အထည်
ဖော်ချင်နေသူ၊ ရွေးချယ်စရာ မြို့ပြ၊ အီလက်ထရောနစ်ဘာသာတွေကို တွေးကြည့်တော့ လူတွေအများကြီး၊
လက်တွေ့ကျမှဖြစ်မယ်လို့ ထင်ရတဲ့ အဲဒီဘာသာတွေကို သူမ မယူချင်၊ ခပ်ကြောင်ကြောင်တွေးမိခဲ့တာကို
ပြောပြရရင် လူတွေအများကြီးမှာ သူမ မထင်မရှားတော့ မဖြစ်ချင်၊ သူမသည် တိုးပေါက်နိုင်မှာ
မဟုတ်၊ ဗိသုကာဘာသာကို အနည်းငယ် လေ့လာကြည့်တော့ သူမနှစ်သက်သော စိတ်ကူးများကို ဖြန့်ကျက်နိုင်ခွင့်ရှိခြင်း၊
လူအနည်းငယ်ကိုသာ ဂရုတစိုက်သင်ကြားပေးခြင်း၊ ကျက်မှတ်ရမယ့် ဘာသာတွေ မများခြင်း၊
(Design Studio) စတူဒီယိုဟု ခေါ်တွင်သတ်မှတ်သော အချိန်များတွင် လွတ်လပ်ပေါ့ပါးစွာ ပုံဆွဲနိုင်ခွင့်၊
အဲဒီအချက်တွေနဲ့ သူမ ဆုံးဖြတ်ရွေးချယ်ခဲ့လိုက်ပါတယ်။
အနုပညာနှင့်သိပ္ပံပညာပေါင်းစပ်ထားတဲ့
ဗိသုကာပညာသင်ခန်းစာတွေကို သူမ အလွန်နှစ်ခြိုက်ခဲ့ပါတယ်။
ဒုတိယနှစ်မှာ
ပထမအစပိုင်းမှာ သင်ယူရတဲ့ ဗိသုကာဘာသာတွေက သိပ်မခက်လှသေးဘူး၊ ပန်းချီပညာအစလိုပဲ ခဲနဲ့
ရေးခြစ်တတ်အောင် ဆွဲရတဲ့ဘာသာ၊ ပုံဆွဲကိရိယာတွေနဲ့ အခြေခံပုံဆွဲနည်းကို တိတိကျကျ ဆွဲရတဲ့ဘာသာ၊
ပြီးတော့ ဒီဇိုင်းအတွေးတွေကို တွေးတောတတ်ဖို့ သင်ရတဲ့အခြေခံဒီဇိုင်းပညာ၊ ပထမနဲ့ဒုတိယဘာသာတွေက
စိတ်ရှည်ရှည်ထားပြီး စနစ်တကျ ရေးဆွဲရင် ဖြစ်နိုင်ပေမယ့် အခြေခံဒီဇိုင်းပညာကတော့ လေးနက်လှတယ်၊
အဲဒီဘာသာကို ဆရာမကြီး ဒေါ်မင်းသက်မွန်သင်ပေးခဲ့တယ်၊ သင်နေတဲ့ အချိန်တုန်းကတော့ ဆရာမကြီးရဲ့
အာဘော်မှာ စီးမျောသွားခဲ့ပေမယ့် အတန်းပြီးသွားရင် ခေါင်းတွေ မူးနောက်ကျန်ခဲ့တယ်၊ တစ်ပတ်မှ
တစ်ခါပုံတွေကို (project) တစ်ခုအနေနဲ့ တင်ရတာဆိုတော့ ဆရာမကြီးပေးတဲ့ ခေါင်းစဉ်နဲ့ ဘယ်လို
ပုံဖော်ရရင် ကောင်းမလဲလို့ စဉ်းစားရင်း တစ်ပတ်လုံးလုံး အဲဒီအာရုံက နေရာယူထားပြီလေ၊
ပုံတွေကို တင်ပြီးတာနဲ့ ဆရာမကြီးကလည်း အိုင်ဒီယာမှန်ရင်မှန်သလို အမှတ်တွေကို အရမ်းပေးတော့
ပင်ပန်းရကျိုးနပ်ပါတယ်။
ဒုတိယနှစ်ရဲ့
နောက်ပိုင်းမှာတော့ အဆောက်အအုံလို့ ခေါ်တွင်နိုင်တဲ့ ပရော့ဂျက်တွေ စလုပ်ရပြီ၊ ပထမတခုက
(sun shelter) တဲ့၊ နေရိပ်ရမယ့် အကာအရံလေးတခု၊ နေရာက ကျောင်းဝင်းထဲမှာတဲ့၊ ဘယ်နေရာမှာ
တည်ဆောက်ပေးရင် ဖြစ်မလဲလို့လဲ စဉ်းစားပေးရမယ်တဲ့၊ တင်နီနီကို ၊ တင်မာဆွေ၊ ဇင်မင်း စတဲ့
သူငယ်ချင်းတွေကို လိုက်မေးရတယ်၊ “ကျောင်းနဲ့ အဆောင်ကြားမှာ ခဏနားဖို့ နင်တို့ ဘယ်နေရာမှာ
အရိပ်လိုအပ်မလဲ..ဟင်” လို့ (survey) လုပ်ရသေးတယ်၊ ဗိသုကာမေဂျာသူငယ်ချင်းရဲ့ အရိပ်ကို
အဲဒီကစပြီး သူတို့တွေခံယူနေရပြီ၊ (Sun shelter ) ဒီဇိုင်းကို ကျောင်းရဲ့ A1, A2 ဆေးပေးခန်း၊
စာတိုက်တွေနားက မြေကွက်လပ်လေးမှာ သူမလုပ်ခဲ့ပါတယ်။
ဒီပရော့ဂျက်ကို
ဆရာတွေအားလုံးရှေ့မှာ ဒီဇိုင်းအတွေးအခေါ်တွေ၊ ရေးဆွဲထားတာတွေကို တင်ပြရတာပါ၊ Jury ရှိတယ်ဆိုရင်
သူငယ်ချင်းတွေက သူမကို သနားနေကြပြီ၊ မတင်ခင် သုံးရက်လောက်မှာ မအိပ်မနေ ရေးဆွဲရတာမို့လေ၊
ဒါပေမယ့်
ဒီဇိုင်းပရော့ဂျက်တခုပြီးသွားလို့ ရလိုက်တဲ့ ပီတိကတော့ ဗိသုကာကျောင်းသူမှသာ ခံစားသိပါလိမ့်မယ်။
ရေးသားသူ။
။ ဗိသုကာ နှစ်
No comments:
Post a Comment