စတုတ္ထနှစ်
ဗိသုကာကျောင်းသူ
ဗိသုကာကျောင်းသူအခန်းကို
မြင်ဖူးချင်သလား၊ မန်းချယ်ရီဆောင်က မိန်းခလေးတွေ သိကြမှာပါ။
ညဆယ့်နှစ်နာရီထိုးလည်း
သူမ မအိပ်နိုင်၊ အနောက်ဖက်ခြမ်းတောင်ပံက သန့်စင်ခန်းကို သွားကြရင်း သနားတယ်ဆိုတဲ့ အကြည့်နဲ့
သူမကို ကြည့်သွားကြတာများ၊ ပုံဆွဲကိရိယာတွေ၊ ပုံဆွဲထားတဲ့ ထရေစင် စာရွက်ပုံတွေ၊ မော်ဒယ်လ်လုပ်ဖို့
အပိုင်းအစတွေ ကုတင်ပေါ်မှာ ပြန့်ကျဲလို့၊ သူမ ဒီတညရော အိပ်လို့ ရပါအုံးမလား၊ ကက်ဆက်လေးတစ်လုံးနဲ့
ရစ်ချတ်ကလေဒါမင်ရဲ့ စန္ဒရားတီးလုံးလေးတွေကို တီးတိုးညင်သာစွာဖွင့်လို့ သူမ အာရုံတွေ
နှစ်မျောနေခဲ့တာ၊ တင်ရမယ့် ဒီဇိုင်းက ဆေးရုံတဲ့လေ၊ ကုတင်တစ်ရာဆေးရုံဆိုပဲ။
ဆေးရုံလို
အဆောက်အအုံက ဒီဇိုင်းလုပ်လို့ကို မကောင်းဘူးတဲ့၊ ဖြေရှင်းပေးရမယ့် နည်းပညာတွေက များတယ်၊
ဆေးရုံမှာ ပါရမယ့်အခန်းတွေကို ပြေလည်အောင် ဖြေရှင်းပေးတာကိုက အခက်တဲ့၊ မေးမြန်းရ၊ စဉ်းစားရမယ့်
အချက်တွေ များလွန်းလို့ ဒီဇိုင်းဆိုတာကိုတောင် မေ့စေတော့မလောက် အာရုံစားစေတယ်တဲ့လေ။
သူမရဲ့ အခန်းနံရံပေါ်ကိုလည်း
ကြည့်ပါအုံး၊ စာတွေရေးပြီး ကပ်ထားတယ်၊ သူမအတွေးထဲမှာ ဘာတွေများ ရှိတာပါလိမ့်၊ သူမကိုယ်တိုင်ပဲ
သိလိမ့်မယ်၊ အနုပညာတွေဆိုတာလားတော့ မသိဘူး၊ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ ဗိသုကာဘာသာကို
ယူခဲ့တာ ဒီအမ်အိုင်တီ၊ ဒုတိယ အုပ်စု (MIT 2nd Batch) မှာ သူမတယောက်တည်းရယ်၊ အဖော်(မိန်းခလေး)
လည်းမရှိ၊ သတ္တိရှိတယ်လို့တော့ ပြောရမယ်၊ ဗိသုကာပညာဆိုတာကို သူမ နားမလည်သေးပါဘူးတဲ့၊
တခါတခါတော့လည်း ပြောပြန်တယ်၊ ဒါပေမယ့် ပုံဆွဲရတာကိုတော့ နှစ်ခြိုက်နေသလိုပဲ၊ မနက်လင်းတဲ့
ညတွေ သူမအတွက် များလွန်းတယ်။
ကျောင်းရှေ့က
ခြံမှာ ၀ယ်ထားတဲ့ ပန်းအိုးထဲက နှင်းဆီရနံ့တွေနဲ့ သူမ ပုံဆွဲတယ်၊ စကားလုံးတွေ မပါတဲ့
ဂီတတွေးသွားတွေနဲ့ သူမ ပုံဆွဲတယ်၊ အခန်းဖော် အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့ ညင်သာတိုးတိတ်စွာ
လှုပ်ရှားတယ်၊ သူမ… သနားစရာကောင်းလှတယ်။
ဗိသုကာဘာသာမှာ
တစ်ဦးတည်းသော မိန်းခလေးမို့ မဲနဲ့ရွေးစရာမလိုပဲ ကွင်းဖြစ်နေတဲ့ သူမကို ဂရုစိုက်မယ့်
အတန်းဖော် (ယောကျာင်္းလေး) တွေရှိပါတယ်၊ သူမကို ဂရုစိုက်ကြသားပဲ၊ သူမဟာ ခင်စရာတော့ အကောင်းသား၊
စကားများများ မပြောတာကလွဲလို့လေ၊ ဒီဇိုင်းပရော့ဂျက်တွေ တခါ ဂျူရီ (Jury) တင်ပြီးသွားတာနဲ့
သူမ ပေါ့ပါးသွားပြန်တယ်၊ ကျောင်းရဲ့ ၀န်ထမ်းတွေနေတဲ့အိမ်ဖက်က စာအုပ်ဆိုင်က စာအုပ်တွေ
ငှားပြီးဖတ်တယ်၊ ဘာသာပြန်တွေလဲပါတယ်၊ အနီနှင့်အနက် ဆိုပြီး အာဖရိက က လူရိုင်းအကြောင်းတွေတဲ့၊
ဖတ်ပြီးသွားရင်လည်း သိပ်မမှတ်မိဘူး၊ စာထဲက အကြောင်းအရာတွေကို အကုန်မယူနိုင်သေးဘူး၊
စာမဖတ်တတ်သေးဘူးတဲ့ ပြောတတ်ပြန်သေးတယ်၊ စာရေးတတ်ချင်လို့ဆိုပြီး ၀တ္တုတိုရေးနည်းတွေ
ဖတ်လိုဖတ်၊ ရသစာတမ်းဆိုပြီး ဖတ်လိုဖတ်၊ တကယ်တော့ အဲဒီအချိန်မှာ ဘာမှလည်း ရေးတာ မတွေ့ဘူး၊
အနီရောင် ဒိုင်ယာယီစာအုပ်တစ်အုပ်နဲ့ တိုးတိုးတိတ်တိတ် ရေးခြစ်နေတာတော့ တွေ့မိသလိုပဲ။
အဲဒီည သူမ
မိုးလင်းသွားခဲ့ပုံရတယ်၊ သူမတွေ မနက်အိပ်ရာနိုးတော့ ပိတ်ခြင်ထောင်ထဲမှာ သူမ အိပ်မောကျနေခဲ့ပြီ၊
လုပ်လက်စ မော်ဒယ်လ်လေးပေါ်မှာ “ကျေးဇူးပြု၍ မနိုးပါနဲ့” တဲ့။
ရေးသားသူ။ ။ဗိသုကာ နှစ်
No comments:
Post a Comment