ဒုတိယနှစ်အပြီးမှာ ပုဂံကို ခရီးထွက်ခဲ့ရတယ်၊ ပုဂံဘုရားတွေတိုင်းတာဖို့တဲ့၊
ရန်ကုန်က ကျောင်းသားတွေနဲ့ စုပြီး တိုင်းတာ ရေးဆွဲခဲ့ရတာလေ၊ အခြေခံပညာလောက်သာ တတ်သေးတဲ့
သူမတို့က အဖွဲ့ဝင်အဖြစ် ကူညီရုံပဲ၊ (ဒုတိယနှစ်မှာကတည်းက ဆရာကြီးဖြစ်နေပြီဖြစ်တဲ့ ပုဂံသားခိုင်ဝင်းလတ်တို့က
လွဲရင်ပေါ့လေ)၊ တိုင်းတာရေးဆွဲရင်းနဲ့ ရှေးဟောင်းအဆောက်အအုံတွေရဲ့ ဗိသုကာလက်ရာနဲ့ တည်ဆောက်ခြင်းနည်းပညာကို
တဖက်တစ်လမ်းကနေ သိစေခဲ့တာပဲလို့ နောင်သောအခါမှာတော့ သဘောပေါက်ခဲ့ပါတယ်၊ အဲဒီတုန်းကတော့
အဲဒါတွေ သဘောပေါက်မယ့်အစား သူမက ပုဂံရဲ့ဆည်းဆာအလှ၊ ပုဂံရာဇ၀င်ထဲက ကျန်စစ်သား၊ မဏိစန္ဒာတို့ရဲ့
ခြေရာတွေကိုသာ လိုက်ရှာနေခဲ့တာလေ။
ဒီဇိုင်းဆိုတာကိုတောင် သိပ်သဘောမပေါက်သေးတော့ မြင်နေကျ
အဆောက်အအုံပုံစံမျိုးပဲ ဆွဲဖြစ်ခဲ့တယ်၊ ရိုးရိုးလေးမှာတောင် တည်ဆောက်ခြင်းနည်းပညာကို
မနည်းလေ့လာပြီး ဆွဲခဲ့ရတာပါ။
သူမ ကြောက်လိုက်ရတာ၊ နည်းပညာတွေကိုလည်း သိပ်မသင်ယူခဲ့ရသေးဘူး၊
ဂျူရီမှာ ပါမောက္ခချုပ်က ဆောက်လုပ်ပုံနည်းစနစ်တွေကို မသင်ရသေးဘူးဆိုပေမယ့် “သမီးဒီဇိုင်းရဲ့
ခေါင်မိုးဘယ်လို တည်ဆောက်မလဲဆိုတာ Common Sense နဲ့ပြောပါ” ဆိုတော့ ဒုက္ခရောက်လိုက်တာ၊
ကြောက်တာနဲ့တင် သူမ ဘာမှ မတွေးနိုင်တော့ဘူး၊ သူမ မဖြေတတ်ဘူး ဖြစ်နေခဲ့တယ်၊ ဂျူရီကို
လာကြည့်ကြတဲ့အထဲမှာ မြို့ပြကျောင်းသား မိုးနိုင်ဦးတို့လည်းပါတယ်၊ အနောက်ကနေ အားမရ
ဖြစ်နေခဲ့ကြတယ်၊ နောက်ဆုံးတော့ ဆရာမကြီးက ၀င်ကူပေးလို့သာ သက်သာသွားတော့တယ်၊ ဆရာကြီးက
“ဆက်မေးရင် ငိုတော့မှာ ထင်တယ်” လို့ ရယ်သွမ်းသွေးပြီး ပြန်ချော့တော့မှ အသက်ပြန်ရူဖို့သတိရတော့တယ်၊
အဲဒီခံစားချက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။
တကယ်တော့ အဆောက်အအုံတခုကို ဒီဇိုင်းလုပ်ရာမှာ တည်ဆောက်ခြင်းနည်းပညာမသိပဲ
အနုပညာတခုအနေနဲ့ စိတ်ကူးပုံဖော်ပြီး ရေးဆွဲလို့ မရမှန်း တတိယနှစ်မှာကတည်းက လက်တွေ့သိခဲ့ရတာပါပဲလေ။
ရေးသားသူ။ ။ ဗိသုကာ နှစ်
No comments:
Post a Comment