အချိုးအစား (Propotion)
အဆောက်အအုံတစ်လုံးကို နားလည်ဖို့ အချိုးအစားကိုလည်းလေ့လာရမယ်၊
အဆောက်အအုံရဲ့ အစိပ်အပိုင်းတခုနဲ့တခု ဘယ်လိုဆက်စပ်နေသလဲ၊ အစိပ်အပိုင်းတခုဟာ အဆောက်အအုံတခုလုံးနဲ့
ဘယ်လို ဆက်စပ်နေသလဲ၊ ဘယ်လိုအချိုးအစား ဆိုရင် စိတ်ကျေနပ်မှုဖြစ်စေသလဲ။
ဂရိတွေက သူတို့ဒါကို အသေအချာသိတယ်လို့ တွေးထင်ခဲ့ကြတယ်၊
သူတို့ရဲ့ ဘုရားကျောင်းတွေကို ရွှေဖြတ်ပိုင်းအချိုးအစား (The Golden Ratio) နဲ့ဆက်စပ်တဲ့
စည်းမျဉ်းနဲ့ ဒီဇိုင်းလုပ်ခဲ့တယ်ပေါ့။ တစ်ဆယ့်သုံးရာစုမှာ ဖီဘိုနန်ချီ (Fibonnaci)
ဆိုတဲ့သူက စာရွက်ပေါ်မှာ တိုင်းကြည့်တော့ ပါသီနွန် ဘုရားကျောင်းကြီးက အဲဒီ ရွှေဖြတ်ပိုင်း
အချိုးအစား စတုဂံကွက်ထဲမှာ အံကိုက်ပါပဲ။ ဂီဇာမှာ ရှိတဲ့ ပိရမစ်ကြီးကလည်း အလားတူပါပဲ။
တစ်ဆယ့်ခြောက်ရာစုနှစ်ရောက်တော့ လီယိုနာဒိုဒါဗင်ချီက တြီဩမေတြီဆိုင်ရာအချိုးအစားနဲ့
ပါတ်သက်ပြီး စာအုပ်တစ်အုပ်ရေးခဲ့တယ်၊ (၁၉၄၈) ခုနှစ်မှာ လီကော်ဗူးဆေးက သင်္ချာပညာဆိုင်ရာ
အချိုးအစားအကြောင်း ရေးပြန်တယ်၊ ခေတ်တွေအလိုက် ဗိသုကာတွေဟာ ရွှေဖြတ်ပိုင်းအချိုးအစားရဲ့
မှန်ကန်တဲ့နည်းကို ရှာဖွေခဲ့ကြတယ်၊ ဆက်ပြီးတော့လည်း ရှာဖွေနေကြသေးတယ်၊ ဒါပေမယ့် ဂရိတွေရဲ့
အဆောက်အအုံ အချိုးအစားတွေက ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့တဲ့အပေါ်မှာ အခြေခံခဲ့လို့ ယခုခေတ်မှာတော့
မသုံးတော့ပါဘူး၊ အသုံးမဝင်တော့ပါဘူး။
မကြာသေးမှီကမှ တိုးတက်မှုရှိခဲ့တဲ့ ကြိုတင်အားဖြည့်ထားတာနဲ့ဆွဲဆန့်ထားတဲ့
ကွန်ကရစ်တွေ၊ ပြီးတော့ စတီးလ်နဲ့ အလူမီနီယမ်သတ္တုတွေ တိုးတက်လာမှုတွေဟာ အရင်ကလှပခဲ့တဲ့
ကျောက်တုံးအဆောက်အအုံတွေကို ခေတ်မမှီစေတော့ဘူး။ ယနေ့ခေတ်မှာ စတွက်ချာ (Stracture) ခိုင်ခန့်ဖို့
ကျောက်တုံးတွေကို မသုံးကြတော့ဘူး၊ ကြိုတင်အားဖြည့် ကွန်ကရစ်တွေက ပိုပြီးတောင့်တင်းခိုင်မာတယ်၊
စတီးလ်စတွက်ချာတွေလဲ အတူတူပဲ။ ကျောက်တုံးတိုင်တွေ အချိုးအစားအတိုင်းပဲ ကွန်ကရစ်တိုင်တွေကိုလိုက်လုပ်မယ်ဆိုရင်တော့
ရယ်စရာဖြစ်နေလိမ့်မယ်။ အဆောက်အအုံတစ်လုံးရဲ့ ဘယ်အချိုးအစားက သင့်မျက်စိကို ဘဝင်တွေ့စေမလဲ၊
အဲဒီမေးခွန်းက သင့်ရဲ့ မသိစိတ်ထဲမှာ ရှိချင်ရှိနေမယ်။
ယခုလက်ရှိ နည်းပညာတွေက ဗိသုကာတွေနဲ့ အင်ဂျင်နီယာတွေအတွက်
အဆုံးမရှိ အကန့်အသတ်မဲ့ အဆောက်အအုံ ထုသွင် (Form) နဲ့ စိတ်လှုပ်ရှားဖွယ်ရာနေရာ
(Space) တွေရဲ့ ဖွဲ့စည်းမှု ဒီဇိုင်းတွေကို ရစေတယ်။ ကျောက်တုံးတွေရဲ့ အလှပသာဒဟာ အမှန်ပဲလှပနေတယ်၊
ဒါပေမယ့် ကျောက်တုံးအတွက်ပဲ၊ ကွန်ကရစ် အဆောက်အအုံတွေဆိုရင် ကွန်ကရစ်အဆောက်အအုံ လိုပဲဖြစ်ရမယ်၊
အဲဒါဟာကွန်ကရစ်ရဲ့ အခြေခံအလှပသာဒပဲ၊ စတီးလ်ဆိုရင်လည်းအဲဒီလိုပဲ၊ စတီးလ်ကကွန်ကရစ်လို၊
ကွန်ကရစ်က စတီးလ်လိုဆိုရင်တော့ အလှပသာဒ အချိုးအစားတွေ တူတော့မှာမဟုတ်ဘူး။ တည်ဆောက်မှုပစ္စည်းတွေရဲ့
အရည်အသွေးတွေကိုလည်း နားလည်မယ်ဆိုရင် ဗိသုကာပညာလက်ရာတွေကို ပိုပြီးနားလည်ခံစားနိုင်မယ်၊
ကိုယ့်ရဲ့အဆောက်အအုံတွေမှာ ဘယ်လို ပစ္စည်းမျိုးသုံးသင့်သလဲ ဆိုတာကိုလည်း ရွေးချယ်နိုင်ပါမယ်။
စကေးလ် (Scale)
စကေးလ်ဆိုတာရဲ့ အဓိပ္ပါယ်ကို အတိအကျ ဖွင့်ဖို့ခက်ခဲပါတယ်၊
ဗိသုကာတွေရဲ့လောကမှာ သုံးနေကြတဲ့ စကေးလ် အခေါ်အဝေါ်တွေ အများကြီးပါပဲ၊ လူ့အချိုးအစားစကေးလ်
(Human scale) လူနှင့်ကင်းလွတ်ရာစကေးလ် (inhuman scale)၊ ထိစပ်တဲ့စကေးလ် (intimate
scale)၊ ပသာဒစကေးလ် (Aesthetic scale)၊ သေးငယ်သောစကေးလ် (small scale)၊ ကြီးမားသောစကေးလ်
(large scale)၊ ခမ်းနားသောစကေးလ် (Grand scale)၊ ကြီးကျယ်ခံ့ညားသောစကေးလ် (Super
scale)၊ စတွက်ချာစကေးလ် (Structure scale)၊ လမ်းသွားလမ်းလာစကေးလ် (Pedestrian
scale)၊ နေအိမ်ဆိုင်ရာစကေးလ်(Residential scale)၊ မြို့ပြစကေးလ် (Urban scale)၊ လှပခံ့ညားသောစကေးလ်
(Elegant scale)၊ ပြီးတော့ စကေးလ်လွန် (Out-of scale) ။ အားလုံးဟာ အရာဝတ္ထုတွေအားလုံးဆိုင်ရာ
အရွယ်အစား ဆက်စပ်မှုတွေပါပဲ။ အများကြီးကိုတော့ လိုက်မှတ်ထားပြီး သိစရာမလိုပါဘူး၊
နောက်တမျိုးကတော့ ဆက်စပ်တွေးတောခြင်းအားဖြင့် သိရမယ့်စကေးလ်မျိုး၊
တိုင်းတာဖို့ခက်ခဲမယ်၊ ပေတံနဲ့ တိုင်းလို့မရနိုင်ဘူး၊ သင့်မျက်စိနဲ့ မှတ်ဥာဏ်က အလိုလိုတိုင်းပြီးသိနိုင်မယ့်
အရာမျိုးတွေ၊ ဥပမာ ကြီးကျယ်ခမ်းနားလှတဲ့ အဆောက်အအုံတစ်လုံးကို သင်ရောက်ဖူးခဲ့တယ်ဆိုပါစို့၊
အဲဒီလိုအဆောက်အအုံကို အရွယ်အစားမတူ၊ အချိုးအစားမတူပဲ တည်ဆောက်ထားတာကို သင်ထပ်ရောက်သွားတယ်ဆိုရင်
သင့်စိတ်က ဒါဟာ အရင်အဆောက်အအုံမဟုတ်ဘူး၊ ပုံစံတူအသေးစားပဲဆိုတာသိတယ်။ အဲဒီလိုစကေးလ်မျိုးကို
ဆက်စပ်တွေးတောစကေးလ် (Associative scale) လို့ခေါ်နိုင်တယ်။
အဆောက်အအုံတစ်လုံးဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း လုံလုံလောက်လောက်ကျယ်ဝန်းတယ်၊
အရွယ်အစားအားဖြင့်လည်း မှန်ကန်တယ်လို့ဆိုရင် စိတ်ပိုင်းဆိုင်ရာအားဖြင့်ရော လက်ခံနိုင်ရဲ့လား၊
ဘယ်လောက်ကြီး ဘယ်လောက်ငယ်တယ်လို့ စိတ်ထဲမှာ ခံစားရသလဲ၊ ဒါကရှိသေးတယ်။ ဥပမာအားဖြင့်
အဖွင့်တွေမရှိတဲ့ နေရာတခုထဲမှာဆိုရင် ကျဉ်းတယ်လို့ခံစားရမယ်၊ အဖွင့်တစ်ဖက်တည်းပဲ အရွယ်အစားတူနေရာတခုထဲမှာဆိုရင်
ပိုပြီးကျယ်တယ်လို့ခံစားရမယ်။ အဲဒီလိုတကယ်ခံစားရမယ်၊ စိတ်ပိုင်းအားဖြင့် အမြင်အားဖြင့်
အဲဒီနေရာအမှန်တကယ်ကျယ်ဝန်းနေမယ်၊ ပြင်ပကနေရာဟာ အတွင်းနေရာရဲ့ အစိပ်အပိုင်းတစ်ခုဖြစ်သွားလို့ပါပဲ။
ယုံကြည်အောင် လှည့်စားနိုင်တဲ့စကေးလ်မျိုးကို ကျိုးကြောင်းပြစကေးလ်
(Effectual scale) လို့ခေါ်နိုင်တယ်။ အဲဒီလိုစကေးလ်မျိုးကို ဗိသုကာတွေက နေအိမ် အသေးလေး
တွေမှာ ထိရောက်စွာအသုံးချကြတယ်၊ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းတွေကိုကာထားတဲ့
နံရံတွေကို မထည့်ပဲ အခန်းတွေ အဖြစ်မဖွဲ့တော့ပဲ နေရာတွေကို ရောယှက်ဖွဲ့စည်းလိုက်တဲ့
သဘောမျိုးပဲ၊ သီးသန့်စီ အခန်းဖွဲ့လိုက်ရင် အခန်းကျဉ်းတွေ အဖြစ်ပဲရတော့မယ်။
ထုသွင်နဲ့နေရာတွေဟာ လူတစ်ယောက်အတွက်၊ ဒါမှမဟုတ် လူအုပ်အများစုအတွက်တောင်
အရမ်းကို ကြီးမားနေမယ် ဆိုရင်တော့ ဒီလိုစကေးလ်မျိုး ခံစားလို့ရတော့မှာမဟုတ်ဘူး၊ မျက်နှာကျက်တွေကလည်း
အလွန်ပဲ မြင့်မားနေမယ်၊ အခန်းဆိုတာလည်းနေထိုင်လို့ သက်တောင့်သက်သာမှု မရှိတော့လောက်အောင်
ကြီးမားသွားမယ်ဆိုရင်တော့ စကေးလ်ဆိုတာကို မသိနိုင်တော့ဘူး။ လူ့အချိုးအစားစကေးလ် လွတ်သွားတယ်လို့
ဆိုနိုင်တယ်။ ဒီလို ကျိုးကြောင်းပြစကေးလ်မျိုးဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စကေးလ်ကို
လက်ခံ ခံယူတဲ့အပေါ်မှာလည်းမူတည်တယ်။ စိတ်ပိုင်းဆိုင်ရာနဲ့လည်း သက်ဆိုင်ပါတယ်။
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်
Architecture and You, How to experience and Enjoy
Buildings
by
William Wayne Caudill FAIA
William Merriweather Pena FAIA
Paul Kennon AIA စာအုပ်ကို ဆီလျော်သလို ဘာသာပြန်ပါသည်။
No comments:
Post a Comment