Thursday 29 March 2012

The Black House







အာဂျင်တီးနား ဗိသုကာ Andres Remy Arquitectos က ဒီဇိုင်းပြုလုပ်တဲ့ အိမ်ဖြစ်ပါတယ်၊
အာဂျင်တီးနားမှာ တည်ရှိတယ်၊ (၂၀)မီတာအကျယ်၊ (၅၀) မီတာအလျားရှိတဲ့ အိမ်လေးဟာ ကလေးငယ်တွေ မရှိသေးတဲ့ ဇနီးမောင်နှံနှစ်ဦးနေထိုင်ဖို့ အိမ်လေးဖြစ်ပါတယ်၊
အိမ်ကို ဒီဇိုင်းစပြီး စဉ်းစားခဲ့စဉ်ကပဲ လူအများအသုံးပြုနိုင်တဲ့နေရာ၊ ကိုယ်ပိုင်သီးသန့်နေရာ စသည်ဖြင့် ခွဲထားတယ်၊
မီးဖိုခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အိပ်ခန်းစသဖြင့် အခန်းနေရာ (Space) တွေကို ရေကန် (Reflecting Pool) တွေနဲ့ ဒီဇိုင်းပြုလုပ် ဖွဲ့စည်းထားပေးတာဟာ ဒီအိမ်ရဲ့ အနှစ်သာရပါ၊
အိမ်ရဲ့ အတွင်းခန်းကနေ သဘာဝ ရေကန်ကြီးဆီကို မြင်ကွင်းတွေရဖို့လည်း ပေးထားတယ်၊





တဖန် သဘာဝမှာ ရှိပြီးသားရေကန်ကြီး (Lake) ကို မြင်နိုင်ရုံမျှမက အိမ်ရဲ့ ပရ၀ုဏ်ထဲထိ ရေကန်ငယ်လေးကို ထည့်သွင်းထားပြန်တယ်၊
တဖန်အဲဒီ ရေကန်ငယ်လေးတွေနဲ့ပဲ အခန်းနေရာတွေကို ခွဲခြားပြီး ဆက်စပ်ပေးထားတယ်၊
မီးဖိုခန်း၊ ထမင်းစားခန်းက တဖက်၊ ဧည့်ခန်းက တဖက် အလယ်မှာ ရေကန်ငယ်လေးက ပိုင်းခြားထားတယ်၊ ရေကန်လေးပေါ်ကနေ မှန်ချပ်ကြမ်းပြင်ခင်းထားပြီး တံတားသဖွယ် အခန်းတွေကို ဆက်သွယ်ထားတယ်၊ ကိုယ်လျှောက်သွားရာအောက်ခြေမှာ ရေတွေက စီးနေတာမျိုး ဖြစ်စေတယ်၊

(၁၀) မီတာအကျယ်၊ (၅) မီတာအလျား ရှိတဲ့ ဧည့်ခန်းက အပြင်ဖက် ရေကန်ကို မျက်နှာပြုထားတယ်၊ မှန်ချပ်ကာ ပြတင်းနံရံကြီးက ပြင်ပ မြင်ကွင်းကို အနားသပ်ဘောင်ခတ်ထားတယ်၊

အဲဒီရေကန်တိမ်တိမ်လေးတွေဟာ အိမ်တွင်းထဲကို သွယ်ဝိုက်အလင်းပြန်စေဖို့လည်း ဖြစ်တယ်၊

အပေါ်ထပ်မှာလည်း အခန်းကို ခွဲပြီးဖွဲ့စည်းထားတယ်၊ အိပ်ခန်းကြီး၊ ကလေးများအိပ်ခန်း၊ ၀ရံတာ စသည်ဖြင့်၊ အနာဂါတ်ကလေးများအတွက်အခန်းကလည်း ရေကန်ကြီးဆီကို မျက်နှာပြုထားတယ်၊

တဖက်မှာ အိပ်ခန်းကြီး၊ ရေကန်ကြီးဆီကို မြင်ကွင်း အကောင်းဆုံးရနိုင်တဲ့နေရာ၊ အောက်ထပ်က အခန်းတွေကို စီးမိုးထားပြီး လေပေါ်မှာ ၀ဲနေတဲ့ အစွန်းရှည် ထုတ်ထားတယ်၊

အနက်ရောင် အိမ်ကြီးလို့ ခေါ်တွင်ရလောက်စေတဲ့ အကြောင်းရင်းနဲ့ အိမ်ရဲ့အပြင်ဖက်က အနက်ရောင် ဖြစ်နေပေမယ့် အတွင်းဖက်မှာတော့ အဖြူရောင်၊ တက်ကြွစေမယ့် အရောင်တချို့ကိုလည်း သုံးထားတယ်၊ ဥပမာ လှေကားနေရာမျိုး။

 
ကိုးကား။

ရေးသားသူ။ ။ ဗိသုကာ နှစ်

No comments:

Post a Comment