ဗိသုကာပညာဆိုတာက လူတွေခိုလှုံဖို့ သို့မဟုတ် အသုံးချဖို့
အဆောက်အအုံတွေ၊ physical structure (ဥပမာ မျှော်စင်လိုမျိုး) တွေကို ဒီဇိုင်းပြုလုပ်ပေးပြီး
တည်ဆောက်ပေးတဲ့ အနုပညာနဲ့ နည်းပညာပေါင်းစပ်ထားတဲ့ ပညာပါ။
အကျယ်ချဲ့ရမယ်ဆိုရင် အဆောက်အအုံနဲ့သူ့ရဲ့
ဝန်းကျင်တခုလုံးပါဝင်ပါတယ်၊ အဆောက်အအုံတခုရဲ့ အသေးစိပ် (ပရိဘောဂတွေကအစ) ကနေ အဆောက်အအုံတခုရဲ့
သူ့ပတ်ဝန်းကျင်နဲ့ ဆက်စပ်မူအထိ စဉ်းစားတွေးတောရပါတယ်၊ ချုံပြောရမယ်ဆိုရင် ဗိသုကာပညာဟာ
လူတွေအတွက် နေထိုင်အသုံးပြုဖို့ ဒီဇိုင်းပြုလုပ်ပေးတဲ့ ပညာပဲ ဖြစ်ပါတယ်။
ဗိသုကာပညာကို အကောင်အထည်ဖော်ပေးတာကတော့
ဗိသုကာတွေပါပဲ။
ဗိသုကာလက်ရာတွေကို ယဉ်ကျေးမူ၊
နိုင်ငံ့သင်္ကေတ၊ အနုပညာလက်ရာလို့ မြင်တတ်ကြပါတယ်၊ ဗိသုကာလက်ရာတွေကို ကြည့်ခြင်းအားဖြင့်လည်း
ရှေးက မြို့ပြတွေ ထွန်းကားခဲ့ပုံကို သိခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ အီဂျစ်မှာ
ရှိတဲ့ပိရမစ်နဲ့ ရိုမန်မှာရှိတဲ့ ကိုလိုဆီယမ် (Colosseum) လို အဆောက်အအုံတွေဟာ ယဉ်ကျေးမူသင်္ကေတကို
ပြနေတယ်၊ အဲဒီအဆောက်အအုံတွေကြောင့် ရှေးက ထွန်းကားခဲ့ပုံတွေကို ပြန်လည်တွေ့ရှိတာကြောင့်ပါ။
မြို့တွေ၊ ပြည်တွေ၊ နိုင်ငံတွေနဲ့ ယဉ်ကျေးမူအဆင့်အတန်းတွေကို ဗိသုကာလက်ရာတွေကနေတဆင့်
ဆက်လက် သိမြင်နိုင်အုံးမှာပဲဖြစ်ပါတယ်။
ဗိသုကာလက်ရာတွေဟာ အမြင်ဆိုင်ရာ
သက်သက်အတွက်သာမဟုတ်ပါ၊ ဗိသုကာပညာကို လူ့စိတ်အာရုံနဲ့လည်း ခံစားသိမြင်နိုင်စေပါသေးတယ်၊
ဗိသုကာလက်ရာတွေကို အကြား၊ အမြင်၊ အရသာ၊ အထိအတွေ့အာရုံများအရလည်း သိမြင်နိုင်ပါတယ်၊
ဗိသုကာတွေ ပုံဖော်ထားတဲ့ တစ်နည်း ဒီဇိုင်းလုပ်ထားတဲ့ space တွေ အရ ဗိသုကာလက်ရာဆိုတာတွေကို
အကဲဖြတ်နိုင်ပါသေးတယ်။
ဗိသုကာ
ဗိသုကာတွေက လူတို့ အသုံးပြုဖို့
အဆောက်အအုံတွေကို စီမံပေးရတယ်၊ ဒီဇိုင်းပြုလုပ် တည်ဆောက်ပေးရတယ်၊ ဗိသုကာတွေက အဆောက်အအုံ
တည်ဆောက်ရေးပစ္စည်းတွေနဲ့ ဗိသုကာပညာ ဝေါဟာရတွေဖြစ်တဲ့ ထုသွင်၊ နေရာ၊ အလင်းရောင်၊ စသည်တို့နဲ့
ဖန်တီးပေးရတယ်၊ အဆောက်အအုံ ကုန်ကျမယ့်စရိတ်၊ တည်ဆောက်ရေးနည်းပညာတို့ကို တွက်ချက်ရတယ်၊
ကန့်သတ်ပေးရတယ်။
ဗိသုကာတွေရဲ့အလုပ်က ပုံတွေဆွဲပေးရတယ်၊
တည်ဆောက်ဖို့ လိုအပ်တဲ့ အခြားအရာတွေ (ဥပမာ specification) ကိုလည်း ပေးရပါတယ်။ ဗိသုကာတွေ
ဖန်တီးပေးတဲ့ အဆောက်အအုံဟာ အသုံးတည့်ရမယ်၊ အနုပညာလည်း မြှောက်ရပါမယ်။
ဗိသုကာပညာသီအိုရီ
တစ်ရာစုနှစ်လောက်ကတည်းက ရိုမန်ဗိသုကာ
Vitruvius က ကောင်းမွန်တဲ့ အဆောက်အအုံဟာ ခိုင်ခံ့ရမယ်၊ အသုံးတည့်ရမယ် ပြီးတော့ လှပရမယ်လို့ဆိုခဲ့တယ်။
Leone Battista Alberti ဆိုသူက
Vitruvius ရဲ့ အဆောက်အအုံဟာ လှပရမယ်ဆိုတာကို ပိုအသေးစိပ်ခဲ့တယ်၊ အချိုးအစားကျနဖို့၊
အသေးအစိပ်အပြောက်အမွှမ်းတွေကို ထည့်သွင်းခဲ့တယ်၊ ဥပမာ ပါသီနွမ်ကျောင်းတော်ရဲ့အချိုးအစားရယ်၊
တိုင်တွေမှာ ထည့်ထားတဲ့ အပြောက်အမွှမ်း အသေးစိပ်တွေလိုပေါ့။
အဲဒီခေတ်က အဆောက်အအုံတွေမှာ အလှအပဆိုတဲ့အရာဟာ
တစုံတရာအသုံးတည့်ဖို့မဟုတ်ပဲ အမြင်ဆိုင်ရာ အစိပ်အပိုင်းသက်သက်ဖြစ်ဖို့ရာကို ပိုပြီး
ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ဆယ့်ခြောက်ရာစုတိုင်အောင် ဗိသုကာလက်ရာတွေဟာ
မတိုးတက်ခဲ့ဘူး။
တစ်ဆယ့်ကိုးရာစုနှစ်မှာ ဂျွန်ရပ်စကင်
(John Ruskin) ဆိုတဲ့ အနုပညာဝေဖန်ရေးဆရာက Seven Lamps of Architecture, 1849 စာအုပ်ကို
ထုတ်ဝေခဲ့တယ်။ သူပြောတာက ဗိသုကာလက်ရာတွေဟာ လူတွေဆောက်တဲ့ အဆောက်အအုံတွေကို မွှမ်းမံခြယ်သတာနဲ့ပဲ
ပြီးခဲ့တယ်၊ လူတွေက သူတို့ရဲ့ အာဏာစွမ်းအား၊ ပျော်ရွှင်စေဖို့ ဖြေဖျော်တဲ့ စိတ်သက်သက်နဲ့
အဆောက်အအုံတွေကို အမြင်လှအောင်လုပ်ခဲ့တယ်ပေါ့။
ဂျွန်ရပ်စကင်က သူ့အတွက်ဆိုရင်တော့
“အဆောက်အအုံကို ချယ်မူန်းမွှမ်းမံတာဟာ ဗိသုကာလက်ရာမမြှောက်ပါဘူး၊ ဗိသုကာလက်ရာ အဆောက်အအုံဟာ
ကောင်းမွန်စွာ တည်ဆောက်ထားတာတဲ့၊ အချိုးအစားကျနတဲ့၊ အသုံးကျတဲ့ အဆောက်အုံမျိုးအနည်းဆုံးတော့
ဖြစ်ရမယ်” လို့ ဆိုခဲ့တယ်။
ဗိသုကာလက်ရာနဲ့ အဆောက်အအုံဆိုတာကို
ကွဲပြားစေဖို့ နှစ်ဆယ်ရာစုမှာ ထင်ရှားတဲ့ ဗိသုကာဖြစ်တဲ့ လီကော်ဗူးဆေးက ရေးခဲ့ပါတယ်၊
“ကျောက်တုံး၊ သစ်သားနဲ့ ကွန်ကရစ်တွေကို အသုံးပြုပြီး အိမ် သို့မဟုတ် နန်းတော်ကို တည်ဆောက်တယ်ဆိုပါတော့၊
အဲဒါဟာ အဆောက်အအုံပဲ၊ ဖန်တီးမူတွေပါနိုင်တယ်၊ ဒါပေမယ့် အဲဒီအဆောက်အအုံဟာ ကျွန်တော့ရဲ့နှလုံးဘ၀င်ကို
ထိစေမယ်၊ ကျွန်တော်ကလည်း နေထိုင်အသုံးပြုရတာ ပျော်ရွှင်တယ် တစ်နည်း သက်တောင့်သက်သာဖြစ်စေမယ်၊
အမြင်ဆိုင်ရာအားဖြင့်လည်း လှတယ်လို့ဆိုမယ်၊ အဲဒါဟာ ဗိသုကာလက်ရာပါပဲ။”
ရေးသားသူ။ ။ ဗိသုကာ နှစ်
No comments:
Post a Comment