Tuesday 10 April 2012

Villa Mariea

မယ်ရစ်ယာစံအိမ် (၁၉၃၈-၃၉) Villa Mariea



နေထိုင်စရာအိမ်တစ်လုံးကို ဒီဇိုင်းဆွဲတဲ့အခါ လူတို့အတွက်ဖြစ်တဲ့ နေဖို့ စားဖို့၊အိပ်ဖို့ စတဲ့ အခြေခံလိုအပ်ချက်ကို နေချင်စဖွယ်ကောင်းအောင် ပုံစံရေးဆွဲပေးရခြင်းအပြင် သူရရှိနိုင်မယ့် နေရာပမာဏ၊ တည်ရှိရာနေရာအကျယ်အဝန်း၊ ပြီးတော့ နေထိုင်တဲ့သူတွေရဲ့နေထိုင်အသုံးပြုပုံကို လိုက်လို့ ဗိသုကာတို့ရဲ့ ဒီဇိုင်းဖန်တီးချက်တွေဟာ မတူကြတော့ဘူး။

ဒ‘ါ့အပြင် ဗိသုကာတစဦးချင်းစီရဲ့ ဗိသုကာပညာအသုံးချမှုအပေါ်မူတည်ပြီး အိမ်ရဲ့ဒီဇိုင်းပေါ်ထွက်လာရတယ်။ နေထိုင်သူတွေ အတွက် စိတ်ကျေနပ်မှု ရရှိရုံမျှနဲ့တင်လည်း ဒီဇိုင်းအောင်မြင်တယ်လို့မဆိုနိုင်သေးဘူး။

 အဆောက်အဦး ပေါ်ထွက်လာမယ့် သူ့ရဲ့ပါတ်ဝန်းကျင်အပေါ် လွှမ်းမှိုးနိုင်မှုနဲ့ လူအများကြည့်ရှုလို့ နှစ်သက်ခံရမှုပေါ်မှာလည်း မူတည်သေးတယ်။ ဒ‘ါကြောင့်တစ်ချို့သော ဗိသုကာတွေရဲ့ အကောင်းဆုံးလက်ရာ (masterpiece) ရယ်လို့ ထင်ပေါ်လာရခြင်းပေပဲ။ ကမ္ဘာကျော်တဲ့ တိုင်အောင် နာမည်ကြီးခဲ့တဲ့ အိမ်တွေအများကြီးရှိပါတယ်။ နှစ်ဆယ်ရာစုခေတ် ဗိသုကာကြီးတွေဖြစ်တဲ့ ဖရန့်လွိုက်ရိုက်ရဲ့ ရေတံခွန်ပေါ်ကအိမ် (ဖောလင်းဝါးတာ)း၊ မီးစ်ဗင်ဒါရိုးရဲ့ ဖရန့်ဝေါ့ဟောက်စ်၊ ဖီးလစ်ဂျွန်ဆင်ရဲ့မှန်အိမ်၊ ပြီးတော့ဂဲရစ် ရစ်ဗက်ရဲ့ သျှရိုဒါဟောက်စ် စသည်စသည်ဖြင့်ပေါ.။
ဖင်လန်နိုင်ငံသားဗိသုကာ အယ်လ်ဗာအားလ်တိုးရဲ့ အကောင်းဆုံးလက်ရာလို့ ကျော်ကြားတဲ့ မယ်ရစ်ယာစံအိမ် (villa Mariea) ကလည်း နေထိုင်ဖို့ သက်သက်ဖန်တီးခဲ့တာပါပဲ။ ဒ‘ါပေမယ့် သူ့ရဲ့ အိမ်ပါတ်ဝန်းကျင်မှာရှိတဲ့ တန်ဖိုးရှိလှတဲ့ အရာတွေကို အသုံးချထားတာတွေ၊ ဗိသုကာပညာမှာ ပါဝင်ရမယ့်အစိပ်အပိုင်းတွေကို အသုံးချထားတာတွေဟာ ဒ‘ီအိမ်မှာနေထိုင်မယ့် သူတွေအတွက်အသေးစိပ် စဉ်းစားပေးထားတာတွေက ပေါ်လွင်လှပါတယ်။

အားလ်တိုးဟာ မယ်ရစ်ယာစံအိမ်ကို ဒီဇိုင်းပြုလုပ်တဲ့အချိန်က ဖင်လန်ဒေသမှာ ရှိတဲ့ ရိုးရာအဆောက်အဦး ပုံသဏ္ဍာန်တွေကို ခေတ်သစ်ဟန်တွေနဲ့ ပေါင်းစပ်ပြီးဖန်တီးခဲ့တယ်။ ဂျပန်တွေရဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေ၊ ပြင်သစ်ရဲ့ကျက်သရေရှိစွာ လှပတဲ့ဟန်တွေကိုလည်း အထူးပြုယူပြီးဒီဇိုင်းပြုလုပ်ပြန်တယ်။ အားတိုးလ်ဟာ အသစ်အသစ်သောဒီဇိုင်းတွေကို အမြဲဖန်တီးလေ့ရှိတယ်။



မယ်ရစ်ယာစံအိမ်သို့ချဉ်းကပ်လမ်း မယ်ရစ်ယာစံအိမ်ကြီးကို ချဉ်းကပ်လိုက်တယ်ဆိုရင်ပဲ ဖြတ်ကနဲတွေ့ရမှာကတော့ အပင်တွေကြားမှာ ပေါ့ပေါ့ပါးပါးဟန်ရှိတဲ့ ခေတ်သစ်မော်ဒန် အဆောက်အဦး ဆိုတဲ့ အမြင်ကိုပေးလိမ့်မယ်။ ဒါပေမယ့် အနီးကပ်ကြည့်မယ်ဆိုရင်တော့ များပြားလှတဲ့ အသေးစိပ်လက်ရာတွေအပြင် ထူးထူးခြားခြားပြုလုပ်ထားတာတွေကို တွေ့ရအုံးမယ်။ ဝင်ပေါက်ရဲ့အမိုးကို စီစီရီရီ သိပ်သိပ်သည်းသည်းချထားတဲ့သစ်ပင်ရဲ့ ပင်စည်တွေနဲ့ ထောက်မထားတယ်။ အိမ်ရဲ့အတွင်းထဲကို အနည်းငယ်ပဲဝင်လိုက်ပြီး ဖြတ်ကနဲကြည့်လိုက်မယ်ဆိုရင်တော့ အပေါ်ထပ်ကို တက်မယ့်လှေကားဆီကို ဦးတည်နေမယ့် ဗိသုကာကဖန်တီးပေးထားတဲ့ တောအုပ်တစ်ခုကို ချက်ချင်းတွေ့ရမယ်။
 

မယ်ရစ်ယာစံအိမ်သို့အဝင်


အတွင်းလှေကား

ပြီးတော့ သူ့ရဲ့အနောက်မှာ ခမ်းနားလှပပြီး ကျယ်ဝန်းတဲ့ မြင်ကွင်းကို ရစေမယ့် အဖွင့်ကျယ်ကြီးဟာ ဥယျာဉ်ဆီကိုပေးလိမ့်မယ်။ ဥယျာဉ်ဟာ ဖင်လန်ဒေသရဲ့ ကန်နံဘေးမှာ တွေ့ရလေ့ရှိတဲ့ ရှုခင်းတွေရဲ့ပုံစံအသေးစားတွေနဲ့ဖန်တီးထားတယ်။

ကျောက်တုံးနံရံတွေနဲ့ အပူငွေ့ခန်းတစ်ခုကို ကန်အနီးမှာ ဖြည့်စွက်ဒီဇိုင်းလုပ်ထားပြန်သေးတယ်။ ပိုပြီးတော့ ပြည့်စုံသွားအောင် တောင်ပူစာအသေးလေးတစ်ခုနဲ့ဖြည့်လို့ပေါ့။ ဥယျာဉ်လေးဟာ အချိန်ဖြုန်းရုံမျှအတွက်ပဲမဟုတ်ပဲ ပျော်ရွှင်ကျေနပ်ဖွယ်ရာ ကောင်းစေတယ်။ အယ်လ် ပုံသဏ္ဍာန်ရှိတဲ့ အဆောက်အဦးဟာ courtyard တစ် ခုကိုသတ်မှတ်ဖွဲ့စည်းထားသလို ဖြစ်နေစေတယ်။ သစ်အသားနဲ့ ဆောက်ထားတဲ့ ရေပူငွေ့ခန်းရယ်၊ သစ်သားတိုင် ခြံစည်းရိုးလေးတွေရယ်ကြောင့်လည်း courtyardလေးကနေချင်စရာပိုဖြစ်ပြီး ရိုးရာအိမ်တွေမှာနေရတဲ့ ခံစားမှုကိုပေးစေတယ်။

 ဒီနေရာမှာ ထူးခြားတာတစ်ခုကတော့ နဂိုကရင်းနှီးပြီးဖြစ်တဲ့ ရိုးရာဟန် ခြံစည်းရိုးဟာ မြေကြီးပေါ်မှာ မဟုတ်ပဲ လေပေါ်မှာဖန်တီးထားခြင်းပဲ။ ထမင်းစားခန်းကနေ အပေါ်က ခေါင်မိုးကပြင်ထိအောင် ထောက်မထားတဲ့ တိုင်လေးတွေပေါ့။ အလျားလိုက်သစ်သားတွေကိုလည်း ရိုးရာအတိုင်းမဟုတ်ပဲ တစ်ခုနှင့်တစ်ချုအခေု လုပ်ထားတဲ့အတွက် float ဖြစ်နေတဲ့အလားပဲ။ တကယ်တော့ အဲဒါတွေကို အဖြူရောင်စတီးချောင်းလေးတွေနဲ့ မမြင်နိုင်အောင်ထောက်မထားတယ်။

အယ်လ် ပုံသဏ္ဍာန်မယ်ရစ်ယာစံအိမ်

ရေပူငွေ့ခန်းကိုလည်း ရင်းနှီးပြီးသားဖြစ်တဲ့ မြက်နဲ့ထင်းရှုးပင်အခေါက်ရောပြီးအမိုးမိုးထားတယ်။ အမိုးစောင်းမဟုတ်ပဲ အမိုးပြားဖြစ်အောင်မိုးထားတယ်။ စီစီရီရီထပ်ထားတဲ့ သစ်လုံးတွေဟာ သစ်သားဘုတ်ပြားအမြင်ကိုပေးတဲ့အတွက် ဂျပန်ဟန်အမြင်ကို ရစေတယ်။ တံခါးအောက်ပိုင်းမှာ ယက်လုပ်ထားတာတွေဟာ တကယ့်ဂျပန်ဟန်ပါပဲ။ အားလ်တိုးဟာ ဂျပန်ဗိသုကာလက်ရာတွေကို မက်မက်မောမော လက်ခံသူတစ်ယောက်ဖြစ်လို့လည်း ဂျပန်တို့ရဲ့ရိုးရှင်းတဲ့ တစ်ဆယ့်တစ်ခုနှစ်ရာစုလောက်က အီဒိုတီးဟောက်စ်တွေကို ရင်းရင်းနှီးနှီးသက်ဝင်စေခဲ့တယ်လေ။


ရိုးရာနဲ့မော်ဒန် ပေါင်းစပ်ထားတဲ့ ကြမ်းပြင် (terrace) ထမင်းစားခန်းကနေ ဆွဲဆန့်လာတဲ့ ကြမ်းပြင် (terrace) ဟာ အားလ်တိုးရဲ့ ရိုးရာနဲ့မော်ဒန် ပေါင်းစပ်ထားတဲ့ ဟန်တွေထဲကတစ်ခုဖြစ်တယ်။

အရှိအတိုင်းထားတဲ့ အဆောက်အဦး အကြမ်းထည်တွေဟာ အရင်ကတည်းကဟန်ကို အတုယူထားတာပဲဖြစ်တယ်။ စံအိမ်ရဲ့နေရာ အတော်တော်များများမှာ ရင်းနှီးပြီးသားမဟုတ်တဲ့ ဟန်တွေကို ဒီဇိုင်းလုပ်ထားတယ်။ သစ်တောအုပ်ကနေချဉ်းကပ်လာတယ်ဆိုရင်ပဲ အဖြူရောင်ထုထည်ကြီးတစ်ခုကို ဟန်ချက်ညီညီချထားလေတော့ တစ်ခဏတော့ စိတ်မှာတစ်မျိုးဖြစ်သွားစေလိမ့်မယ်။

 ဒါပေမယ့်လည်း ကျွန်းသစ်နဲ့ကျောက်တုံးကာထားတဲ့ ဧည့်ခန်းရယ်၊ အဝင်ဝကိုသစ်သားတိုင်နဲ့ ထူးခြားအောင်ဖွဲ့စည်းပေးထားတော့ သင်ချဉ်းကပ်လာတာနဲ့ သင့်အာရုံကိုဖမ်းစားသွားမှာပဲ။ အနီးကပ်ကြည့်ရင် ချောမွေ့တဲ့ အဖြူရောင်လိုမြင်ရမယ့် အုတ်နံရံကိုတွေ့မြင်ရမယ်။

  အားလ်တိုးဟာ စံအိမ်ကို အဖြူရောင် အတုံးကြီးဆိုတဲ့ အမြင်ကိုမဖြစ်ရလေအောင် နွယ်ပင်တွေတွယ်တက်ဖို့ တိုင်လေးတွေနဲ့ ဖွဲ့စည်းဒီဇိုင်းပြုလုပ်ပေးလိုက်တယ်၊ များသောအားဖြင့် မီးဖိုခန်းတောင့်က နံရံတွေမှာပေါ့။ အလားတူပဲ ထမင်းစားခန်းတောင့်နံရံတွေမှာ အပြာရောင်ကြွေပြားတွေတပ်ဆင်ထားတယ်။ ဒါကြောင့်မို့ မယ်ရစ်ယာစံအိမ်ကြီးဟာ အမျိုးသားဟန်၊ နိုင်ငံတကာဟန်၊ ခေတ်ပေါ်နဲကခေတ်ဟောင်း၊ မြင်နေကျနဲ့အသစ်အဆန်း တွေကို မိုးမတူပဲ အမျိုးမျိုးပေါင်းစပ်ပြထားတယ်လို့ ဝေဖန်ခံရတယ်လေ။

  စံအိမ်ရဲ့ပင်မဝင်ပေါက်ကို ရောက်ဖို့ canopy အောက်က ကျောက်တုံးအထစ်လေးတွေကနေ ဖြတ်လာခဲ့ရတယ်၊ ဒါဟာလည်းဂျပန်ဟန်တစ်ခုပဲမဟုတ်လား။ ကြီးမားတဲ့အဖွင့်ကျယ်နဲ့ဧည့်ခန်းဟာ အရင်က ခြံနဲ့ဝင်းနဲ့အိမ်ပုံစံမျိုးကို အခုမော်ဒန် ရဲ့လွတ်လပ်တဲ့ ပန္နက်ပုံစံကို ရောမွေထားခြင်းပါပဲ။

အားလ်တိုးဟာ မော်ဒန်အဆောက်အဦးရဲ့ မူတစ်ခုဖြစ်တဲ့ (grid structure) ကိုလက်ခံပြီးတော့ စံအိမ်ကို တည်ဆောက်တယ်၊ ဒါပေမယ့်လည်း သူ့ရဲ့ကနဦးအိုင်ဒီယာဖြစ်တဲ့ သစ်တောဟန်အလင်္ကာကိုပေးမယ့် အတွင်းခန်း ဖွဲ့စည်းမှုကိုတော့ အရဖန်တီးထားတယ်။ သူဟာ အိမ်ကို (structure) ဆိုတဲ့ခံစားမှု မျိုးကို မပေးချင်တာနဲ့ပဲ ပထမဦးဆုံး တိုင်တစ်လုံး သို့မဟုတ် နှစ်လုံးတွေကို ကြိမ်နွယ်တွေနဲ့ရစ်ပတ်ထုပ်တယ်၊ ပြီးတော့အမြင့်တွေမတူအောင် ပြုလုပ်ထားတယ်။ ဒါ့အပြင် ကြီးမားတဲ့ တောင့်ပြတင်းအနားတွေမှာ ထင်းရှုးခေါက်အမြောင်းတွေနဲ့ကာရံတယ်။

 ပြီးတော့ လှေကားနဲ့အဝင်နေရာတွေမှာ သစ်သားတိုင်အုပ်စုတွေကို လွတ်လပ်စွာချထားတယ်။ စံအိမ်ကြီးကို သစ်တောတွေနဲ့ရောယှက်သွားအောင် လုပ်ထားတာတစ်ခုကတော့ စတူဒီယိုမှာပဲ။ စတူဒီယိုကို သစ်ပင်စည်နှစ်ခွနဲ့ထောက်မထားတယ်၊ သစ်ပင်အခေါက်ပုံမျိုးဖြစ်အောင် ငွေရောင်ပင်စည်လုပ်ထားသေးတယ်။ မယ်ရစ်ယာစံအိမ်ကြီးကို အတွင်းကပဲ ကြည့်ကြည့် အပြင်ကပဲကြည့်ကြည့် ဗိသုကာက ဖန်တီးထားတဲ့ အစိပ်အပိုင်းအားလုံးဟာ အနုပညာမြောက်စွာ ဖန်တီးထားတာတွေ့ရမယ်။ အပြင်ဘက်က terrace ကိုဝန်းရံထားတဲ့ ကျောက်တုံးနံရံအနိမ့်လေးဟာ အလယ်ခေတ်က ဘုရားကျောင်းဝင်းက နံရံတွေလို ပြုလုပ်ထားတယ်လို့ဆိုကြပြန်တယ်။


အတွင်းက courtyard ကိုပေါ်လွင်အောင်ဖြည့်ပေးတဲ့ရေကန်

ရွှေဦးခင် ဇူလိုင်၊ ၂ဝဝ၇

2007 Pritzker Architecture prize Laureate

Richard Rogers

၂ဝဝ၇ ခုနှစ် အတွက်ပရစ်စကာဆုရှင်အဖြစ် အင်္ဂလန်နိုင်ငံသား ဗိသုကာ ရစ်ချတ်ရော်ဂျာကို ရွေးချယ်လိုက်တဲ့ အကြောင်း မတ်လ (၂၇) ရက်က ကြေငြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်မှာ အသက် (၇၃)နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ဆုအဖြစ် အမေရိကန်ဒေါ်လာတစ်သိန်းနဲ့ ကြေးတံဆိပ်တစ်ခုကို ချီးမြှင့်လိုက်ပါပြီ။

ဒီနှစ်အတွက်တော့ ဆုပေးပွဲ အခမ်းအနားကို အင်္ဂလန်မှာပဲ ကျင်းပဖြစ်ခဲ့တယ်။ နှစ်စဉ် ဆုပေးပွဲအခမ်းအနားကို ကမ္ဘာတစ်ဝှန်းက သမိုင်းဝင်နေရာနဲ့ ထင်ရှားတဲ့ ခေတ်သစ်ဗိသုကာလက်ရာ အဆောက်အဦးနေရာတွေမှာ ကျင်းပနေကျ ဖြစ်ပေမယ့် ဒီနှစ်တော့ လန်ဒန်မှာပဲ ပြုလုပ်ဖြစ်တယ်။

ဆုရှင်ကို မရွေးချယ်မှီကတည်းက အခမ်းအနားပြုလုပ်မယ့်နေရာကို ရွေးချယ်ပြီးသားဖြစ်နေခဲ့တယ်လို့ ဟိတ်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ သောမတ်စ်ဂျေပရစ်စကာက ဆိုပါတယ်။ နေရာကတော့ ၁၆၁၉ ခုနှစ်တုန်းကတည်ဆောက်ခဲ့ပြီး အင်နီဂိုဂျုံးစ် ဒီဇိုင်းလုပ်ခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စားသောက်ပွဲခန်းမကြီးထဲမှာပါပဲ။

၁၉၇၉ခုနှစ် ကစပြီး ပရစ်စကာဆုကို နှစ်စဉ်တစ်ဦး သို့မဟုတ် နှစ်ဦးရွေးချယ်ပေးပြီးလာခဲ့တာ ရစ်ချတ်ရော်ဂျာဟာ သုံးဆယ့်တစ်ဦးမြောက် ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံသားအဖြစ် ၁၉၈၁ခုနှစ်မှာ ဂျိန်းစတာလင်၊ ၁၉၉၉ခုနှစ်မှာ နော်မန်ဖို့စတာ၊ ၂ဝဝ၄ ခုနှစ်မှာ အမျိုးသမီးဗိသုကာ ဇဟာဟာဒစ် တို့ကိုရွေးချယ်ခဲ့ပြီးတဲ့နောက် ရစ်ချတ်ရော်ဂျာဟာ စတုတ္ထမြောက်ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာလို့ ဆိုလိုက်ရင်ပဲ သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ ဒီဇိုင်းတွေဖြစ်တဲ့ ပြင်သစ်က ပွန်ပီဒိုစင်တာ(၁၉၇၁-၇၇)၊ လန်ဒန်မှာရှိတဲ့ လွိုက်အဆောက်အအုံ (၁၉၇၈-၈၆)၊ ထောင်စုနှစ်ဒုံး (၁၉၉၆-၉၉)၊ ပြီးတော့ မက်ဒရစ်မှာရှိတဲ့ ဘာရာဂျာလေဆိပ် (၁၉၉၇-၂ဝဝ၅) တို့ကိုတွဲဖက်မြင်ယောင်ကြမှာပါပဲ။

ဘာရာဂျာလေဆိပ် ပုံကြမ်း၊  မက်ဒရစ် (၁၉၉၇-၂ဝဝ၅)၊

 


ဘာရာဂျာလေဆိပ်အတွင်းမြင်ကွင်း

 The Millennium Dome, London (1996-99)

လန်ဒန်မှာ ရစ်ချတ်ရော်ဂျာပါတနာရှစ်ဆိုပြီး ဒီဇိုင်းရုံးရှိတဲ့အပြင် ဘာစီလိုနာ၊ မက်ဒရစ် နဲ့ ဂျပန်၊တိုကျိုမှာလည်း ရှိပါသေးတယ်။ ဝါရှင်တန်ဒီစီမှာ လည်း ရုံးတာဝါတစ်လုံးကိုလည်း တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့မိဘအိမ်ဖြစ်တဲ့ ဝင်ဘလင်ဒန်အိမ်ကို တည်ဆောက်ပေးခဲ့တယ်။ ဝေလပြည်နယ် ကားဒစ်မှာ အမျိုးသားအင်ဘီစီအဆောက်အအုံ၊ တိုကျိုမှာ နီပွန်တယ်လီဗေးရှင်းရုံးချုပ်၊ ဒါ့အပြင်ကိုးရီးယားမှာလည်း ပရော့ဂျက် အတော်များများ ရှိပါတယ်။

အမျိုးသားအင်ဘီစီအဆောက်အအုံ၊ဝေးလ်စ် (၁၉၉၈-၂ဝဝ၅)

ရော်ဂျာရဲ့ အဆောက်အဦးတွေဟာ အမျိုးအစားစုံလင်ပြီး နေရာအတော်များများမှာ ဖြန့်ကျက်တည်ရှိနေတယ်။ သူဒီဇိုင်းလုပ်ခဲ့တဲ့ အဆောက်အဦးအားလုံးဟာ အသုံးပြုမယ့်သူတွေကို အလေးပေး၊ ဂရုထားတာကိုတွေ့ရတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ သူဟာ တစ်ခြားအဖွဲ့တွေနဲ့ ပရောဂျက်ကြီးငယ်တွေကို တွဲဖက်ဒီဇိုင်းလုပ်ခဲ့တော့လည်း တသမတ်သော အဲဒီစိတ်ထားနဲ့ ဒီဇိုင်းလုပ်ခဲ့တယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။

ရစ်ချတ်ရော်ဂျာဟာ သူချစ်မြတ်နိုးလှတဲ့ ဗိသုကာပညာကို အသစ်အသစ်သော ဆောက်လုပ်ရေးပစ္စည်းတွေ၊ တည်ဆောက်ရေးနည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး ဒီဇိုင်းလုပ်ခဲ့တယ်။ သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ တည်ဆောက်ပုံ နည်းစနစ်သစ်တွေနဲ့ဒီဇိုင်းတွေဟာ အလှအပအတွက် သက်သက်ပဲမဟုတ်ပဲ သက်ဆိုင်ရာအဆောက်အဦးရဲ့ ရည်ရွယ်ချက်ကိုလည်း ထင်ဟပ်စေတယ်။ အရေးပါလှတဲ့ ဗိသုကာပညာရဲ့ ဆောင်ရွက်ချက်တွေကို အဓိပ္ဓါယ်ပိုရှိအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ အဆောက်အဦးတွေဟာ အခုခေတ် ဗိသုကာတွေ အလေးထားရမယ့် စွမ်းအင်အသုံးလျှော့ချရေးနဲ့ စွမ်းအင်ထိန်းသိမ်းခြင်းခေါင်းစဉ်ရဲ့ သက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။

မီနာမီရာမရှီယိုကျောင်း၊ဂျပန် (၁၉၉၅-၂ဝဝ၃)

ရစ်ချတ်ရော်ဂျာကို ၁၉၃၃ခုနှစ်မှာ အီတလီပြည်၊ ဖလောရင့်မှာ မွေးခဲ့ပြီး၊ လန်ဒန်မှာ ဗိသုကာပညာကို သင်ယူတတ်မြောက်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်မှာလည်း မဟာဗိသုကာဘွဲ့ကို ထပ်ပြီးရယူခဲ့သေးတယ်။

အဲဒီအချိန်တုန်းက ဗိသုကာ ပေါလ်ရုဒေါ့ကဌာနမှုး၊ နော်မန်ဖို့စတာက သူ့ရဲ့ပါတနာ၊ ပြီးတော့ ဂျိန်းစ်စတာလင်က သူ့ရဲ့ ဆရာတွေထဲကတစ်ယောက်။ ယေးလ်မှာရှိနေတုန်းက ရော်ဂျာဟာ ဖရန့်လွိုက်ရိုက်ရဲ့ ဒီဇိုင်းတွေကို အတော်စိတ်ဝင်စားခဲ့သေးတယ်။ ရိုက်ဟာသူ့ရဲ့ ပထမဦးဆုံးဘုရားသခင် ဖြစ်ခဲ့ပါတယ် လို့ ရော်ဂျာကပြောပါတယ်။ သူနဲ့ သူ့ပါတနာတွေဟာ ရိုက်ရဲ့ဒီဇိုင်းအဆောက်အအုံတွေ ရှိတဲ့နေရာအတော်များများကို ခရီးထွက်ပြီး ကြည့်ရှုလေ့လာခဲ့တယ်၊ မီးလ်ဗင်ဒါရိုးနဲ့ လူးဝစ်စ်ခန်းတို့ရဲ့ ဒီဇိုင်းတွေလည်းပါတယ်။

ယေးလ်ကပြီးသွားတော့လည်း နာမည်ကြီးဗိသုကာတွေဖြစ်တဲ့ စကစ်မိုး၊ အိုဝင်နဲ့ မက်ရင်၊ ပြီးတော့ ရုဒေါ့ချင်ဒလား၊ ချားစ်နဲ့ ရေးအိန်းစ် စသည်တို့ရဲ့အဆောက်အအုံတွေပါမကျန် လည့်လှည်ပြီး ဗိသုကာပညာရဲ့အနှစ်သာရတွေကို ကိုယ်တိုင်ခံစားရယူခဲ့ပြန်ပါတယ်။

The Antwerp Law Courts, Belgium,1999

The Leadenhall Building (2002-2006)

အစပိုင်းမှာတော့ ဒီဇိုင်းအဖွဲ့ငယ်လေးဖွဲ့ပြီးတော့ အိမ်ဒီဇိုင်းတွေနဲ့ ပရိုက်တစ်စ်အရင်လုပ်ခဲ့တယ်။ ရင်ဇိုပီယာနိုနဲ့ တွဲဖက်ဒီဇိုင်းလုပ်ခဲ့ရတဲ့ ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ပွန်ပီဒိုစင်တာဟာ သူတို့နှစ်ဦးစလုံးကို ကမ္ဘာ့ဗိသုကာလောကရဲ့ ဇာတ်ခုံပေါ်ကိုရောက်ရှိစေခဲ့တာပဲ ဖြစ်ပါတယ်။ လွိုက်အဆောက်အဦးကို ပြီးစီးပြီးတဲ့နောက်ပိုင်းမှာ ရော်ဂျာဟာ အင်္ဂလန်တွင်မှာမက ကမ္ဘာတစ်လွှားကပါ အသိအမှတ်ပြုခဲ့ရတဲ့ ဗိသုကာတဦးဖြစ်လာခဲ့ပါတယ်။

ပွန်ပီဒိုစင်တာပြင်သစ်(၁၉၇၁-၇၇)၊
ဗိသုကာပညာကဏ္ဍဟာ နိုင်ငံရဲ့ နိုင်ငံရေး၊လူမှုရေး ကျိုးကြောင်းရလဒ်ပေါ်မှာ အလွန်ပဲ အခြေခံတဲ့ပညာရပ်ဆိုတာကို ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာဟာ ဗိသုကာပညာဆိုတာ လူမှုရေးအနုပညာရဲ့ အနှစ်ပဲဆိုတာ သူ့ရဲ့အလုပ်နဲ့ပြသခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ရာသက်ပန်ခံယူချက်ဖြစ်တဲ့ ဗိသုကာတစ်ဦးဟာ အကောင်းဆုံးကမ္ဘာ သားတစ်ဦးဖြစ်ရမယ်ဆိုတာဖြစ်ကြောင်းလည်းပြသနေပါတယ်။ သူ့ရဲ့အဆောက်အဦးအားလုံးကိုကြည့်ရင် အဲဒီလို ထင်ပေါ်နေတဲ့ အရည်အချင်းကို တွေ့ရလို့ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ရွှေဦးခင် ဇူလိုင်၊ ၂ဝဝ၇

Sunday 8 April 2012

2011 Pritzker Architecture Prize Laureate

Eduardo Souto de Moura


ဗိသုကာပညာရပ်အတွက် အမြင့်ဆုံး ဂုဏ်ပြုဆုဟု ဆိုကြသော ဗိသုကာပညာ ပရစ်စကာဆုအတွက် ၂၀၁၁ ခုနှစ် ဆုရှင် အဖြစ် ပေါ်တီနိုင်ငံသား ဗိသုကာ Eduardo Souto de Moura အရွေးခံခဲ့ရပါသည်၊



သူသည် သူ၏ မွေးရပ် နိုင်ငံဖြစ်သော ပေါ်တူဂီတွင် အဓိက အလုပ်လုပ်ခဲ့သည်၊ လုံးချင်းအိမ်ယာ အမြောက်အများနှင့် ဘော်လုံးကွင်း ပွဲကြည့်စင်ကို ဒီဇိုင်းပြုလုပ်ခဲ့သည်၊ အခြားသော ပရစ်စကာဆုရှင် ဗိသုကာများကဲ့သို့ နိုင်ငံတကာတွင် ကျော်ကြားသူမဟုတ်သော်လည်း သူ၏ ဗိသုကာလက်ရာများသည် လေးစားလောက်စရာ ဖြစ်ပါသည်၊ (၁၉၉၂) တွင် ပရစ်စကာဆုရှင် ဖြစ်ခဲ့သော ဗိသုကာ Alvaro Siza ပြီးလျှင် Eduardo Souto de Moura သည် ဒုတိယမြောက် ပေါ်တူကီ နိုင်ငံသားဖြစ်သည်၊



သူ ဗိသုကာအဖြစ် စတင် ကာစတွင် Alvaro Siza ထံတွင် အလုပ်လုပ်ခဲ့သည်၊ သူ၏ လက်ရာများကို အကဲဖြတ်ရာတွင် ပေါ်တူနိုင်ငံ၌ (၂၀၀၄) တွင် တည်ဆောက်ပြီးစီးခဲ့သည့် စတေဒီယမ်၊ (၂၀၀၇) ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အထပ်မြင့် ရုံးအဆောက်အအုံ၊ (၂၀၀၈) ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် the Paula Rego Museum တို့ ပါဝင်သည်၊ ပရစ်စကာဆုရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များ၏ ဂုဏ်ပြုစကားများအရ ဗိသုကာ Eduardo Souto de Moura သည် နှစ်သုံးဆယ်စုအတွင်း လက်ရာများကို ကြည့်ပါက ယခုခေတ်ကို ကိုယ်စားပြုသည့်အပြင် ဗိသုကာရိုးရာဟန်ရဲ့ ပဲ့တင်ကိုလည်း ထင်ဟပ်ဆောင်ယူလာသည်၊



လက်ရှိဝန်းကျင်ကို အမြဲအလေးထား၍ နေရာ၊ အချိန်နှင့် အသုံးပြုမည့် အခြေအနေကို အခြေခံကျကျ အာရုံထားသည်ကြောင့် သူ၏ အကောင်းဆုံးလက်ရာများသည် ခေတ်သစ်လက်ရာများအဖြစ် ထင်ပေါ်နေသည် သာမက ဒေသရဲ့ အခြေအနေကိုပါ ထင်ရှားစေသည်၊ သူ၏ ၁၉၈၀ လက်ရာဟန်များကို ကြည့်လျှင် ခေတ်မမှီဟု ထင်ရသည်၊ သူသည် တခဏတွင်း ပေါ်ပေါက်သော လက်ရာများနောက်သို့ မလိုက်ခဲ့ပဲ သူ၏ ဟန်အတိုင်းသာ လုပ်ကိုင်ခဲ့သည်၊ သို့ကြောင့် အစောပိုင်းလက်ရာများသည် သာမာန်ဟု ထင်စရာ ရှိသော်လည်း ယင်း၏ ရဲရင့်သော လက်ရာဟန်ကို သတိပြုမိနိုင်သည်၊ သူ အောင်မြင်စွာ လုပ်ကိုင်ခဲ့သော လက်ရာများကို ကြည့်၍ အမျိုးအစား ကွဲပြားသော်လည်း ဘက်စုံ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခဲ့သည်ကို သိနိုင်သည်၊ လူနေအိမ်မှအစ မြို့ပြတည်ဆောက်မူတွင်လည်း ဒီဇိုင်းပြုလုပ်နိုင်သည်၊



၁၉၈၀ခုနှစ် အစောပိုင်းကာလ လက်ရာများတွင် လူနေအိမ် အမြောက်အများ ပါဝင်ခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် အမျိုးအစား ကျယ်ပြန့်လာသည်၊ (၂၀၀၀) ခုနှစ်တွင် တည်ဆောက်ခဲ့သော The Braga Municipal Stadium, Portugal သည် ကြီးမားသည့် အထိမ်းအမှတ် အဆောက်အအုံ ဖြစ်သည်၊ (၁၉၉၀) ခုနှစ်များတွင် ဒီဇိုင်းလုပ်ခဲ့ပြီး၊ ဆယ်စုနှစ်အကြာတွင် တည်ဆောက်ခဲ့သော The Burgo Tower, Portugal သည် အဆောက်အအုံနှစ်လုံးတွဲ ဖြစ်ပြီး တစ်လုံးက အလျားလိုက်၊ တစ်လုံးမှာ မျဉ်းမတ် တခုနှင့်တခု ဆက်စပ်နေပြီး မြေခင်း ရူခင်းနှင့်လည်း အပြန်အလှန် ထင်ဟပ်သည်၊ (၂၀၀၈) ခုနှစ်တွင် ပြီးစီးခဲ့သည့် the Paula Rego Museum မှာ ထုထည်ကြီးများအစုကို သစ်ပင်များကြားတွင် ဖြန့်ကျဲထားခြင်းမှာ အနုပညာဆန်လှသည်၊





Municipal Stadium, 2003


Paula Rego Museum, Portugal, 2008


ရိုးရိုးရှင်းရှင်း သူ၏ အဆောက်အအုံများသည် ဒေသ၊ မြေခင်း၊ မြေနေရာ၊ များနှင့် ယှက်နွယ်ဆက်စပ်ထားသည်မှာ ထင်ရှားသည်၊ တြီသြမေတြီပုံသဏ္ဍာန်များသာ ဖြစ်ပြီး ထုသွင်၊ ဟင်းလင်းပြင်၊ အလင်းနှင့် အမှောင်များကို အပြန်အလှန် ဖော်ထုတ်ခြင်းဖြင့် ဒီဇိုင်း ဖြစ်စေသည်၊

Burgo Tower, Portugal, 2007


Eduardo Souto de Moura သည် အစစ်အမှန် လှပသော အဆောက်အအုံပစ္စည်းများကို အသုံးပြုသော ဗိသုကာတစ်ဦးအဖြစ် သိသာသည်၊ အဆောက်အအုံပစ္စည်းများတွင် ကျွမ်းကျင်မူ၊ တည်ဆောက်ခြင်း နားလည်မူတို့ကို သူ၏ အဆောက်အအုံများတွင် တွေ့ရသည်၊ သူသည် နှစ်ထောင်ပေါင်းများစွာ အိုဟောင်းသော ကျောက်တုံးများကိုလည်း အသုံးပြုဖို့ ၀န်မလေးသကဲ့သို့ ဗိသုကာ မီးစ်ဗင်ဒါရိုး၏ ခေတ်ပေါ် အသေးစိပ်လက်ရာများကို ကြည့်၍လည်း စိတ်ကူးရယူတတ်သည်၊


Cinema House Manoel de Oliveira, Portugal, 2003


(၁၉၉၁) ခုနှစ်တွင် တည်ဆောက်ခဲ့သည့် the Culture Center တွင် ကော့ပါး၊ ကျောက်တုံး၊ ကွန်ကရစ်နှင့် သစ်သားများကို ရောစပ် အသုံးပြုထားသည့် သူ၏ ကျွမ်းကျင်မူကို သိနိုင်သည်၊




House in Serra da Arrabida, Portugal, 2002


House in Cascais, Portugal, 2002


Eduardo Souto de Moura သည် မထင်ပေါ်၊ မထင်ရှားလှသော ဗိသုကာ တယောက်သာ ဖြစ်ခဲ့ပါသည်၊ သူ၏လက်ရာများတွင် ဗိသုကာသဘောတရားများသည် တခဏ ကြည့်ရုံမျှဖြင့် မသိနိုင်၊ ကဗျာတပုဒ်ကို ဖတ်ရူသကဲ့သို့ ကဗျာဆရာက ပေးသည်ကို စိတ်ဖြင့် လိုက်ပြီး သိနိုင်ရန် နားထောင်ရန် အချိန်လိုသည်၊ သူ၏ လက်ရာများသည် ရိုးသည်၊ ရဲရင့်သည်၊ ထူးခြားသည် ပြီး နီးစပ်သော အာရုံကို ပေးသည်၊ သို့နှင့် သူသည် ဗိသုကာပညာ ပရစ်စကာဆုကို လက်ခံရရှိခဲ့ပါသည်။



ရေးသားသူ။ ။ဗိသုကာ နှစ်

Saturday 7 April 2012

2010 Pritzker Architecture Laureates

(Kazuyo Sejima) & (Ryue Nishizawa)


၂၀၁၀ ခုနှစ်အတွက် ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံ ခဲ့ရသူများကတော့ ဂျပန်က ဗိသုကာနှစ်ဦးဖြစ်တဲ့ ခဇူယို ဆဲဂျီးမ (Kazuyo Sejima) နဲ့ ရုရိနီရှီးဇ၀ါ (Ryue Nishizawa) တို့ဖြစ်ပါတယ်၊ သူတို့နှစ်ဦးဟာ SANAA ဗိသုကာအဖွဲ့ရဲ့ တွဲဖက်ဗိသုကာတွေပဲ ဖြစ်ပါတယ်၊ သူတို့နှစ်ဦး ဒီဇိုင်းထုတ်ခဲ့တဲ့ အဆောက်အအုံတွေဟာ ဂျပန်နိုင်ငံမှာ အများအပြားတည်ဆောက်ပြီးစီးခဲ့ပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတစ်လွှားမှာလည်း အထင်ကရ အဆောက်အအုံတွေရှိပါတယ်၊ 

ထင်ရှားတဲ့ အဆောက်အအုံတွေကတော့ ဂျပန်မှာတည်ဆောက်ထားတဲ့ O-Museum (1999)၊ the 21st Century Museum of Contemporary Art (2004)၊ The glass Pavilion (2006) နဲ့ နယူးယောက်စီးတီးမှာ ရှိတဲ့ the New Museum of Contemporary Art (2007) တို့ ဖြစ်ပါတယ်။

 အဆောက်အအုံအားလုံးဟာ မီနီမာလစ်စင်ကိုပဲ အခြေခံထားပေမယ့် ထင်ရှားပေါ်လွင်တဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်၊ 

ဆဲဂျီးမဟာ ဒုတိယမြောက် အမျိုးသမီး ပရစ်စကာဆုရှင် ဖြစ်ပါတယ်၊ (၂၀၀၄) ခုနှစ်မှာ အီရတ်အမျိုးသမီး ဇာဟာ ဟာဒီး (Zaha Hadid)က အရွေးခံခဲ့ရတာပါ၊ ပြီးတော့ ဒီ (၂၀၁၀) အတွက် ဆုဟာ တတိယအကြိမ်မြောက် ဗိသုကာနှစ်ဦးကို ပူးတွဲပေးခြင်းပါ၊

(၁၉၉၈) ခုနှစ်မှာ ဘရာဇီးက ဗိသုကာ အော်စကာ နစ်မီးယား (Oscar Niemeyer) နဲ့ ယူနိုက်တစ်စတိတ်က ဗိသုကာ ဂေါ်ဒန်ဘန်းချက်ဖ် (Gordon Bunschaft) တို့ နှစ်ဦးတွဲနှင့် (၂၀၀၁) ခုနှစ်မှာ ဆွစ်လူမျိုး ဗိသုကာအတွဲ ဂျေဂွား ဟားဇောက်နဲ့ ပီးယတ်ဒီ မူရန် (Jacques Herzog and Pierre de Meuron)တို့ ရခဲ့တာ ဖြစ်ပါတယ်၊ ဒီနှစ်မှာတော့ အမျိုးသား အမျိုးသမီး ဗိသုကာ အတွဲကို ပေးခြင်းပါပဲ၊


ပရစ်စကာဂျူရီလူကြီးများက ဆဲဂျီးမနဲ့ နီရှီးဇ၀ါတို့ရဲ့ တစ်ဦးချင်းထက် တစ်ဆယ့်ငါးနှစ်တိုင် အတူ တွဲဖက်လုပ်ကိုင်ခဲ့တာ ကြောင့်လည်း ထင်ရှားတဲ့ ပရော့ဂျက်တွေ ပေါ်ပေါက်ခဲ့ရတာပါ လို့ အသိအမှတ် ပြုကြပါတယ်၊ သူတို့နှစ်ဦးဟာ ပရစ်စကာဆုရှင်ကြီးများဖြစ်တဲ့ ဗိသုကာ ပီတာဇန်ပ်သာ (၂၀၀၉) (Peter Zumthor)၊ ဗိသုကာ ဖရန့်ဂယ်ရီ (၁၉၈၉)(Frank Gehry)၊ ဂျပန်ဗိသုကာတွေဖြစ်ကြတဲ့ တာဒါအို အင်ဒို (၁၉၉၅) (Tadao Ando) နဲ့ ဖူမီဟီကို မားကီး (Fumihiko Maki)နဲ့ ကင်ဇိုတိုင်ဂီး (Kenzo Tange)တို့ဆီမှာလည်း ဗိသုကာအလုပ်များ တွဲဖက်လုပ်ကိုင်ဖူးခဲ့ပါတယ်၊


သူတို့ရဲ့ ထင်ရှားတဲ့ ပြတိုက်ဒီဇိုင်းလေးခုကို ကြည့်ရင် ယခုခေတ် အဆောက်အအုံ ဆောက်လုပ်ရေးပစ္စည်းတွေ ဖြစ်တဲ့ ကွန်ကရစ်၊ စတီးလ်နဲ့ မှန်များကိုသာ အသုံးပြုထားတယ်၊ သူတို့ အတွဲဟာ နေရာ၊ အဆောက်အအုံလိုအပ်ချက်ကို လိုက်ပြီး မှန်ကန် အသုံးတည့်အောင် ဒီဇိုင်းပြုနိုင်စွမ်းတယ်၊ အသုံးပြုမယ့်လူတွေ၊ သူတို့ရဲ့ လှုပ်ရှားမူတွေ ၊ ပြသမယ့် ပစ္စည်းတွေနဲ့ တည်ဆောက်မယ့် မြေခင်းနေရာကို ပုံဖော်နိုင်တယ်လို့ ဂျူရီအဖွဲ့က ကောက်ချက်ချပါတယ်။


O-Museum ဟာ ရှည်လျားတဲ့ ကျုပုံသဏ္ဍာန်ဖြစ်ပြီး ကွန်ကရစ်တိုင်တွေနဲ့ ထောက်မထားပါတယ်၊ အဆောက်အုံဟာ သစ်တော ဧရိယာတွင်းမှာ ရှိပြီး ဆယ့်လေးဆယ့်ငါးရာစုကတည်းက တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးလည်းတည်ရှိပါတယ်၊ ပြတိုက်ရဲ့ အ၀င်ခန်းမ လော်ဘီကနေပြီး အဲဒီ ရဲတိုက်ကြီးကို မြင်ကွင်းပေးထားပါတယ်၊


O-Museum, Nagano, Japan, 1999


the 21st Century Museum of Contemporary Art (2004) ကတော့ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အရွယ်အစားနဲ့ အမြင့် အမျိုးမျိုးရှိတဲ့ ကုဗတုံးပြခန်းတွေကို ဖွဲ့စည်းပေးထားပါတယ်၊ မှန်နံရံ ပတ်ပတ်လည်အတွင်းမှာ လျှောက်လမ်းပေးထားပြီး အတွင်းက ဖွဲ့စည်းထားတဲ့ နေရာများဆီသို့ ရောက်နိုင်ပါတယ်၊ အတွင်းမှာ courtyard လေးခုပါဝင်ပြီး မှန်နံရံနဲ့ ထပ်မံ ဖွဲ့စည်းထားပါတယ်၊ အခန်းအတော်များများကို skylights ပေးထားပြီး သဘာဝအလင်းရောင် လိုအပ်တဲ့အခါမှာ အသုံးပြုရန်အတွက်ပါ၊ (၁၉၉၉) ခုနှစ်မှာ စတင်တည်ဆောက်ပြီး (၂၀၀၄) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်၊


21st Century Museum of Contemporary Art, Ishikawa, Japan, 2004


The glass Pavilion (2006) ကတော့ ယူနိုက်တစ်စတိတ်မှာ တည်ရှိတာပါ၊ မှန်များနဲ့ ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းများကို ထိမ်းသိမ်းပြသရန် ဒီဇိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်၊ အဆောက်အအုံဒီဇိုင်းကိုယ်တိုင်ကလည်း မှန်နဲ့ပဲ တည်ဆောက်ထားပါတယ်၊ ကျယ်ပြန့်ပြီး ခပ်နိမ့်နိမ့် အဆောက်အအုံဟာ လေးတောင့်အခန်းများကို တခုနဲ့တခု ချိတ်ဆက်ထားတဲ့ ပုံသဏ္ဍာန်ပါ၊ မှန်နံရံကွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကပ်လျှက် အတွင်းခန်းများဟာ တစ်ခန်းနဲ့ တစ်ခန်း ထွင်းဖောက်မြင်နိုင်စေပါတယ်၊ အတွင်းမှာ courtyard ပါရှိပါတယ်၊

Glass Museum, Ohio, 2006


မက်ဟန်တန်မှာ တည်ရှိတဲ့ the New Museum of Contemporary Art (2007) ကတော့ မြို့ပြဧရိယာမှာ တည်ဆောက်တာ ဖြစ်တာကြောင့် မြင့်မား သေးသွယ်တဲ့ ပုံဏ္ဍာန်ပါ၊ မှန်တုံးများကို အထပ်ထပ်တင်ထားတဲ့ သဏ္ဍာန်ပါ၊ တခုနဲ့တခုအထပ်နေရာတွေမှာ terrace နဲ့ skylight တွေကို ဖွဲ့စည်းထားပေးပါတယ်၊


New Museum of Contemporary Art, New York, 2007


တခြားထင်ရှားတဲ့ အဆောက်အအုံများထဲမှာ ဂျာမနီမှာတည်ရှိတဲ့ Zollverein School of Management and Design ကလည်း ကုဗတုံး ပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်၊ မြို့ပြမဟုတ်တဲ့ ကျောက်မီးသွေးတွင်းတွေ တည်ရှိတဲ့ နေရာမှာ တည်ဆောက်ထားတာပါ၊ (၁၁၅ ပေ) မျက်နှာစာ ရှိတဲ့ ကုဗတုံးအဆောက်အအုံ ဒီဇိုင်းဟာ ပတ်ဝန်းကျင်မှာ တည်ရှိတဲ့ လူနေအိမ်တွေရယ်၊ ကြီးမားတဲ့ စက်ရုံတွေကြားမှာ ထင်ရှားနေပါတယ်၊ အမြင့်ချင်းမတူတဲ့ အထပ်လေးထပ်ရှိပြီး အရွယ်အစားချင်းမတူတဲ့ ပြတင်းတွေကနေ အလင်းရောင်နဲ့ ပတ်ဝန်းကျင် မြင်ကွင်းတွေကို ပေးပါတယ်၊ ပထမထပ်ကတော့ စုပေါင်းလေ့လာစရာ ခန်းမဖြစ်ပြီး နံရံကာထားချင်းမျိုးမရှိတဲ့ အဖွင့်ခန်းမပါ၊

Zollverein School of Management & Design, Germany, 2006


ဆွီဇာလန်မှာတည်ရှိတဲ့ Rolex Learning Center (2005) မှာ စာကြည့်တိုက်၊ ဘာသာစကားသင်ခန်းမများ၊ ရုံးခန်းများ၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်များပါဝင်ပါတယ်၊ အဆောက်အအုံရဲ့ ခေါင်မိုးနဲ့ ကြမ်းပြင်ဟာ လှိုင်းတွန့်သဏ္ဍာန် အနည်းငယ်ပါပါတယ်၊ လှိုင်းတွန်သဏ္ဍာန်အမိုးပြားအောက်မှ အ၀င်ခန်းမရှိပါတယ်၊ အတွင်းမှာ အရွယ်အစားနဲ့ ပုံသဏ္ဍာန်မတူတဲ့ courtyard ခုနစ်ခုတို့နဲ့ ဖွဲ့စည်းထားပါတယ်၊ အသုံးချပုံ မတူတဲ့အခန်းတွေကို အရွယ်အစားနဲ့ သဏ္ဍာန်မတူအောင် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်ပါတယ်၊ (၂၀၀၉) ခုနှစ်မှာ ပရော့ဂျက်ပြီးစီးခဲ့ပါတယ်၊


The Rolex Learning Centre, Switzerland, 2009


ဂျပန်မှာ တည်ရှိတဲ့ Naoshima Ferry Terminal ကလည်း ကြီးမားတဲ့ အမိုးပြားကြီးက မှန်နံရံကာ အသုံးချရန်အခန်းတွေကို အုပ်မိုးထားပါတယ်၊ ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ Christian Dior Building အပါအ၀င် ဂျာမနီနိုင်ငံမှ Vitra Factory Building နဲ့ ပြင်သစ်မှာရှိတဲ့ Louvre-Lens ပြတိုက်တို့ကလည်း ထင်ရှားပါတယ်။

ရေးသားသူ။ ။ဗိသုကာ နှစ်

2010 Mexican Pavilion, Shanghai

2010 Mexican Pavilion, Shanghai
အဆောက်အအုံဒီဇိုင်းတခုဟာ လိပ်ပြာလေးတစ်ကောင် ပျံသန်းလာရာကနေ ဖြစ်နိုင်တယ်၊ ဟိုး ရှေးရှေးခေတ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ အဆောက်အအုံတွေရဲ့ အုတ်အပိုင်းအစတွေ ပျံသန်းလာရာကနေ ဖြစ်နိုင်တယ်၊ စိန်းလန်းသော မြေခင်းအလှအပကို ဖွဲ့စည်းပေးနိုင်တဲ့ မြက်ပင်တွေ ပျံသန်းလာရာကနေလည်း ဖြစ်နိုင်ပါတယ်၊ လိပ်ပြာ၊ မြက်ခင်းပြင်နဲ့ အုတ်အပိုင်းအစတွေကို ပျံသန်းစေတဲ့ လူတစ်ယောက် သို့မဟုတ် ဖန်တီးရှင် ဗိသုကာတွေရဲ့ နုလုံးသားကနေ စီးဆင်းလာတဲ့ အတွေးတစ်ချက်ဟာ လှပသော အဆောက်အအုံတစ်လုံးကို ဖြစ်ပေါ်လာစေနိုင်ပါတယ်၊ 

Papalotes ဆိုတဲ့ မက်ဆီကန် (Nahuatl လူမျိုး) တွေရဲ့ ဝေါဟာရက လိပ်ပြာ (butterfly) လို့ အဓိပ္ပါယ်ရတဲ့အပြင် စွန် (Kite) ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါသတဲ့၊ နေသာတတ်တဲ့ နွေနေ့ရက်တွေတိုင်း ကောင်းကင်ထက်မှာ စွန်တွေကို ပျံဝဲစေတာ ကမ္ဘာတစ်ဝှန်းလုံးရဲ့ ကလေးတွေရဲ့ အကြိုက်ဆုံး ပျော်စရာ ကစားနည်းပါ၊ စွန်လွတ်တတ်တဲ့ အရွယ် မဟုတ်တောင် စွန်လွှတ်ဖူးတဲ့ ငယ်ငယ်တုန်းက ကလေးလေး ဘ၀ကို ပြန်ပြီး အမှတ်ရ နေတတ်ကြမှာပါ၊ 

စွန် ဆိုတဲ့ ပုံရိပ်ကို ထင်ဟပ်ပေးနိုင်မယ့် အဆောက်အအုံဒီဇိုင်းတစ်ခု (Pavilion တစ်ခု) ကို World Expo 2010, Shanghai မှာ တွေ့နိုင်ပါတယ်၊ အဆောက်အအုံဆိုပေမယ့် ကြည့်လိုက်ရင် မြေကြီးပေါ်မှာ ထီးထီးပေါ်နေမယ့် အဆောက်အအုံမရှိပါဘူး၊ စတုရန်းမီတာ (၄၀၀၀) ကို ဖြန့်ခင်းထားတဲ့ မြက်ခင်းပြင်ပေါ်မှာ ပျံသန်းနေမယ့် ရာပေါင်းများစွာသော အရောင်စုံတဲ့ စွန်တွေကိုပဲ တွေ့ရမှာပါ၊

Pavilion ကို လာတဲ့ ဧည့်သည်တွေဟာ အမိုးလို အရိပ်ပေးနိုင်မယ့် စွန်တွေရဲ့အောက်မှာ စာဖတ်တာမျိုး ပစ်ကနစ် ခင်းကျင်းတာမျိုးအပြင် သက်တောင့်သက်သာ အနားယူ နိုင်ကြမှာပါ၊ ဧည့်သည်တွေဟာ ရိုးရာ စွန်တွေကို ၀ယ်ယူ လွှတ်ပေးနိုင်တော့ ကလေးဘ၀ အောက်မေ့ဖွယ်တွေကို ပြန်တမ်းတနိုင်တာပေါ့၊ အဲဒီမှာ စွန်လုပ်ပုံလုပ်နည်းလေးတွေကိုတောင် တခါတည်း လေ့လာ ပြုလုပ်ပေးနိုင်တယ်၊

အဲဒီ စွန်တောကြီးဟာ မက်ဆီကိုနိုင်ငံကို ကိုယ်စားပြုတဲ့ Pavilion ပါ၊ ကုန်းမြေလျှောလေးပေါ်မှာ (၁၃၅) ခုသော စွန်တွေက ပျံသန်းနေတယ်၊ လျှပ်တပြက် ကြည့်လိုက်ရင် လူ (၁၃၅) ယောက်က စွန်တွေကို တပြိုင်တည်း လွှတ်တင်နေတာလိုလိုမျိုးပါ၊ ပတ်ဝန်းကျင်ကို အန္တရယ်မပြုတဲ့ ပလတ်စတစ်ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ စွန်တွေဟာ အနီရောင်၊ ပန်းရောင်၊ အစိမ်းရောင်၊ အ၀ါရောင် ပြီးတော့ အပြာရောင်တွေနဲ့ ဒီ Pavilion ကို အရောင်စုံတောက်ပနေစေတယ်၊  

အဆောက်အအုံတွေမှာ သဘာဝအရောင်တွေကို အသုံးပြုတတ်ကြတာ မက်ဆီကန်လူမျိုးတွေရဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်၊ စွန်တွေဟာ ပျံသန်းခြင်းကို ကိုယ်စားပြုတဲ့အပြင် မက်ဆီကိုနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမူတွေကို ပေါင်းစည်းပေးနိုင်တဲ့ အင်အားတစ်ရပ်၊ စွန်ဆိုတာ တရုတ်နိုင်ငံရဲ့ မူလအစဖြစ်ပြီး မက်ဆီကိုနိုင်ငံမှာ ခေတ်စားတဲ့ ယဉ်ကျေးမူတစ်ရပ်တဲ့၊ 

ဒီ ၂၀၁၀ အိတ်စ်ပိုရဲ့ Theme ကိုက Better City, Better Life မဟုတ်လား၊ ဒီ မက်ဆီကန် Pavilion ရဲ့ Theme က လည်း “Living Better” တဲ့၊ ပတ်ဝန်းကျင် အနာဂါတ်မှာ တည်ဆောက်မယ့် အဆောက်အအုံတွေကို ထင်ဟပ်ပြနိုင်တဲ့ ဒီဇိုင်းပါလို့ ဒီ Pavilion ရဲ့ ဗိသုကာ Edgar Ramirez က ပြောပါတယ်၊ မြင်ခင်းပြင် ရင်ပြင်ကျယ်ကြီးဟာ ဒီ Pavilion ရဲ့ အနှစ်ပါ၊ ဒီ Pavilion မှာ ရင်ပြင်ကျယ်ကြီးပဲ ရှိတာ မဟုတ်ပါဘူး၊ ရင်ပြင်ကြီးအောက်မှာ မက်ဆီကိုနိုင်ငံကို ကိုယ်စားပြုမယ့် ပြကွက်တွေကို ခင်းကျင်းပြနိုင်တဲ့ ပြခန်းတွေပါတဲ့ နှစ်ထပ်အဆောက်အအုံ ရှိပါတယ်၊

မက်ဆီကိုနိုင်ငံရဲ့ ယဉ်ကျေးမူတွေ၊ မြေခင်းအလှအပတွေ၊ လက်ရှိ မက်ဆီကိုနိုင်ငံရဲ့ မြို့တော်ကြီးတွေ၊ ရှေးခေတ် မေယာလူမျိုးတွေရဲ့ ထွန်းကားခဲ့တဲ့ မြို့ပြနိုင်ငံအကြောင်းတွေကို ပြသမယ့် ပြခန်းတွေပါ၊ မေယာယဉ်ကျေးမူ ရဲ့ အထွတ်အမြတ်ထားရာတွေကိုတောင် ပြသထားမှာပါ၊ အဓိက ပြခန်းမှာ မက်ဆီကိုနိုင်ငံရဲ့ ဖြစ်တည်ထွန်းကားလာပုံ အဆင့်ဆင့်ကို အစဉ်အတိုင်း ကြည့်ရူသွားနိုင်အောင် ပြသထားပါတယ်။ 

ရေးသားသူ။ ။ဗိသုကာ နှစ်

Charles Gwathmey’ Residence

Charles Gwathmey’ Residence

“မိဘတွေကို အနုပညာလေးတခု ပြုလုပ်ပေးခဲ့ပြီးပြီပဲ၊ ဒီထက်ကောင်းတာ ဘာရှိအုံးမှာလဲ” တဲ့၊  

ဗိသုကာ ချားလ်ဂွာမေက အမြဲတမ်း ပီတိဖြစ်နေခဲ့တယ်၊ အနုပညာလေးတခု၊ မိဘတွေအတွက် သူ လုပ်ပေးခဲ့တာက မိဘတွေနေထိုင်ဖို့ အိမ်လေးတစ်လုံး၊ သူ ဒီဇိုင်းလုပ်ခဲ့ရတယ်၊ အဲဒီအိမ်လေးက ဗိသုကာပညာမှာ တကယ့်အခြေခံအသက်ဖြစ်တဲ့ တြီသြမေတြီအစိပ်အပိုင်းလေးတွေနဲ့ နေရာဆိုတာလေးကို ကဗျာဆန်စွာဖန်တီးခဲ့တာပါ၊ 

အိမ်လေးက လေးဒေါင့်တုံးရယ်၊ တြိဂံနဲ့ ဆလင်ဒါအစိပ်အပိုင်းလေးနဲ့ ဖွဲ့စည်းထားတယ်၊ တစ်ထောင့်နှစ်ရာ စတုရန်းပေသာရှိတဲ့ အိမ်လေးကို ဆောက်ဖို့ တည်ဆောက်သူကို ငှားတော့လည်း အခုမှ အလုပ်စလုပ်ဖူးသူပါပဲ၊ အိမ်လေးကို (၁၉၆၆) ခုနှစ်မှာ တည်ဆောက်ခဲ့တယ်၊ ဒီအိမ်လေးပြီးသွားတော့ ဓါတ်ပုံတွေ ရိုက်ယူပြီး ဗိသုကာ ဖီးလစ်ဂျွန်ဆင်ကို ပြသခဲ့တယ်၊ ဂျွန်ဆင်က “ဒါ အရမ်းအရေးကြီးတဲ့ အလုပ်ပဲ” လို့ ဆိုလိုက်မှ သူ သူ့ဒီဇိုင်းလေးအတွက် စိတ်ရှင်းရှင်းနဲ့ပျော်ခဲ့ရတယ်၊

ဒီအိမ်လေးကြောင့်ပဲ မော်ဒန်ဗိသုကာအဆောက်အုံတွေ ခေတ်စားနေတဲ့အချိန်မှာ သူ တရှိန်ထိုးနံမည်ရခဲ့တာပါ၊“ကုဗတုံးလေးကို နေထိုင်လို့ရအောင် ထွင်းထုလိုက်တာပါပဲ” လို့ ဂွာမေလ်က ပြောပါတယ်၊ မူလ တြီသြမေတြီပုံကို ဘာမှ ထပ်တိုးပြင်ဆင်မွှမ်းမံတာမျိုးလည်း မရှိဘူး၊ အိမ်လေးမှာ ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ အိပ်ခန်းနဲ့ စတူဒီယို၊ ဧည့်သည်အိမ်ခန်းနဲ့ အလုပ်ခန်းတို့ ပါဝင်တယ်၊ အောက်ထပ်မှာ ဧည့်သည်အိပ်ခန်း၊ အလုပ်ခန်းနဲ့ အမိုးပါတဲ့ ကပြင်လေးတို့ရှိတယ်၊ ထမင်းစားခန်းဧည့်ခန်းနဲ့ မီးဖိုခန်းတို့က ဒုတိယထပ်မှာ၊ တတိယထပ်မှာ အိပ်ခန်းကြီးနဲ့ စတူဒီယိုရှိပြီး ၀ရန်တာကနေ အောက်ထပ် ဧည့်ခန်းကို လှမ်းမြင်ရမှာပါ၊ အတွင်းမှာရော အပြင်မှာပါ စီဒါသစ်သားကို အသုံးပြုတည်ဆောက်ထားလို့ အိမ်လေးရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝနဲ့လည်း သဟဇာတရှိနေပါတယ်၊

“ဘယ်လောက်ပဲ သေးငယ်တဲ့ အိမ်လေးပဲ ဖြစ်ပါစေ၊ နန်းတော်၊ မိုးပျံအဆောက်အအုံတွေဆောက်သလိုပဲ ဗိသုကာပညာဟာ အရေးကြီးလှပါတယ်” လို့ ဂွာမေလ်က အမြဲခံယူလေ့ရှိပါတယ်။

ရေးသားသူ။ ။ဗိသုကာ နှစ်

Friday 6 April 2012

Charles Gwathmey

အဖြူရောင်များ ( The Whites) သို့မဟုတ် နယူးယောက်ငါးဦး (The Newyork Five) ဟုတင်စားခေါ်ဝေါ်နိုင်သော ထင်ရှားလှသော ဗိသုကာငါးဦးအုပ်စုမှ တဦးဖြစ်သူ ချားစ်ဂွာ့မေလ် (Charles Gwathmey) မှာ ပြီးခဲ့သော သြဂုတ်လ (၃)ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။ 

ငါးဦးအဖွဲ့မှ ဂျွန် John Hejduk မှာမူ (၂၀၀၀) ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ဂွာ့မေလ်သည် အသက် (၇၁) နှစ်တွင်ကွယ်လွန်ခြင်းဖြစ်သည်။ 

(၁၉၆၆) ခုနှစ်တွင် မိဘများအတွက် တည်ဆောက်ပေးခဲ့သော အိမ်ဒီဇိုင်း (Gwathmey’s House) သည် ထင်ရှားလှသည်။ ထို့နောက် ဗိသုကာ ဖရန့်လွိုက်ရိုက် (Frank Lloyd Wright) နှင့်တွဲဖက်၍ ဒီဇိုင်းပြုလုပ်သော Guggenheim Museum အပြင် ဗိသုကာ ပေါလ်ရုဒေါ့ (Paul Rudolph) နှင့်အတူ ဒီဇိုင်းပြုလုပ်သော Art and Architecture Building at Yale University အဆောက်အအုံများသည်လည်း ကျော်ကြားပါသည်။ 

အဖြူရောင်ငါးဦးအဖွဲ့မှ ကျန်ခဲ့သော ဗိသုကာများဖြစ်သည့် Michael Graves, Peter Eisenman, Richard Meier တို့သည် ဂွာ့မေလ်နှင့်အတူ အဖြူရောင်အဖွဲ့ကို စတင်ခဲ့ကြပုံများကို ပြန်လည် အောင်းမေ့ပုံဖော်နေကြသည်၊ ဗိသုကာ လီကော်ဗူးဆေး၏ ရှင်းလင်းသော ဗိသုကာလက်ရာဟန်များကို အရယူကာ အဖြူရောင်အဆောက်အအုံများကိုသာ အများဆုံးတည်ဆောက်ခဲ့ကြသူများအဖြစ် ကျော်ကြားခဲ့သူများဖြစ်သည်။ 

(၁၉၆၀) ခုနှစ်အလယ်လောက်တွင်မှ စ၍ နယူးယောက်တွင် နေထိုင်ကြကာ ဆရာများ၊ ဗိသုကာများအဖြင့် အသက်မွေးခဲ့ကြသည်။ အထူးသဖြင့် ခေတ်သစ်ဗိသုကာပညာ (Modern Architecture)ကို ဖော်ကျူးနိုင်သူများအဖြင့် ထင်ရှားလှသည်။ 

“ကျွန်တော်တို့ဟာ တဦးရဲ့အလုပ်မှာ တဦးပါဝင်ခဲ့ကြသလို တဦးရဲ့အလုပ်ကို တဦးက လေးလေးစားစားရှိခဲ့ကြတယ်နော်” ဟု မိုင်ယာ (Richard Meier) က ပြန်ပြောင်းအောင်းမေ့စကားဆိုသည်၊ “ကျွန်တော်တို့တွေဟာ စနေနေ့နံနက်တိုင်းမှာ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြတယ်” ဟု ဆက်ပြောပါသည်။ 

အဲဒီတုန်းက ဂွာ့မေလ်က ပြောခဲ့ပါသေးသည်၊ “ကျွန်တော်တို့တွေက ကိုယ့်အလုပ်ကိုယ်စီကို ကိုယ့်လုပ်ဖော်ကိုင်ဖက်ရှေ့မှာ ဂျူရီအစစ်ပြန်ခံကြတယ်” ဟု။ 

အဖြူရောင်ငါးဦးအဖွဲ့သည် ဗိသုကာဖီးလစ်ဂျွန်ဆင်ဦးဆောင်သည့် ဗိသုကာအဖွဲ့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ Gwathmey, Richard Meier, Peter Eisenman နှင့် Steven Hall တို့သည် (၂၀၀၂) တွင် WTC အဆောက်အအုံဒီဇိုင်းကိုလည်း ရေးဆွဲခဲ့ကြသေးသည်။ 

John Hejduk နှင့် Charles Gwathmey တို့ ကွယ်လွန်ခဲ့ပြီးနောက် Micheal Graves က သံဝေဂရစွာ ပြောကြားသည်မှာ“ကျွန်တော်တို့ နယူးယောက်ငါးဦးက တဖြည်းဖြည်း လျော့လာပြီ၊ ဖြစ်လာမှာပဲလေ၊ ကျွန်တော်တို့တွေလည်း အိုမင်းလာသလောက် ကျွန်တော်တို့ အဖွဲ့ကလည်း သေးငယ်လာရပြီပေါ့” “ကျွန်တော်တို့တွေဟာ ကြီးမြတ်တဲ့ အဖွဲ့ဖြစ်ခဲ့ပါတယ်၊ အခုလည်း ကြီးမြတ်နေဆဲပါပဲလေ”

ရေးသားသူ။ ။ဗိသုကာ နှစ်

Tuesday 3 April 2012

The Double villa Haus


အခုတလော အလုပ်သိပ်မလုပ်ဖြစ်ပဲ စာပဲဖတ်ဖြစ်နေတော့ ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Architecture Today မဂ္ဂဇင်းထဲမှာ စိတ်ဝင်စားစရာ အိမ်တလုံး ကျွန်တော် တွေ့လိုက်ရတယ်။

 ဗိသုကာ Christian Kerez က မိသားစု နှစ်ခုစာအတွက် ပုံစံထုတ်ထားတဲ့ အိမ်လေးပါ။ Christian Kerez ဟာ စတွက်ချာ (structure) ရဲ့ အရေးပါမူကို အသုံးချပြီး ဒီဇိုင်းလုပ်လေ့ရှိတဲ့ ဗိသုကာပါ၊ သူ့ရဲ့ ဒီဇိုင်းဖြစ်တဲ့ အိမ်တွေ နဲ့ ကျောင်း တွေမှာ စတွက်ချာကို ပိုမိုထင်ရှားစေအောင် အစွန်း ထုတ် ထားတဲ့ ကွန်ကရစ်ပြားတွေ၊ ရိုးရှင်းတဲ့ စတီးလ်လှေကားတွေအပြင် တပ်ဆင် ပရိဘောဂ (built in furniture) တွေနဲ့ ပုံစံ ထုတ် ခဲ့တာချည်း ဖြစ်ပါတယ်။ 

အခုဒီအိမ်မှာလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ စတွက်ချာ ဖန်တီးမူလေးတခုပါဝင် ပုံထုတ်ထားတာတွေ့လို့ သတိထား မိအောင် ထပ်ဆင့် ပြောပြချင်ပါတယ်။
The Double villa Haus by Christian Kerez


ဗိသုကာ Christian Kerez ဟာ The Double Villa Haus ဆိုတဲ့ အိမ်လေးကို ဇူးရစ်မြို့ရဲ့ Witican အရပ်မှာ တည်ဆောက်ခဲ့ပါတယ်။  

သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ အခြားသာမာန် လုံးချင်းအိမ်လေးတွေနဲ့ သစ်သား ဂိုဒေါင်ကြီး (၁၉ရာစုနှစ်က ဆောက် ထားတာ) တစ်လုံး ရှိတယ်။ Villa Haus ကို မှန်နဲ့ ကွန်ကရစ်တွေ သုံးပြီး ခေတ်ဆန်တဲ့ တည်ဆောက်နည်းနဲ့ ဆောက်ထားတယ်၊ ရှင်းလင်းသပ်ရပ်တဲ့ ဆနွင်းမကင်းပုံ ဖန်တုံး အိမ်လေးဟာ သူ့ပတ်ဝန်းကျင်မှာ ရှိပြီးသား နဂိုအဆောက်အအုံ (သမားရိုးကျ ဆန်တဲ့ ပုံစံ) တွေထဲမှာ အရမ်း ထူးခြားမနေပဲနဲ့ တည်ငြိမ်စွာ ပေါ်လွင်နေပါတယ်။
ဗိသုကာဟာ ဒီအိမ်လေးကို ဒီဇိုင်းလုပ်ရာမှာ နှစ်အိမ်လုံးကနေ ရေကန်ကို မြင်ကွင်းရဖို့ အဓိကစဉ်းစားပုံထုတ်ခဲ့ပါတယ်။ အဲဒီလို မြင်ကွင်း ကောင်းကောင်းရဖို့ ပတ်ပတ်လည်နံရံ မှန်ချပ်တွေနဲ့ ကာရံထားပါတယ်။ အခြား structure member တွေမပါပဲ အလယ်နံရံ တစ်ကြောင်းတည်း ကိုသာ ဇစ်ဇက်လွှဲထားပြီး အဓိက သုံးထားတာ ဖြစ်ပါတယ်။ 

လှလှပပ အစီအစဉ်တကျကွေ့ကောက်နေတဲ့ ၄၀၀ မီလီမီတာ သာ ထူတဲ့ အဲဒီ နံရံဟာ သူ့အပေါ်က အစွန်းထုတ် ကြမ်းခင်းပြားကို ထမ်းထားသလို ဘေးက နေရာတွေကိုလဲ မတူညီတဲ့ spatial dimension ကိုပေးခဲ့ပါတယ်။ ဧည့်ခန်းနေရာမှာ ကျယ်ဝန်းပြီး လွတ်လပ်တဲ့ မြင်ကွင်းကို ဖြစ်ပေါ်စေပါတယ်။
ဒီတအိမ်လုံးမှာ အခြား ထောက်မထားတဲ့ structure member တွေ မပါပဲ အလယ်ကနံရံ နဲ့ အစွန်းထုတ်ကြမ်းခင်းပြားကိုသာ အဓိကထားပြီး မှန်ကို အကာအနေနဲ့ သုံးထားတဲ့ သူ့ရဲ့ ထူးခြား ဆန်းသစ်တဲ့အတွေးဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။


တကယ်ဆို ကျွန်တော်တို့တွေလည်း ဗိသုကာကြီး ဖရန့်လွိုက်ရိုက်ရဲ့ ရေတံခွန်ပေါ်က အိမ်လို မီးစ်ဗင်ဒါရိုးရဲ့ ဖရန့်ဝေါ့စ်ဟောက်စ် လို အိမ်ရဲ့ အဓိပ္ပါယ်လို ပိုမိုကျယ်ပြန့် လေးနက်စေတဲ့ အိမ်တွေ၊ လီကော်ဗူးဆေးရဲ့ structure member နဲ့ အကာအရံ (enclose) သီးခြား ဒီဇိုင်းလုပ်တဲ့ နည်းတွေ၊ ၀န်ထမ်းနံရံနဲ့ structure slab တွေ အကြောင်း ကောင်းကောင်း သိခဲ့ပေမယ့် ဗိသုကာ Christian Kerez လို ဒီဇိုင်းလုပ်ဖို့ မစဉ်းစားခဲ့မိဘူးလေ။


ဒါကြောင့်လည်း Christian Kerez ဟာ ကမ္ဘာတန်းဝင်တဲ့ ဗိသုကာ တယောက် ဖြစ်စေနိုင်လောက်တဲ့ ၀ါဆောမှာ တည်ဆောက်မယ့် ခေတ်သစ် အနုပညာ ပြတိုက်ဒီဇိုင်းလို ပရော့ဂျက်တွေ လုပ်ခွင့်ရခဲ့တာပေါ့။ ဒီအိမ်လေးဟာ ထူးခြားတယ်၊ ရိုးရှင်းတယ်၊ ဆန်းသစ်တယ်။ ပတ်ဝန်းကျင် အမြင်ပသာဒ မှာလည်း အရမ်းကွဲထွက် ထူးခြားမနေပဲနဲ့ ထင်ထင်ပေါ်ပေါ် လေး ရှိနေတယ်၊ ခြုံကြည့်ရင် ကောင်းတဲ့ဒီဇိုင်းတခုလို့ ဆိုနိုင်တယ်။
interior of The Double villa Haus

ဒါပေမယ့် ပတ်ဝန်းကျင် ရာသီဥတုနဲ့ တကယ်နေထိုင်တဲ့ လူရဲ့ ခံစားချက်ကို ထည့်တွက်ဖို့တော့ လိုသေးတယ်၊ ယခု အသုံးပြုနေထိုင်သူရဲ့ ခံစားချက်ကို မသိရလို့ user convenient ဖြစ်မဖြစ် အဆင်ပြေမပြေ မသိရပါဘူး၊ ဒါကြောင့် ကောင်းတယ် မကောင်းဘူးဆိုတာ မပြောနိုင်ဘူး ပေါ့။

 သေချာတာ တခုကတော့ အဲဒီဒေသဟာ အရမ်းအေးပြီး နှင်းမုန်တိုင်းရှိတတ်တယ် ဆိုတာပါဘဲ။ အဲဒီလို ဒေသမှာ ဒီအိမ်ရဲ့ ရာသီဥတုဒဏ်က ကာကွယ်ပေးနိုင်မူ၊ အပူအအေး၊ အသံ စတာတွေအတွက်တော့ သံသယ၀င်စရာပါ။ 

နောက်တချက်က သူ့ရဲ့ ကြီးမားလှတဲ့ မှန်ချပ်လျှောတံခါးတွေကို ဖွင့်ဖို့ ပိတ်ဖို့အတွက် သုံးရတဲ့ နည်းပညာနဲ့ မှန် အမျိုးအစားတွေဟာ သာမာန် အိမ်တလုံးအတွက် လက်တွေ့ကျတဲ့ ဒီဇိုင်းနည်းလမ်းတွေ မဟုတ်ပါဘူး၊ ဒါကြောင့် သတိထားရမှာက ထူးခြားတယ်၊ ဆန်းသစ်တယ် ဆိုတိုင်း အားလုံးကောင်းတယ်လို့တော့ မဆိုနိုင်ပါဘူး။

ဒါ့အပြင် သူ့ဒေသ၊ သူ့ထုံးစံမှာ ကောင်းတာမှန်ပေမယ့် ကိုယ့်ဒေသ ကိုယ်ထုံးစံမှာ တိုက်ရိုက် ကူးယူ အသုံးပြုတာဟာ ဒီဇိုင်းနာ တယောက်ရဲ့ အလုပ်မဟုတ်ပါဘူး၊ အသုံး ပြုဖို့ လိုအပ်ခဲ့ရင်တောင် ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေ၊ ကိုယ့်ထုံးစံနဲ့ ညီအောင် ညှိနိုင်း အသုံးပြုမှ ကိုယ်ပိုင်ဒီဇိုင်းဆိုတာ ရလာမှာပါ။ 

ရေးသားသူ။ ။ဗိသုကာ တစ်

Shopping Facilities


ဗိသုကာကျောင်းသားတွေဟာ Shopping Design project ကို ပဉ္စမနှစ်မှာ ဒီဇိုင်းထုတ်ပြုလုပ်ခွင့်ရကြတယ်။ 

ကျွန်တော်တို့ ပဉ္စနှစ်မှာတော့ စာသင်ချိန်နည်းတဲ့အတွက် အဲဒီပရောဂျက် လုပ်ခွင့်မရခဲ့ဘူး၊ ကျွန်တော်တို့နဲ့ တနှစ်တည်း သူငယ်ချင်းတွေက ဆဌမနှစ် (နောက်ဆုံးနှစ်)အတွက် စာတမ်း (Thesis) တင်ဖို့ အဲဒီပရော့ဂျက်ကို ဒီဇိုင်းလုပ်ပြီးတင်ကြတော့ ဂျူရီမှာ ဆရာကြီးတွေ ၀ိုင်းဝန်း ဆွေးနွေးပေးတာကို ကြားနာခဲ့ရတာတော့ ရှိခဲ့တယ်။ 

ဆရာမကြီး ဒေါ်မင်းသက်မွန် ဌာနမူး ဖြစ်စဉ်တုန်းကပေါ့၊ အပြင်မှာ လက်တွေ့အောင်မြင်နေတဲ့ ဗိသုကာကြီးတွေနဲ့ ဆရာဟောင်းတွေကို စုစည်းဖိတ်ကြားပြီး ဌာနမှာ စာလာသင်စေခဲ့တယ်၊  

အဲဒီထဲမှာ ကမ္ဘာကျော် ဖက်ရှင်ကုမ္မဏီကြီးတခုရဲ့ အကြံပေးဗိသုကာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာဦးမော်လင်းက Shopping facility နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ Shopping facility နဲ့ ပတ်သက်ပြီး ဆက်လေ့လာဖြစ်တယ်၊ ကျွန်တော်နားလည်ထားသလောက် ပြောပြရမယ် ဆိုရင်တော့……………….။ 

ဗိသုကာတွေအတွက် shopping design ဟာ Memorial and Symbolic architecture နဲ့ Residential architecture ပြီးရင် အခက်ခဲဆုံး အဆောက်အအုံအမျိုးအစားပဲ။ ကြိုတင်ရည်ရွယ်ထားတဲ့ လူတန်းစားတရပ်အတွက် ရည်ရွယ်ထားတဲ့ တိကျတဲ့ ပစ္စည်းအမျိုးအစားပဲ ရောင်းမယ်ဆိုတဲ့ သီးသန့်ဆိုင်အတွက် ပြနာအရမ်းမရှိပေမယ့် ဆိုင်ပေါင်းများစွာ၊ အမျိုးအစားပေါင်းများစွာ ပါဝင်ဖို့လိုတဲ့ shopping ကို ဒီဇိုင်းတွေဟာ အင်မတန် ရူပ်ထွေးခက်ခဲလှတယ်။ 

ကြိုတင်တွက်ချက်ထားလို့မရတဲ့ လူဦးရေ၊ အမျိုးအစား၊ အတန်းအလွှာတွေဟာ ကြိုတင်တွက်ထားလို့မရတဲ့ အချိန်ကာလအပိုင်းအခြားတွေမှာ၊ ကြိုတင်တွက်မထားနိုင်တဲ့ ပစ္စည်းအမျိုးအစား၊ အရေအတွက်တွေကို လာဝယ်နိုင်တယ်။ ကြိုတင်ပြင်ဆင်ထားတာထက်ပိုတဲ့ ၀န်ဆောင်မူတွေကို ပေးရတတ်သလို ကြိုတင်တွက်မထားနိုင်တဲ့ ဈေးဝယ်သူတွေရဲ့ ပြသနာတွေကို ဖြေရှင်းပေးရတတ်တယ်။

ရာသီ၊ အချိန်ကာလ၊ စီးပွားရေးအခြေအနေ စသည်ဖြင့်အကြောင်းများစွာကို အခြေခံပြီး ဆိုင်ရဲ့ အပြင်အဆင် အခင်းအကျင်းပုံစံ အားလုံးကို လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ပြောင်းလဲနေရတယ်။ ပြီးတော့ လူအများနဲ့ ကုန်ပစ္စည်းမျိုးစုံ၊ အချိန်ပြည့်ဝင်ထွက်နေတဲ့အတွက် သူတို့ရဲ့ လုံခြုံရေးကိုလည်း အချိန်ပြည့်လုပ်ဆောင်နေရတယ်။ 

အဲဒီလို ဈေးဝယ်သူ၊ ဈေးရောင်းသူ၊ ရောင်းကုန်ပစ္စည်း၊ စီမံခန့်ခွဲသူတွေအားလုံးအတွက် အဆင်ပြေပြီး ရောင်းဝယ်လုပ်ငန်း အဆင်ပြေ လည်ပတ်နိုင်တဲ့ ပုံစံဒီဇိုင်းတခုဖြစ်ဖို့ဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒီဇိုင်းထုတ်ခြင်းအခြေခံShopping ဆိုတာ ဈေးရောင်းတဲ့နေရာတခု၊ Shopping ကို ဒီဇိုင်းလုပ်တယ်ဆိုတာ ဈေးရောင်းကောင်းစေတဲ့ အဆောက်အအုံတခုကို ဒီဇိုင်းလုပ်ရတာပေါ့၊ ကိုယ့်ရဲ့ဒီဇိုင်းနဲ့ ဈေးပိုရောင်းကောင်းအောင် လုပ်ဖို့ဟာ shopping designer ရဲ့ တာဝန်ပေါ့။

အဲဒီလို ဗိသုကာဒီဇိုင်းနဲ့ ဈေးပိုရောင်းရအောင် လုပ်တယ်ဆိုတာ တင်စားပြောတာပါ၊ ဟိုအရင်တုန်းက ဈေးဆိုင်ထဲဝင်လာတဲ့ သူတွေကို ဆိုင်ထဲမှာ မဖြစ်မနေ လှည့်ပတ်ကြည့်ရအောင် လျှောက်လမ်းတွေကို loop လုပ်ထားပြီး အချိန်ဆွဲပြီး ဈေးဝယ်ဖြစ်အောင်လုပ်တယ်၊ ဒါပေမယ့် အဲဒါဟာ ဆိုင်ထဲဝင်လာသူတွေကိုသာ ၀ယ်ဖြစ်အောင် လုပ်နိုင်တယ်လေ၊ နောက်ပိုင်းကျတော့ ဆိုင်အပြင်မှာ ဖြတ်သွားဖြတ်လာ လူတွေကို ဆိုင်ထဲဝင်လာအောင် ဆွဲဆောင်နိုင်ဖို့ ဆိုင်ရဲ့ အပြင်မျက်နှာစာဒီဇိုင်းအတွက် စဉ်းစားလာကြတယ်။ ဆိုင်ရဲ့ဝင်ပေါက်တွေကိုလည်း ဆိုင်ရှေ့က လမ်းသွားလမ်းလာတွေ အလွယ်တကူဝင်လို့ရအောင်၊ ၀င်ချင်အောင်၊ ၀င်ဖြစ်အောင် ပုံစံလုပ်လာကြတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဆိုင်ထဲဝင်လာသူတွေကို ဈေးဝယ်ဖြစ်အောင် ဆိုင်အပြင်နားကလူတွေ ဆိုင်ထဲဝင်လာဖြစ်အောင် လုပ်ရုံမကဘဲ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေကိုပါ ဆွဲဆောင်နိုင်ဖို့ ကြိုးစားလာကြတယ်။  

အဲဒီအတွက် ဆိုင်ထဲမှာ ပစ္စည်းဝယ်ဖို့အပြင် စိတ်ကျေနပ် နှစ်သိမ့်မူပေးနိုင်မယ့် အခြား facility တွေပါ ထည့်သွင်းလာကြတယ်၊ လက်ရှိမှာတော့ ဈေးဝယ်သူ တဦးတည်းမဟုတ်ပဲ တမိသားစုလုံး လှည့်ပတ်ဈေးလည်နိုင်အောင် စီစဉ်လာကြတယ်။ 

အခြေခံ ယေဘူယျအားဖြင့် Shopping ရဲ့ဒီဇိုင်းကို အပြင်မျက်နှာစာ Expression နဲ့ အတွင်းပိုင်း Interior Layout လို့ နှစ်ပိုင်းခွဲနိုင်တယ်၊ အပြင်မျက်နှာစာဟာ ပတ်ဝန်းကျင်က လူတွေကို ဆွဲဆောင်ဖို့အတွက် အဓိကစဉ်းစားကြတယ်၊ အဲဒီလို စဉ်းစားရာမှာ ဈေးဝယ်မယ့်သူအမျိုးအစား၊ အဆင့်အတန်း၊ ဆိုင်တည်နေရာနဲ့ ပတ်ဝန်းကျင်အခြေအနေ၊ အနီးအနားမှာရှိတဲ့ ဆိုင်တွေရဲ့ အကွာအဝေး၊ အရေအတွက်နဲ့ ကိုယ်ရောင်းမယ့် ပစ္စည်းအမျိုးအစား ပမာဏပေါ် မူတည် အခြေခံပြီး ပုံစံထုတ်ကြတယ်။

ဥပမာ ဈေးဝယ်မယ့်သူက အရမ်းချမ်းသာတဲ့၊ ပညာအရမ်းတတ်တဲ့ ဒါမှမဟုတ် အရမ်းအဆင့်မြင့်တဲ့ (ဥပမာပေးရရင် အစိုးရပိုင်း၊ နိုင်ငံရေးပိုင်း) စသည်ဖြင့် အထက်လွှာ လူနည်းစုတွေအတွက်ပဲဆိုရင် ဆိုင်ရဲ့ သွင်ပြင်ကလည်း သူတို့လာချင်အောင် ခမ်းနားတဲ့၊ ကြီးကျယ်တဲ့၊ (ဒီဆိုင်ထဲကို လာရတာကိုပဲ ဂုဏ်ယူစရာကောင်းလောက်တဲ့) ဒီဇိုင်းမျိုးဖြစ်ရမယ်ပေါ့။  

အများအားဖြင့် အဲဒီလိုဖြစ်အောင် ဒီဇိုင်းထုတ်ရာမှာ အရမ်းအနုစိပ်တဲ့ လက်ရာတွေပါတဲ့ ရှေးဟန်နဲ့ အရမ်းခေတ်မှီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အီလက်ထရောနစ်စကရင်တွေနဲ့ စသည်ဖြင့် show window တွေနဲ့ ဒီဇိုင်း လုပ်ကြတယ်။ အားလုံးဟာ ကြီးမားတဲ့ ဒီဇိုင်းတွေများတယ်၊ အတွင်းက ဈေးဝယ်နေတဲ့ သူရဲ့ privacy ကို အဓိက ဦးစားပေးလို့ အလုံပိတ် ဖြစ်တာများတယ်။ လူအများစု ဈေးဝယ်သူကို ရည်ရွယ်ရင်တော့ လူအများစုဆိုင်ထဲကို အလွယ်တကူဝင်ဖြစ်အောင်၊ အကြိမ်ရေများများဝင်ဖြစ်အောင် ဆိုင်ရဲ့သွင်ပြင်ဟာ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့၊ သီးသန့်မဆန်တဲ့ပုံစံ ဖြစ်ရမယ်၊ အဲဒီလို ပုံစံမျိုးရဖို့အတွက် ဒီဇိုင်နာဟာ အတွင်းက active ဖြစ်နေတဲ့ ဈေးဝယ်တဲ့ လူပ်ရှားသွားလာ ရူပ်ထွေးနေတာတွေကို ပေါင်းကူးဆက်စပ်ပေးနိုင်ဖို့ စဉ်းစားခဲ့ကြတယ်၊

လေအေးပေးစက် အပြည့်တပ်ထားရလို့ အလုံဖြစ်နေပေမယ့် အချို့နေရာတွေမှာ မှန်ချပ်ကြီးတွေနဲ့ အတွင်းအပြင်ကို ဆက်စပ်ပေးတတ်ကြတယ်။ အတွင်းကပစ္စည်းတွေကို အပြင်မှာ show window တွေနဲ့ ချပြပြီးလည်း ဒီဇိုင်းလုပ်တတ်တယ်။ တခါတရံမှာ ကြီးကျယ်လှတဲ့ အဆောက်အအုံရဲ့ စကေးလ်ကို လျော့ချဖို့၊ pattern တွေ အများကြီးထည့်ပြီးလည်း လူတွေရဲ့ စိတ်မှာ သီးသန့်မဆန်အောင် လုပ်တတ်ကြတယ်။ လူတွေရဲ့ စကေးလ်နဲ့ အဆောက်အအုံမျက်နှာစာရဲ့ စကေးလ်ကို ကွာဟမူ မရှိအောင် လုပ်ယူရတာပေါ့။ 

ရှင်းလင်းတိကျတဲ့ design concept နဲ့ ရဲရင့်တဲ့ ဒီဇိုင်းနာအချို့ဟာ အတွင်းနဲ့အပြင်ကို ဆက်စပ်ပေးနိုင်ဖို့ ဆိုင်တခုလုံးကို ထွင်းဖောက်မြင်နိုင်တဲ့ မှန်အကြည်တွေနဲ့သာ ကာရန်ထားတဲ့ပုံစံမျိုးတွေလဲ လုပ်တတ်ကြတယ်။ အချို့ကတော့ အတွင်းဈေးရောင်းတဲ့ နေရာကို ကျယ်ကျယ်ပြန့်ပြန့် လိုချင်လို့ အခြား ၀န်ဆောင်မူတွေ အားလုံးဘေးကိုပို့ပြီး အပြင်က အဲဒီ ၀န်ဆောင်မူတွေကို မြင်နေရအောင်လည်း ပုံထုတ်တတ်ကြတယ်။ ဒါပေမယ့် မှန်အကြည်နဲ့ ဆိုင်တခုလုံးကာထားတာကတော့ မြန်မာပြည်လို ပူပြင်းတဲ့ဒေသမှာ လေအေးပေးစက်ဖိုးကုန်ကျတာ၊ ပြင်းထန်တဲ့ မိုးနဲ့လေကို ကာကွယ်ရတာ စတဲ့ နောက်ဆက်တွဲ ပြသနာဖြေရှင်းရတာတွေက ထည့်သွင်း စဉ်းစားရမယ့် အချက်တွေပေါ့။ သူများလုပ်လို့ ကိုယ်လိုက်လုပ်တာတော့ မဖြစ်သင့်ဘူးပေါ့။

အချို့နေ့စဉ်သုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းလို အများအပြားရောင်းတဲ့ ဆိုင်တွေမှာကြတော့ အဲဒီနေ့စဉ်သုံးပစ္စည်းရဲ့ အခြေအနေနဲ့ လိုက်ဖက်တဲ့ အသွင်အပြင်ရအောင် ဈေးပေါတယ်လို့ အမြင်ရအောင် အနုစိတ်လက်ရာမပါ၊ လက်ရာခပ်ကြမ်းကြမ်း၊ material, texture ခပ်ကြမ်းကြမ်း၊ pattern ခပ်ကျဲကျဲနဲ့ လူတွေနဲ့ ရင်းနှီးပြီးသား အဆောက်အအုံသုံးပစ္စည်း၊ ပုံစံခပ်တုံးတုံးမျိုးကို ဖန်တီးတတ်ကြတယ်။ ကြီးမားတဲ့ Shopping တခုကို ဒီဇိုင်းလုပ်ရာမှာ အခြား အဆောက်အအုံကြီးတွေကို ဒီဇိုင်းလုပ်သလိုပဲ သူတို့ရဲ့ တည်နေရာနဲ့ ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရတယ်၊ 

အဆောက်အအုံနဲ့ မြေကွက်၊ ပတ်ဝန်းကျင်အဆောက်အအုံတွေပေါ် မူတည်ပြီး ကိုယ့်ဆိုင်ရှေ့ကနေ ဆိုင်ကို ဘယ်လိုမြင်ရမလဲ၊ လမ်းပေါ်ကနေကြည့်ရင် ဘယ်လို၊ ဘယ်လောက်၊ ဘယ်အပိုင်းကို ဘယ်လောက်ထင်ရှားအောင် မြင်ရသလဲ၊ ဘယ်နေရာကကြည့်ရင် ဘယ်အပိုင်းကို မြင်ရသလဲ စတာတွေပေါ် မူတည်ပြီး ဘယ်အပိုင်းကို မြင်ရမယ့် ဘယ်နေရာက လူတွေကိုတော့ ဘယ်လိုဆွဲဆောင်နိုင်အောင် ဒီဇိုင်းလုပ်မလဲ။ အဝေးကလူဆိုရင် Form ၊ color၊ massive တွေနဲ့ ဆွဲဆောင်နိုင်လား၊ ခပ်လှမ်းလှမ်းက လူဆိုရင် အဆောက်အအုံရဲ့ ပြင်ပဒီဇိုင်း အသေးစိတ်တွေ (pattern, material, texture) တွေနဲ့ ဆွဲဆောင်မလား၊ အနီးကလူတွေကို အနုစိတ်လက်ရာတွေနဲ့ စွဲဆောင်မလား စသည်ဖြင့် ယေဘူယျဆွဲဆောင်နိုင်ပါတယ်။

ဒါပေမယ့် ကိုယ့်ရောင်းကုန်က ရှင်းလင်းတဲ့ ပုံစံနဲ့ လိုက်ဖက်တာဆိုရင် ရှင်းလင်းတဲ့ သွင်ပြင်လက္ခဏာကို ပုံစံလုပ်ရမှာပေါ့။Shopping အမျိုးအစား၊ ယေဘူယျအရွယ်အစားနဲ့ ရှိသင့်တဲ့နေရာတွေကို Time Saver Standard for Building Types, Metric Hand Book တွေကနေ ယူပြီးဖော်ပြလိုက်ပါတယ်။

အတွင်းအခင်းအကျင်းဒီဇိုင်းနဲ့ အခြား services structure စတာတွေကို ဆက်လက်တင်ပြဖို့ ရှိပါတယ်။

Shopping အမျိုးအစားများ ယေဘူယျအားဖြင့် လေးမျိုးခွဲနိုင်ပါတယ်။

1) Retail

2) Supermarket

3) Market/ Bazzar

4) Shopping Center

 ၁။ Retail shop တွေဟာ ဖက်ရှင်နဲ့ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းတွေကို အဓိကထားရောင်းတဲ့ ဆိုင်တွေဖြစ်တယ်။ ဆိုင်တွေမှာ ရောင်းတဲ့ ပစ္စည်း၊ ဆိုင်နေရာနဲ့ အရွယ်အစားပေါ်မူတည်ပြီး Convenient store, Specitality, Varity store & Departmental store ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်ကြတယ်။

Convenient store က အကြောင်းအရာတခုကြောင့် တနေရာကို ရောက်နေတဲ့အခါ အဲဒီနေရာနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို အလွယ်တကူ ၀ယ်ယူလို့ရတဲ့ ဆိုင်ခန်းငယ်လေးကို ခေါ်တာပါ၊ များသောအားဖြင့် ပစ္စည်းတွေ ခင်းကျင်းပြထားပြီး ကိုယ်ကြိုက်တဲ့ ပစ္စည်းရွေးပြီး ငွေရှင်းတဲ့နေရာမှာ သွားရောက်ငွေရှင်းရတဲ့ ဆိုင်ငယ်ပါ။ ဥပမာ ဓါတ်ဆီဆိုင်နားမှာရှိတဲ့ ကားနဲ့ပတ်သက်တဲ့ ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေပေါ့။ 

Specitality store ကတော့ တူညီတဲ့ ပစ္စည်းအမျိုးအစားကို ဆိုင်ခန်းတွေတွဲပြီး ရောင်းချလေ့ရှိပါတယ်၊ ဥပမာ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ပေါ့၊ ဟိုတယ်တွေ၊ ခရီးသွားတွေ သွားလာတတ်တဲ့ နေရာတွေမှာ အတွေ့ရများတယ်။Varity store ကတော့ အပေါ်ကဆိုင်တွေလိုအပြင် ဘဏ်ဝန်ဆောင်မူ၊ အစားအသောက်တန်း စသည်ဖြင့် မျိုးစုံပါဝင်တဲ့ အလယ်အလတ် shopping တွေကို ဆိုလိုတာပါ၊ Metric Hand Book ထဲမှာ စတုရန်းပေ ၁၀၀၀၀၀ နဲ့ ၁၅၀၀၀၀ ကြားမှာရှိတယ်လို့ပြောပါတယ်၊ များသောအားဖြင့် တစ်ထပ်၊ နှစ်ထပ်ထိရှိတတ်ပါတယ်။

အဲဒီဆိုင်တွေထက် ပိုကြီးပြီး ပိုစုံတဲ့ ပစ္စည်းရောင်းတဲ့ဆိုင်ကိုတော့ Departmental store လို့ခေါ်ကြတယ်၊ သူတို့မှာကားရပ်နားဖို့နေရာတွေ ပါဝင်တာကြောင့် အဓိကလမ်းမကြီးတွေမှာ ရှိတယ်။ Departmental store တွေဟာ ကြီးမားပြီး အရေအတွက်ရော၊ အမျိုးအစားစုံလင်တဲ့အတွက် ဈေးဝယ်တဲ့ ပုံစံတွေလဲ စုံလင်တယ်။ ဒါကြောင့် သူ့ရဲ့ပုံစံဟာ အထပ်နိမ့်ကနေ အထပ်များစွာ ပါဝင်တဲ့ အဆောက်အအုံတွေ ဖြစ်နိုင်တယ်။ ဆိုင်ခန်းတခုချင်း သီးသန့်စီမံခန့်ခွဲတာ ဖြစ်နိုင်သလို စတိုးကြီးတခုလုံးကို အဖွဲ့အစည်းတခုက စုစည်းစီမံတာလည်း ဖြစ်နိုင်တယ်။

 ၂။ Supermarket တွေဟာ စားသောက်ကုန်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းနဲ့ နေ့စဉ်အိမ်သုံးပစ္စည်းတွေကို ရောင်းတဲ့ဆိုင်တွေပါ၊ နေ့စဉ် သုံးပစ္စည်းရောင်းတာဖြစ်တဲ့အတွက် နေ့စဉ်ပစ္စည်း အ၀င်အထွက်၊ လူအ၀င်အထွက်ကလည်း များလှပါတယ်။ ဒါကြောင့်လည်း အဲဒီဆိုင်တွေဟာ ကိုယ်တိုင်ရွေး၊ ကိုယ်တိုင်ယူ၊ ငွေရှင်းစနစ်ကို ကျင့်သုံးတာများပါတယ်။ အခြေခံလူသုံးကုန်ပစ္စည်းတွေဖြစ်လို့လည်း လူပေါင်းစုံရှိတာများပါတယ်၊ ကိုယ်တိုင်ရွေးပြီး လက်တွန်းခြင်းလှည်းနဲ့ ဈေးဝယ်ကြတာဖြစ်လို့ တစ်ထပ်သာ ရှိတတ်ပါတယ်၊ မဖြစ်မနေ ခွဲရရင်လည်း အချို့ဝန်ပေါ့၊ ၀န်ပွတွေကို အပေါ်ထပ်မှာထားတတ်ကြပါတယ်။

ဒီလိုဆိုင်မျိုးမှာ structural grid, general light က အရေးပါပါတယ်။ ဒီဆိုင်ကိုတော့ ဆိုင်ကြမ်းခင်းဧရိယာတင်မကပဲ၊ နေ့စဉ်ပစ္စည်းအ၀င်အထွက်၊ ငွေအ၀င်အထွက်ပေါ်မှာ မူတည်ပြီးလည်း ဆိုင်အရွယ်အစားအခေါ်အဝေါ်ကို သတ်မှတ်ကြတယ်။convenient store, 24 hour store, kitchen mart စတဲ့ဆိုင်ငယ်တွေဟာ ရပ်ကွက် လူနေအိမ်တွေကြားမှာ ရှိတတ်တယ်၊

 Supermarket ကတော့ အဲဒီဆိုင်တွေထက် ကြီးပြီး ဧရိယာ စတုရန်းပေ ၁၀၀၀၀ ကနေ ၂၅၀၀၀ လောက်ရှိတတ်တယ်။ အဆင်သင့်စားသောက်လို့ရတဲ့ ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေပါရောင်းတယ်။

Hypermarket တွေကတော့ စားသောက်ကုန်တွေအပြင် အိမ်သုံးပစ္စည်းတွေကို ပိုရောင်းလာလို့ ငါးဆယ်ရာနူန်းစီလောက် ရှိကြတယ်၊ ပိုလည်းကြီးပြီး ဧရိယာ စတုရန်းပေ ၂၀၀၀၀၀ ၀န်းကျင်လောက်ရှိတယ်။ မြို့နယ်တွေမှာ တခုစီလောက်ပဲရှိတတ်တယ်၊ လမ်းမကြီးတွေရဲ့ဘေးမှာ ရှိပြီး ကားအ၀င်အထွက် Parking တွေ ပါတတ်တယ်။ ကိုယ်တိုင်ပစ္စည်းယူပြီး ငွေရှင်းကောင်တာမှာ သွားရှင်းရတဲ့အခါ ငွေရှင်းကောင်တာတွေဟာ တနေရာထဲမှာ စုထားတတ်တယ်၊ ဒါကြောင့် ဆိုင်ရဲ့ မျက်နှာစာလည်း ငွေရှင်းကောင်တာတွေအတွက် လိုတဲ့ အကျယ်နဲ့ ဆိုင်ဝင်ပေါက်အတွက် လုံလောက်တဲ့ အကျယ်ရှိဖို့လိုတယ်။

၃။ Shopping Center ၊ အထက်ပါဆိုင်တွေအားလုံးကို တနေရာထဲမှာ စုထားပြီး Entertainment Facility, Bank, Relaxation စသည်ဖြင့် အခြား Facility တွေများစွာပါတဲ့ ဆိုင်ခန်းစုကြီးကို Shopping Center လို့ခေါ်ပါတယ်။ အရွယ်အစားပေါ်မူမတည်ပဲ ဆိုင်ခန်းတွေရဲ့ စုပေါင်းပုံစံနဲ့ အမျိုးအစား၊ နေရာ အနေအထားပေါ် မူတည်ပြီး Shopping Mall, Shopping Complex, Retail Park, Regional Shopping Center စသည်ဖြင့်ခေါ်ဝေါ်ကြတယ်၊

မိသားစုလိုက် အပန်းဖြေအနားယူရာ၊ ရုပ်ရှင်ရုံကြီးတွေ၊ ကလေးကစားကွင်းတွေ စသည်ဖြင့် စုံလင်စွာပါရှိပါတယ်။

၎။ Market/ Bazzar တွေကတော့ ယခင်ရိုးရာကတည်းကရှိခဲ့တဲ့ ဈေးတွေပေါ့၊ open market, wet market စသည်ဖြင့် ခေါ်ကြတယ်။ မြို့ကြီးတွေမှာတော့ အခိုင်အမာတည်ဆောက်ထားတဲ့ ဆိုင်ခန်းတွေပါဝင်တဲ့ ဈေးကြီးတွေရှိတယ်၊ သူ့ရဲ့ထူးခြားချက်က ဆိုင်ခန်းတခန်းချင်းစီမှာ အတွင်းဝင်ဈေးဝယ်လို့မရပဲ ဈေးဝယ်သူက လိုချင်တဲ့ ပစ္စည်းပြော၊ ဈေးရောင်းတဲ့သူက ပစ္စည်းရှာပေး၊ ရွေးပေး၊ ပြီးတော့ ငွေကိုလည်း တခါတည်းရှင်းလိုက်ရတာ၊ personal services ပေးတဲ့ဆိုင်တွေပေါ့။ ဆိုင်ခန်းတခန်းချင်းစီကို တဦးချင်းစီ သီးခြားပိုင်ဆိုင်ကြပြီး သီးခြားစီမံခန့်ခွဲကြတယ်၊  

အချို့နယ်ဒေသတွေမှာ open market တွေဟာ ယာယီဆိုင်ခန်းတွေ လက်တွန်းလှည်းတွေနဲ့ ဆိုင်ခန်းတွေကို ဖွင့်တယ်၊ မြို့ထဲမှာလည်း ညဈေးတွေနဲ့ လမ်းပေါ်ပျံကျဈေးတွေဟာ open market တွေပေါ့၊ wet market တွေကတော့ ဟင်းသီးဟင်းရွက်၊ သားငါးတွေ အဓိကရောင်းတဲ့ ဆိုင်ခန်းတွေပါတဲ့ဆိုင်တွေပေါ့၊ ဆိုင်ခန်း သတ်သတ်မှတ်မှတ် ရှိတတ်သလို ယာယီ open market တွေလည်းရှိတတ်ပါတယ်။ 

ရေးသားသူ။ ။ဗိသုကာ တစ်

Monday 2 April 2012

Basic Architecture & Me (Part II)

လူအများစုအတွက်တော့ အိမ်လေးတလုံးကို ဒီဇိုင်းလုပ်တာ သာမာန်လောက်ပဲဖြစ်မယ်၊ လွယ်ကူကောင်းလွယ်ကူနိုင်မယ်။ ကျွန်တော်ကတော့ ကျောင်းသားဘ၀ထဲက အခြားအဆောက်အအုံ အမျိုး အစားတွေကိုပဲ စိတ်ကျေနပ်အောင် လုပ်နိုင်ခဲ့ပြီး အိမ်ဒီဇိုင်းနဲ့ ပတ်သက်ပြီး အားနည်းခဲ့တယ်။ ပတ်ဝန်းကျင်မှာ ရှိနှင့်ပြီးသားအိမ်တွေရဲ့ လွှမ်းမှိုးမူကို အလွန်အမင်းခံခဲ့ရတဲ့ ကျွန်တော့်အနေနဲ့တော့ ဒါဟာ အင်မတန် ခက်ခဲ့တဲ့ ဒီဇိုင်းတခုပါပဲ။ 

အိမ်တလုံးကို Function ပြေလည်ရုံတခုထဲ မဟုတ်ပဲ အမြင်မှာလည်း ကိုယ်လိုချင်တဲ့ Appearance ရဖို့ Expression ကို ပေးနိုင်ဖို့အတွက် ကျောင်းပြီးစတုန်းက အလုပ်အကိုင် မည်မည်ရရ မရှိပဲ အိမ်ဒီဇိုင်းတွေပဲ နှစ်နဲ့ချီ လေ့ကျင့်ရေးဆွဲနေခဲ့ရတယ်။ 

•အိမ်တလုံးကို ကြည့်လိုက်ရင် Solid ဆိုတဲ့ Effect ရဖို့ တံခါးတွေနဲ့ အခြား အဖွင့် ( Opening) တွေကို အပြင်က မမြင်ရအောင် ဒီဇိုင်းလုပ်တာမျိုး။

•ကျောင်းမှာ သင်ခဲ့ရတဲ့ ဒီဇိုင်း Elements တွေထဲက Plane ဆိုတဲ့ Effect ကို ပေးတဲ့ အိမ်ပုံစံ တခုရဖို့ အမိုးတွေ ကြမ်းခင်းတွေကို အတတ်နိုင်ဆုံး ဖျောက်ပြီး နံရံချပ်တွေကို ဦးစားပေးပြီး၊ နံရံတွေ တခုနဲ့တခု ဆက်တဲ့နေရာမှာ Box Effect ဖြစ်မသွားအောင် ဂရုတစိုက် စဉ်းစားရင်း ပုံစံလုပ်ခဲ့တာမျိုး၊

•အပြင်နံရံတွေကို တတ်နိုင်သမျှ မေးမှိန်အောင် လုပ်ပြီး ကြမ်းခင်းနဲ့ အမိုးတွေကိုပဲ ထင်ရှားအောင် ဒီဇိုင်းလုပ်၊ အရေးကြီးတဲ့ အတွင်းပိုင်းက နံရံ အချို့ကိုပဲ Solid Wall တွေ ပေးခဲ့တာမျိုး၊

•အမိုးနဲ့ ကြမ်းခင်းတွေကို Plane တွေအဖြင့် ထင်ရှားစေအောင်လုပ်ပြီး နံရံတွေကို အမိုးနဲ့ ကြမ်းခင်းကြား ဆက်စပ်တဲ့ Design Element တွေအဖြစ် သုံးကြည့်ခဲ့တာမျိုး၊

•အတန်းထဲမှာ သင်ခဲ့ရတဲ့ Box တွေ Plane တွေအပြင် Line တွေကိုပါ စုံအောင် သုံးပြီး အနည်းငယ် ပိုအနုစိပ်တဲ့ ဒီဇိုင်းမျိုး၊ ဒါ့အပြင်

•အနည်းငယ် ပေါ့ပါးဟန်ရှိတဲ့ တိုင်တွေနဲ့ ကြမ်းခင်းတွေ၊ အမိုးတွေကို ဦးစားပေး ဒီဇိုင်းလုပ်တာမျိုး စသည်ဖြင့် အိမ်ရဲ့ အဂါင်္ရပ်တွေဖြစ်တဲ့ အမိုးတွေ၊ နံရံတွေ ကြမ်းခင်းတွေ၊ တိုင်တွေကို ကျောင်းမှာ သင်ရတဲ့ Box တွေ Plane တွေအပြင် Solid တွေ Void (Opening) တွေ Line တွေနဲ့ အစားထိုးပြီး အမျိုးမျိုး လေ့ကျင့်ဒီဇိုင်းလုပ်ခဲ့တယ်။

 အဲဒီလိုနဲ့ ရစ်ချတ်မီယာ (Richard Mier) ရဲ့ Church 2000 (Jubilee Church) လိုဒီဇိုင်းတွေ၊ တာဒါအိုအင်ဒို (Tadao Ando) ရဲ့ အိမ်တွေ၊ ကျွန်တော် သိပ်နှစ်သက်ခဲ့တဲ့ ရစ်ချတ်နျှူတာ (Richard Neutra) ရဲ့ အိမ်တွေ၊ အိုင်အင်ပေး (I.M.Pei) ရဲ့ တြီသြမေတြီထုသွင်တွေ၊ ကိုကြည့်ပြီး ကူးဆွဲ လေ့ကျင့် ဖြစ်ခဲ့ပါတယ်။

Church 2000, Richard Mier

အဲဒီလို နှစ်နှစ်လောက်ကြာအောင် လေ့ကျင့်ခဲ့ပြီးတဲ့အခါမှာ အိမ်တစ်လုံးကို ဘယ်လို Effect မျိုးလိုချင်ရင် ဘယ်လို Design Element တွေနဲ့ ဘယ်နည်းတွေ သုံးပြီး လုပ်ရမယ်၊ ပြီးတော့ Design element တွေ တခုနဲ့တခု ဘယ်လို တွဲဆက် အသုံးပြုရမယ်ဆိုတာတွေကို အတော်လေး နားလည်လာခဲ့ပါတယ်။

(၂၀၀၀) ခုနှစ်နောက်ပိုင်းမှာ ကျောင်းဆရာ ၀င်လုပ်ဖြစ်တဲ့အခါမှာတော့ အိမ်တစ်လုံး ဒီဇိုင်းလုပ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အခြား သဘောတရားတွေ အကြောင်း ပိုသိလာခဲ့တယ်။

အိမ်တစ်လုံးမှာ ပါဝင်နေကျ အခြေခံလိုအပ်တဲ့ Functional Requirement တွေနဲ့ အမိုး၊ နံရံ၊ အခင်း၊ အဖွင့် (opening) ဆိုတဲ့ အခြေခံ အဆောက်အအုံအဂါင်္ရပ်အပြင် အမျိုးမျိုးသော ရာသီဥတု ဒဏ်က ကာကွယ်ပေးနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကနေ လုံခြုံမူ (privacy) ပေးနိုင်ဖို့ ထည့်သွင်းစဉ်းစားရတဲ့ (design elements) တွေ၊ လူတွေရဲ့နေ့စဉ်ဘ၀တွေကို စက်ရုပ်တွေလို ပုံသွင်းထားသလို ဒီအခန်းမှာထိုင်၊ ဒီအခန်းမှာစား၊ ဒီအခန်းမှာအိပ်ဆိုတဲ့ အခန်းတွေနဲ့ ဖွဲ့စည်းထားတာအပြင် အခြေခံလုပ်ရမယ့် အလုပ်တွေထက်ပိုတဲ့ လူ့စိတ်ကို ကျေနပ်မူပေးနိုင်မယ့် အလုပ်တွေလုပ်နိုင်ဖို့၊ လူတွေရဲ့ စိတ်ကိုပြောင်းလဲ ကျေနပ်မူ၊ ဖျော်ဖြေမူနဲ့ သက်တောင့်သက်သာရှိမူ ပေးနိုင်ဖို့ Flexible ဖြစ်စေမယ့် Space တွေနဲ့ အဲဒီလို Space တွေ ပေးနိုင်မယ့် (design elements) တွေ အကြောင်း။

အိမ်ဟာ Luxury House ဆိုရင် သူ့မှာ ပါဝင်သင့်တဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဇိမ်ခံနိုင်မယ့် နေရာ (ဥပမာ မြင်ကွင်းကောင်းတဲ့နေရာ၊ လွတ်လပ်တဲ့ Semi-Open Space တွေကို ထည့်သွင်းနိုင်ဖို့အတွက် ပုံမှန်လုပ်နေကျ Economy နဲ့ Function ဦးစားပေးတဲ့ Compact Design တွေအပြင် ပိုပြီး လွတ်လပ်တဲ့ Planing Configuration/ Spatial Organization တွေ အကြောင်း….. စသည်ဖြင့်ပေါ့။

အဲဒီလို အခြေခံလိုအပ်ချက်ထက်ပိုတဲ့ (design elements) တွေနဲ့ Luxury House တွေကို ဒီဇိုင်းလေ့ကျင့်ရတာဟာလဲ ကျွန်တော့်အတွက်တော့ အတော့်ကို ခက်ခဲခဲ့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းလုပ်တဲ့အခါမှာ ဆောက်လုပ်စရိတ် သက်သာစေဖို့နဲ့ တည်ဆောက်ရတာ လွယ်ကူဖို့ ဦးစားပေး စဉ်းစားတတ်တာ အကျင့်ပါနေလို့ပါပဲ။ အဲဒီတော့ အပို ကုန်ကျမယ့် နေရာ ဖန်တီးမူ အဆောက်အအုံပစ္စည်းတွေနဲ့ ပိုပြီး သပ်ရပ်အောင်၊ ကြာရှည်ပိုခံအောင်၊ ပိုစနစ်ကျအောင် လုပ်ရတဲ့ အသေးစိပ် ဗိသုကာလက်ရာ (Architectural Detailing) တွေကို လုပ်ဖို့အတွက်လည်း အများကြီး လေ့ကျင့်ဖို့ လိုအပ်ခဲ့ပါတယ်။ 

ရေးသားသူ။ ။ ဗိသုကာ တစ်