Sunday 1 April 2012

I.M.Pei


I.M.Pei သည် အဆောက်အအုံနှင့် သဘာဝ ပတ်ဝန်းကျင်တို့၏ ပေါင်းစပ် ဖွဲ့စည်းမူကို နှစ်သက်သူဖြစ်သည်။ အထူးသဖြင့် Light and Shadow တို့၏ ရောယှက်ဖြစ်တည်မူကို နှစ်သက်၏။ ထို့ပြင် ကျဉ်းမြောင်းသည့် ဗိသုကာပညာရပ်ဆိုင်ရာ အယူအဆ ပြဿနာများဖြင့် သူ့ကိုယ်သူ ကန့်သတ်ရန် ငြင်းဆန်ခဲ့သူဖြစ်သည်။
 

I.M.Pei ဟု လူသိများသည့် Ieoh Ming Pei ကို (၁၉၁၇) ခုနှစ်တွင် တရုတ်နိုင်ငံ ကန်တုံမြို့တွင် မွေးဖွားခဲ့သည်။ သူ၏ ဖခင်မှာ ထင်ရှားသည့် ဘဏ်လုပ်ငန်းရှင် တဦးဖြစ်သည်။ အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်၊ (၁၉၃၅) ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး ဗိသုကာပညာရပ် ကို လေ့လာခဲ့သည်။(၁၉၄၀) ခုနှစ်တွင် MIT မှ ဗိသုကာဘွဲ့ကို ရရှိခဲ့သည်။ 

ထို့နောက် ဒုတိယကမ္ဘာစစ်ကြောင့် တရုတ်နိုင်ငံသို့ မပြန်ဖြစ်သေးပဲ (၁၉၄၂) ခုနှစ်တွင် “ Harvard Graduate School of Design” သို့တက်ရောက်ပြီး ဗိသုကာ ဝေါ်လ် တာ ဂရိုးပီးယတ်စ် (Walter Gropius) ၏ လက်အောက်တွင် ဆက်လက်လေ့လာခဲ့သည်။ (၁၉၄၆) ခုနှစ်တွင် မဟာဗိသုကာဘွဲ့ကို ရရှိခဲ့ပြီး သူ၏ စာတမ်း ဒီဇိုင်းပရော့ဂျက် နှင့်ပတ်သက်၍ ဂရိုးပီးယတ်စ် က “ကျွန်ုပ်တွေ့ဘူးသမျှ ကျောင်းသာလက်ရာတွေထဲမှာ အကောင်းဆုံးပဲ” ဟု ချီးကျူးပြောကြားခဲ့သည်။ 

(၁၉၄၈) ခုနှစ်တွင် Webb & Knapp ကုမ္မဏီတွင် ဗိသုကာဆိုင်ရာဒါရိုက်တာ အဖြစ် တာဝန်ယူခဲ့သည်။Pei သည် (၁၉၅၄) ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့ပြီး (၁၉၅၅)တွင် I.M.Pei & Associate ကို တည်ထောင်ခဲ့သည်။ သူ၏ အစောပိုင်းလက်ရာများတွင် မီးစ်ဗင်ဒါရိုး ၏ လွှမ်းမိုးမူများရှိခဲ့သော်လည်း ကော်လိုရာဒို ပြည်နယ်ရှိ “ National Centre for Atmosphere Research” အဆောက်အဦးမှစ၍ သူ၏ ကိုယ်ပိုင်ဟန် ပေါ်ထွက်လာခဲ့သည်။

Pei ၏ဘ၀ တလျှောက် ပြတိုက် (Museum) အဆောက်အအုံများစွာကို ဒီဇိုင်းထုတ်ခဲ့ပြီး ယင်းတို့အနက် ၀ါ ရှင်တန် ဒီစီ မြို့တော်ရှိ National Gallery of Art ၏ အရှေ့ဘက်ခြမ်း အဆောက်အအုံ (East Wing) မှာ အထင်ရှားဆုံး ဖြစ်သည်။ ထိုအဆောက်အအုံ၏ ဖွဲ့စည်းပုံတွင် တြိဂံပုံအပိုင်း နှစ်ပိုင်းပါဝင်ပြီး ပထမတပိုင်းတွင် Gallery များပါဝင် သည်။ နောက်တပိုင်းတွင် အုပ်ချုပ်ရေးနှင့် သုတေသနဌာနများ ပါဝင်သည်။ ထိုတြိဂံပုံအပိုင်းနှစ်ခု၏ အလယ်တွင် skylight ရရှိသည့် အလယ်ဟင်းလင်း (courtyard) တည်ရှိပြီး တိုင်မပါသည့် လျှောက်လမ်းများဖြင့် တံတားသဖွယ် ဆက်သွယ်ထားသည်။ ထိုအဆောက်အအုံ၏ လှပခမ်းနားမူကြောင့် ဗိသုကာဝေဖန်ရေးဆရာမ Ada Louise Huxtable က “Pei ဟာ အမေရိကားရဲ့အတော်ဆုံး ဗိသုကာပညာရှင်ပါပဲ” ဟုပြောခဲ့ဖူးသည်။

National Gallery of Art


National Gallery of Art

 
Pei ၏ တခြားသော ခေတ်ပြိုင် ဗိသုကာများနှင့် ကွာခြားချက်မှာ ဗိသုကာဆိုင်ရာပတ်ဝန်းကျင်ကို အလေးထားခြင်း ဖြစ်သည်၊ ဥပမာ East Wing အဆောက်အအုံ၏ အရောင်နှင့်အမြင့်မှာ လက်ရှိပင်မအဆောက်အအုံ အဟောင်းနှင့် ကွာခြားမူမရှိလှပေ။ ဖီလဒဲဖီးယားပြည်နယ်တွင် (၁၉၅၀) ခုနှစ်က တည်ဆောက်ခဲ့သည့် လူနေတိုက်ခန်း အဆောက် အအုံတွင် ထိုဒေသထွက် အုတ်အမျိုးစားကိုသာ အသုံးပြုထားသည်။ 

ထို့ပြင် ဘေဂျင်းမြို့တွင် (၁၉၈၃)ခုနှစ်က တည်ဆောက်ခဲ့သည့် Fragrant Hill hotel နှင့် ထိုင်ဝမ်တွင် (၁၉၆၄) ခုနှစ်က တည်ဆောက်ခဲ့သည့် Luce Chapel အဆောက်အအုံတို့တွင် အရှေ့တိုင်းဗိသုကာပညာ၏ Form နှင့် Detail များကို အသုံးပြုထားပေသည်။

 (၁၉၈၀) ၀န်းကျင်ခုနှစ်များတွင် Pei သည် “Curtain Glass Construction” ဖြင့် အထူးနာမည်ကျော်ကြားခဲ့သည်၊ ထိုအချက်ကို ပဲရစ်မြို့ရှိ လုဝ်ပြတိုက် (Louvre Museum) က ထပ်မံသက်သေပြခဲ့သည်၊ (၁၉၈၇) ခုနှစ်တွင် လုဝ်ပြတိုက်ကို ပြင်ဆင်တိုးချဲ့မူအတွက် ဒီဇိုင်းပြုလုပ်ခွင့်ကို ရရှိခဲ့သည်။ ပြတိုက်၏ အဓိကအ၀င်ဝ အသစ်အဖြင့် ကြီးမားသည့် ပိရမစ်ပုံ မှန်အဆောက်အုံတခုကို Pei က ဒီဇိုင်းရေးဆွဲခဲ့သည်၊ ထိုပိရမစ်သည် ပင်မဆောင် သုံးခုရှိ ပြခန်းများကို သွားရောက်ရန် အဓိက လမ်းကြောင်းအဖြစ် ဆက်သွယ်ပေးထားပြီး Courtyard အောက်ရှိ ကြီးမားသည့် နေရာ (space) ကို သဘာဝအလင်းရောင် ရရှိစေသည်။

Lourve


I.M.Pei ၏ အခြားထင်ရှားသည့် လက်ရာများတွင် ဟောင်ကောင်ရှိ “The Bank of China”၊ ကလယ်ဗာလန်းရှိ “Rock and Roll Hall of Fame Museum၊ ဘော်စတွန်အနီးရှိ “John Fitggerald Kennedy Library”၊ တရုတ်နိုင်ငံရှိ “Frangrant Hill Hotel နှင့် Suzhou Museum”၊ ဂျပန်နိုင်ငံရှိ “Miho Museum” နှင့် ကာတာရှိ “Museum of Islamich art” တို့ပါဝင်သည်။


Bank of China


Rock and Roll Hall of Fame Museum

I.M.Pei သည် ဗိသုကာပညာရပ်ဆိုင်ရာ ဆုတံဆိပ်များစွာကို ချီးမြှင့်ခြင်းခံရပြီး (၁၉၇၉) ခုနှစ်တွင် အေအိုင်အေ၏ ရွှေတံဆိပ် (Gold Medal)၊ (၁၉၈၁) ခုနှစ်တွင် French Academie d’Architecture ၏ Gold Medal နှင့် (၁၉၈၃) ခုနှစ်တွင် ပရစ်စကာဆုတို့ကို ရရှိခဲ့သည်။

 I.M.Pei သည် (၁၉၉၀) ခုနှစ်တွင် သူ၏အလုပ်မှ အနားယူခဲ့သည်။ အားလပ်ချိန်များတွင် ပန်းဥယျာဉ် စိုက်ပျိုးခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။ I.M.Pei တွင် သားသမီးလေးယောက် ရှိသည့်အနက် သားနှစ်ယောက်မှာ ဗိသုကာပညာရှင် အဖြစ် သူ၏လုပ်ငန်းကို ဆက်လက် ဦးဆောင်လုပ်ကိုင်လျှက်ရှိပါသည်။

ရေးသားသူ။ ။ ဗိသုကာ သုံး

No comments:

Post a Comment