Saturday 7 April 2012

Charles Gwathmey’ Residence

Charles Gwathmey’ Residence

“မိဘတွေကို အနုပညာလေးတခု ပြုလုပ်ပေးခဲ့ပြီးပြီပဲ၊ ဒီထက်ကောင်းတာ ဘာရှိအုံးမှာလဲ” တဲ့၊  

ဗိသုကာ ချားလ်ဂွာမေက အမြဲတမ်း ပီတိဖြစ်နေခဲ့တယ်၊ အနုပညာလေးတခု၊ မိဘတွေအတွက် သူ လုပ်ပေးခဲ့တာက မိဘတွေနေထိုင်ဖို့ အိမ်လေးတစ်လုံး၊ သူ ဒီဇိုင်းလုပ်ခဲ့ရတယ်၊ အဲဒီအိမ်လေးက ဗိသုကာပညာမှာ တကယ့်အခြေခံအသက်ဖြစ်တဲ့ တြီသြမေတြီအစိပ်အပိုင်းလေးတွေနဲ့ နေရာဆိုတာလေးကို ကဗျာဆန်စွာဖန်တီးခဲ့တာပါ၊ 

အိမ်လေးက လေးဒေါင့်တုံးရယ်၊ တြိဂံနဲ့ ဆလင်ဒါအစိပ်အပိုင်းလေးနဲ့ ဖွဲ့စည်းထားတယ်၊ တစ်ထောင့်နှစ်ရာ စတုရန်းပေသာရှိတဲ့ အိမ်လေးကို ဆောက်ဖို့ တည်ဆောက်သူကို ငှားတော့လည်း အခုမှ အလုပ်စလုပ်ဖူးသူပါပဲ၊ အိမ်လေးကို (၁၉၆၆) ခုနှစ်မှာ တည်ဆောက်ခဲ့တယ်၊ ဒီအိမ်လေးပြီးသွားတော့ ဓါတ်ပုံတွေ ရိုက်ယူပြီး ဗိသုကာ ဖီးလစ်ဂျွန်ဆင်ကို ပြသခဲ့တယ်၊ ဂျွန်ဆင်က “ဒါ အရမ်းအရေးကြီးတဲ့ အလုပ်ပဲ” လို့ ဆိုလိုက်မှ သူ သူ့ဒီဇိုင်းလေးအတွက် စိတ်ရှင်းရှင်းနဲ့ပျော်ခဲ့ရတယ်၊

ဒီအိမ်လေးကြောင့်ပဲ မော်ဒန်ဗိသုကာအဆောက်အုံတွေ ခေတ်စားနေတဲ့အချိန်မှာ သူ တရှိန်ထိုးနံမည်ရခဲ့တာပါ၊“ကုဗတုံးလေးကို နေထိုင်လို့ရအောင် ထွင်းထုလိုက်တာပါပဲ” လို့ ဂွာမေလ်က ပြောပါတယ်၊ မူလ တြီသြမေတြီပုံကို ဘာမှ ထပ်တိုးပြင်ဆင်မွှမ်းမံတာမျိုးလည်း မရှိဘူး၊ အိမ်လေးမှာ ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ အိပ်ခန်းနဲ့ စတူဒီယို၊ ဧည့်သည်အိမ်ခန်းနဲ့ အလုပ်ခန်းတို့ ပါဝင်တယ်၊ အောက်ထပ်မှာ ဧည့်သည်အိပ်ခန်း၊ အလုပ်ခန်းနဲ့ အမိုးပါတဲ့ ကပြင်လေးတို့ရှိတယ်၊ ထမင်းစားခန်းဧည့်ခန်းနဲ့ မီးဖိုခန်းတို့က ဒုတိယထပ်မှာ၊ တတိယထပ်မှာ အိပ်ခန်းကြီးနဲ့ စတူဒီယိုရှိပြီး ၀ရန်တာကနေ အောက်ထပ် ဧည့်ခန်းကို လှမ်းမြင်ရမှာပါ၊ အတွင်းမှာရော အပြင်မှာပါ စီဒါသစ်သားကို အသုံးပြုတည်ဆောက်ထားလို့ အိမ်လေးရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝနဲ့လည်း သဟဇာတရှိနေပါတယ်၊

“ဘယ်လောက်ပဲ သေးငယ်တဲ့ အိမ်လေးပဲ ဖြစ်ပါစေ၊ နန်းတော်၊ မိုးပျံအဆောက်အအုံတွေဆောက်သလိုပဲ ဗိသုကာပညာဟာ အရေးကြီးလှပါတယ်” လို့ ဂွာမေလ်က အမြဲခံယူလေ့ရှိပါတယ်။

ရေးသားသူ။ ။ဗိသုကာ နှစ်

No comments:

Post a Comment