Tuesday 10 April 2012

Villa Mariea

မယ်ရစ်ယာစံအိမ် (၁၉၃၈-၃၉) Villa Mariea



နေထိုင်စရာအိမ်တစ်လုံးကို ဒီဇိုင်းဆွဲတဲ့အခါ လူတို့အတွက်ဖြစ်တဲ့ နေဖို့ စားဖို့၊အိပ်ဖို့ စတဲ့ အခြေခံလိုအပ်ချက်ကို နေချင်စဖွယ်ကောင်းအောင် ပုံစံရေးဆွဲပေးရခြင်းအပြင် သူရရှိနိုင်မယ့် နေရာပမာဏ၊ တည်ရှိရာနေရာအကျယ်အဝန်း၊ ပြီးတော့ နေထိုင်တဲ့သူတွေရဲ့နေထိုင်အသုံးပြုပုံကို လိုက်လို့ ဗိသုကာတို့ရဲ့ ဒီဇိုင်းဖန်တီးချက်တွေဟာ မတူကြတော့ဘူး။

ဒ‘ါ့အပြင် ဗိသုကာတစဦးချင်းစီရဲ့ ဗိသုကာပညာအသုံးချမှုအပေါ်မူတည်ပြီး အိမ်ရဲ့ဒီဇိုင်းပေါ်ထွက်လာရတယ်။ နေထိုင်သူတွေ အတွက် စိတ်ကျေနပ်မှု ရရှိရုံမျှနဲ့တင်လည်း ဒီဇိုင်းအောင်မြင်တယ်လို့မဆိုနိုင်သေးဘူး။

 အဆောက်အဦး ပေါ်ထွက်လာမယ့် သူ့ရဲ့ပါတ်ဝန်းကျင်အပေါ် လွှမ်းမှိုးနိုင်မှုနဲ့ လူအများကြည့်ရှုလို့ နှစ်သက်ခံရမှုပေါ်မှာလည်း မူတည်သေးတယ်။ ဒ‘ါကြောင့်တစ်ချို့သော ဗိသုကာတွေရဲ့ အကောင်းဆုံးလက်ရာ (masterpiece) ရယ်လို့ ထင်ပေါ်လာရခြင်းပေပဲ။ ကမ္ဘာကျော်တဲ့ တိုင်အောင် နာမည်ကြီးခဲ့တဲ့ အိမ်တွေအများကြီးရှိပါတယ်။ နှစ်ဆယ်ရာစုခေတ် ဗိသုကာကြီးတွေဖြစ်တဲ့ ဖရန့်လွိုက်ရိုက်ရဲ့ ရေတံခွန်ပေါ်ကအိမ် (ဖောလင်းဝါးတာ)း၊ မီးစ်ဗင်ဒါရိုးရဲ့ ဖရန့်ဝေါ့ဟောက်စ်၊ ဖီးလစ်ဂျွန်ဆင်ရဲ့မှန်အိမ်၊ ပြီးတော့ဂဲရစ် ရစ်ဗက်ရဲ့ သျှရိုဒါဟောက်စ် စသည်စသည်ဖြင့်ပေါ.။
ဖင်လန်နိုင်ငံသားဗိသုကာ အယ်လ်ဗာအားလ်တိုးရဲ့ အကောင်းဆုံးလက်ရာလို့ ကျော်ကြားတဲ့ မယ်ရစ်ယာစံအိမ် (villa Mariea) ကလည်း နေထိုင်ဖို့ သက်သက်ဖန်တီးခဲ့တာပါပဲ။ ဒ‘ါပေမယ့် သူ့ရဲ့ အိမ်ပါတ်ဝန်းကျင်မှာရှိတဲ့ တန်ဖိုးရှိလှတဲ့ အရာတွေကို အသုံးချထားတာတွေ၊ ဗိသုကာပညာမှာ ပါဝင်ရမယ့်အစိပ်အပိုင်းတွေကို အသုံးချထားတာတွေဟာ ဒ‘ီအိမ်မှာနေထိုင်မယ့် သူတွေအတွက်အသေးစိပ် စဉ်းစားပေးထားတာတွေက ပေါ်လွင်လှပါတယ်။

အားလ်တိုးဟာ မယ်ရစ်ယာစံအိမ်ကို ဒီဇိုင်းပြုလုပ်တဲ့အချိန်က ဖင်လန်ဒေသမှာ ရှိတဲ့ ရိုးရာအဆောက်အဦး ပုံသဏ္ဍာန်တွေကို ခေတ်သစ်ဟန်တွေနဲ့ ပေါင်းစပ်ပြီးဖန်တီးခဲ့တယ်။ ဂျပန်တွေရဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေ၊ ပြင်သစ်ရဲ့ကျက်သရေရှိစွာ လှပတဲ့ဟန်တွေကိုလည်း အထူးပြုယူပြီးဒီဇိုင်းပြုလုပ်ပြန်တယ်။ အားတိုးလ်ဟာ အသစ်အသစ်သောဒီဇိုင်းတွေကို အမြဲဖန်တီးလေ့ရှိတယ်။



မယ်ရစ်ယာစံအိမ်သို့ချဉ်းကပ်လမ်း မယ်ရစ်ယာစံအိမ်ကြီးကို ချဉ်းကပ်လိုက်တယ်ဆိုရင်ပဲ ဖြတ်ကနဲတွေ့ရမှာကတော့ အပင်တွေကြားမှာ ပေါ့ပေါ့ပါးပါးဟန်ရှိတဲ့ ခေတ်သစ်မော်ဒန် အဆောက်အဦး ဆိုတဲ့ အမြင်ကိုပေးလိမ့်မယ်။ ဒါပေမယ့် အနီးကပ်ကြည့်မယ်ဆိုရင်တော့ များပြားလှတဲ့ အသေးစိပ်လက်ရာတွေအပြင် ထူးထူးခြားခြားပြုလုပ်ထားတာတွေကို တွေ့ရအုံးမယ်။ ဝင်ပေါက်ရဲ့အမိုးကို စီစီရီရီ သိပ်သိပ်သည်းသည်းချထားတဲ့သစ်ပင်ရဲ့ ပင်စည်တွေနဲ့ ထောက်မထားတယ်။ အိမ်ရဲ့အတွင်းထဲကို အနည်းငယ်ပဲဝင်လိုက်ပြီး ဖြတ်ကနဲကြည့်လိုက်မယ်ဆိုရင်တော့ အပေါ်ထပ်ကို တက်မယ့်လှေကားဆီကို ဦးတည်နေမယ့် ဗိသုကာကဖန်တီးပေးထားတဲ့ တောအုပ်တစ်ခုကို ချက်ချင်းတွေ့ရမယ်။
 

မယ်ရစ်ယာစံအိမ်သို့အဝင်


အတွင်းလှေကား

ပြီးတော့ သူ့ရဲ့အနောက်မှာ ခမ်းနားလှပပြီး ကျယ်ဝန်းတဲ့ မြင်ကွင်းကို ရစေမယ့် အဖွင့်ကျယ်ကြီးဟာ ဥယျာဉ်ဆီကိုပေးလိမ့်မယ်။ ဥယျာဉ်ဟာ ဖင်လန်ဒေသရဲ့ ကန်နံဘေးမှာ တွေ့ရလေ့ရှိတဲ့ ရှုခင်းတွေရဲ့ပုံစံအသေးစားတွေနဲ့ဖန်တီးထားတယ်။

ကျောက်တုံးနံရံတွေနဲ့ အပူငွေ့ခန်းတစ်ခုကို ကန်အနီးမှာ ဖြည့်စွက်ဒီဇိုင်းလုပ်ထားပြန်သေးတယ်။ ပိုပြီးတော့ ပြည့်စုံသွားအောင် တောင်ပူစာအသေးလေးတစ်ခုနဲ့ဖြည့်လို့ပေါ့။ ဥယျာဉ်လေးဟာ အချိန်ဖြုန်းရုံမျှအတွက်ပဲမဟုတ်ပဲ ပျော်ရွှင်ကျေနပ်ဖွယ်ရာ ကောင်းစေတယ်။ အယ်လ် ပုံသဏ္ဍာန်ရှိတဲ့ အဆောက်အဦးဟာ courtyard တစ် ခုကိုသတ်မှတ်ဖွဲ့စည်းထားသလို ဖြစ်နေစေတယ်။ သစ်အသားနဲ့ ဆောက်ထားတဲ့ ရေပူငွေ့ခန်းရယ်၊ သစ်သားတိုင် ခြံစည်းရိုးလေးတွေရယ်ကြောင့်လည်း courtyardလေးကနေချင်စရာပိုဖြစ်ပြီး ရိုးရာအိမ်တွေမှာနေရတဲ့ ခံစားမှုကိုပေးစေတယ်။

 ဒီနေရာမှာ ထူးခြားတာတစ်ခုကတော့ နဂိုကရင်းနှီးပြီးဖြစ်တဲ့ ရိုးရာဟန် ခြံစည်းရိုးဟာ မြေကြီးပေါ်မှာ မဟုတ်ပဲ လေပေါ်မှာဖန်တီးထားခြင်းပဲ။ ထမင်းစားခန်းကနေ အပေါ်က ခေါင်မိုးကပြင်ထိအောင် ထောက်မထားတဲ့ တိုင်လေးတွေပေါ့။ အလျားလိုက်သစ်သားတွေကိုလည်း ရိုးရာအတိုင်းမဟုတ်ပဲ တစ်ခုနှင့်တစ်ချုအခေု လုပ်ထားတဲ့အတွက် float ဖြစ်နေတဲ့အလားပဲ။ တကယ်တော့ အဲဒါတွေကို အဖြူရောင်စတီးချောင်းလေးတွေနဲ့ မမြင်နိုင်အောင်ထောက်မထားတယ်။

အယ်လ် ပုံသဏ္ဍာန်မယ်ရစ်ယာစံအိမ်

ရေပူငွေ့ခန်းကိုလည်း ရင်းနှီးပြီးသားဖြစ်တဲ့ မြက်နဲ့ထင်းရှုးပင်အခေါက်ရောပြီးအမိုးမိုးထားတယ်။ အမိုးစောင်းမဟုတ်ပဲ အမိုးပြားဖြစ်အောင်မိုးထားတယ်။ စီစီရီရီထပ်ထားတဲ့ သစ်လုံးတွေဟာ သစ်သားဘုတ်ပြားအမြင်ကိုပေးတဲ့အတွက် ဂျပန်ဟန်အမြင်ကို ရစေတယ်။ တံခါးအောက်ပိုင်းမှာ ယက်လုပ်ထားတာတွေဟာ တကယ့်ဂျပန်ဟန်ပါပဲ။ အားလ်တိုးဟာ ဂျပန်ဗိသုကာလက်ရာတွေကို မက်မက်မောမော လက်ခံသူတစ်ယောက်ဖြစ်လို့လည်း ဂျပန်တို့ရဲ့ရိုးရှင်းတဲ့ တစ်ဆယ့်တစ်ခုနှစ်ရာစုလောက်က အီဒိုတီးဟောက်စ်တွေကို ရင်းရင်းနှီးနှီးသက်ဝင်စေခဲ့တယ်လေ။


ရိုးရာနဲ့မော်ဒန် ပေါင်းစပ်ထားတဲ့ ကြမ်းပြင် (terrace) ထမင်းစားခန်းကနေ ဆွဲဆန့်လာတဲ့ ကြမ်းပြင် (terrace) ဟာ အားလ်တိုးရဲ့ ရိုးရာနဲ့မော်ဒန် ပေါင်းစပ်ထားတဲ့ ဟန်တွေထဲကတစ်ခုဖြစ်တယ်။

အရှိအတိုင်းထားတဲ့ အဆောက်အဦး အကြမ်းထည်တွေဟာ အရင်ကတည်းကဟန်ကို အတုယူထားတာပဲဖြစ်တယ်။ စံအိမ်ရဲ့နေရာ အတော်တော်များများမှာ ရင်းနှီးပြီးသားမဟုတ်တဲ့ ဟန်တွေကို ဒီဇိုင်းလုပ်ထားတယ်။ သစ်တောအုပ်ကနေချဉ်းကပ်လာတယ်ဆိုရင်ပဲ အဖြူရောင်ထုထည်ကြီးတစ်ခုကို ဟန်ချက်ညီညီချထားလေတော့ တစ်ခဏတော့ စိတ်မှာတစ်မျိုးဖြစ်သွားစေလိမ့်မယ်။

 ဒါပေမယ့်လည်း ကျွန်းသစ်နဲ့ကျောက်တုံးကာထားတဲ့ ဧည့်ခန်းရယ်၊ အဝင်ဝကိုသစ်သားတိုင်နဲ့ ထူးခြားအောင်ဖွဲ့စည်းပေးထားတော့ သင်ချဉ်းကပ်လာတာနဲ့ သင့်အာရုံကိုဖမ်းစားသွားမှာပဲ။ အနီးကပ်ကြည့်ရင် ချောမွေ့တဲ့ အဖြူရောင်လိုမြင်ရမယ့် အုတ်နံရံကိုတွေ့မြင်ရမယ်။

  အားလ်တိုးဟာ စံအိမ်ကို အဖြူရောင် အတုံးကြီးဆိုတဲ့ အမြင်ကိုမဖြစ်ရလေအောင် နွယ်ပင်တွေတွယ်တက်ဖို့ တိုင်လေးတွေနဲ့ ဖွဲ့စည်းဒီဇိုင်းပြုလုပ်ပေးလိုက်တယ်၊ များသောအားဖြင့် မီးဖိုခန်းတောင့်က နံရံတွေမှာပေါ့။ အလားတူပဲ ထမင်းစားခန်းတောင့်နံရံတွေမှာ အပြာရောင်ကြွေပြားတွေတပ်ဆင်ထားတယ်။ ဒါကြောင့်မို့ မယ်ရစ်ယာစံအိမ်ကြီးဟာ အမျိုးသားဟန်၊ နိုင်ငံတကာဟန်၊ ခေတ်ပေါ်နဲကခေတ်ဟောင်း၊ မြင်နေကျနဲ့အသစ်အဆန်း တွေကို မိုးမတူပဲ အမျိုးမျိုးပေါင်းစပ်ပြထားတယ်လို့ ဝေဖန်ခံရတယ်လေ။

  စံအိမ်ရဲ့ပင်မဝင်ပေါက်ကို ရောက်ဖို့ canopy အောက်က ကျောက်တုံးအထစ်လေးတွေကနေ ဖြတ်လာခဲ့ရတယ်၊ ဒါဟာလည်းဂျပန်ဟန်တစ်ခုပဲမဟုတ်လား။ ကြီးမားတဲ့အဖွင့်ကျယ်နဲ့ဧည့်ခန်းဟာ အရင်က ခြံနဲ့ဝင်းနဲ့အိမ်ပုံစံမျိုးကို အခုမော်ဒန် ရဲ့လွတ်လပ်တဲ့ ပန္နက်ပုံစံကို ရောမွေထားခြင်းပါပဲ။

အားလ်တိုးဟာ မော်ဒန်အဆောက်အဦးရဲ့ မူတစ်ခုဖြစ်တဲ့ (grid structure) ကိုလက်ခံပြီးတော့ စံအိမ်ကို တည်ဆောက်တယ်၊ ဒါပေမယ့်လည်း သူ့ရဲ့ကနဦးအိုင်ဒီယာဖြစ်တဲ့ သစ်တောဟန်အလင်္ကာကိုပေးမယ့် အတွင်းခန်း ဖွဲ့စည်းမှုကိုတော့ အရဖန်တီးထားတယ်။ သူဟာ အိမ်ကို (structure) ဆိုတဲ့ခံစားမှု မျိုးကို မပေးချင်တာနဲ့ပဲ ပထမဦးဆုံး တိုင်တစ်လုံး သို့မဟုတ် နှစ်လုံးတွေကို ကြိမ်နွယ်တွေနဲ့ရစ်ပတ်ထုပ်တယ်၊ ပြီးတော့အမြင့်တွေမတူအောင် ပြုလုပ်ထားတယ်။ ဒါ့အပြင် ကြီးမားတဲ့ တောင့်ပြတင်းအနားတွေမှာ ထင်းရှုးခေါက်အမြောင်းတွေနဲ့ကာရံတယ်။

 ပြီးတော့ လှေကားနဲ့အဝင်နေရာတွေမှာ သစ်သားတိုင်အုပ်စုတွေကို လွတ်လပ်စွာချထားတယ်။ စံအိမ်ကြီးကို သစ်တောတွေနဲ့ရောယှက်သွားအောင် လုပ်ထားတာတစ်ခုကတော့ စတူဒီယိုမှာပဲ။ စတူဒီယိုကို သစ်ပင်စည်နှစ်ခွနဲ့ထောက်မထားတယ်၊ သစ်ပင်အခေါက်ပုံမျိုးဖြစ်အောင် ငွေရောင်ပင်စည်လုပ်ထားသေးတယ်။ မယ်ရစ်ယာစံအိမ်ကြီးကို အတွင်းကပဲ ကြည့်ကြည့် အပြင်ကပဲကြည့်ကြည့် ဗိသုကာက ဖန်တီးထားတဲ့ အစိပ်အပိုင်းအားလုံးဟာ အနုပညာမြောက်စွာ ဖန်တီးထားတာတွေ့ရမယ်။ အပြင်ဘက်က terrace ကိုဝန်းရံထားတဲ့ ကျောက်တုံးနံရံအနိမ့်လေးဟာ အလယ်ခေတ်က ဘုရားကျောင်းဝင်းက နံရံတွေလို ပြုလုပ်ထားတယ်လို့ဆိုကြပြန်တယ်။


အတွင်းက courtyard ကိုပေါ်လွင်အောင်ဖြည့်ပေးတဲ့ရေကန်

ရွှေဦးခင် ဇူလိုင်၊ ၂ဝဝ၇

No comments:

Post a Comment