Monday 2 April 2012

Basic Architecture & Me

ကျွန်တော် ဗိသုကာဘာသာရပ်ကို ယူပြီး အတန်းစတက်တုန်းက ဗိသုကာပညာဆိုတာ ဘယ်လိုမှန်း အသေအချာမသိခဲ့ဘူး၊ ကျွန်တော်သိတာက ပုံဆွဲချင်တာပဲ။ အထူးသဖြင့် အဆောက်အအုံပုံတွေပေါ့၊  

မန္တလေးစက်မူတက္ကသိုလ်မှာ ဒုတိယနှစ်မှာ ဗိသုကာအတန်းကို စတက်တော့ ကျွန်တော့အထင်နဲ့ အမြင် အတော်ကွာနေတာ တွေ့ခဲ့ရတယ်၊ အတန်းစစချင်းမှာ ဘာအဆောက်အအုံမှ မဆွဲရသေးဘူး၊

ဒုတိယနှစ်တစ်နှစ်လုံးပဲ စိတ်ကူးတဲ့ရာ ပန်းချီလိုလို (ပန်းချီဆွဲတာနဲ့လဲ မတူဘူး) ပုံတွေပဲဆွဲရတယ်။ ဒုတိယနှစ်ပြီးကာနီးမှ အမိုးမပါ၊နေကာ အဆောက်အအုံလေး ပထမဦးဆုံးစဆွဲရတယ်၊ အဲဒီအခါကျတော့မှ “အော်.. ငါတို့တက်နေ၊ သင်နေတာ ဗိသုကာ ပညာရပ် ဟုတ်မှာပါလေလို့ စိတ်အေးခဲ့ရတော့တယ်။

ဗိသုကာပညာဆိုတာ ဘာမှန်းမသိပဲ ယူခဲ့တဲ့ ကျွန်တော်၊ တစ်နှစ်လုံးလုံး ဗိသုကာပညာနဲ့ ဘယ်လို ပတ်သက်နေမှန်း ရေရေရာရာမသိပဲ လုပ်ခဲ့ရတဲ့ ပရော့ဂျက်တွေကြောင့် ပင်ပန်းစိတ်ညစ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ဒီဇိုင်းမိတ်ဆက်နဲ့ အခြေခံဒီဇိုင်း ကို သင်တဲ့ ဌာနမူးဆရာမကြီးနဲ့ အခြေခံပုံဆွဲဘာသာရပ်ကို သင်ပေးတဲ့ဆရာမရဲ့ စိတ်ရှည်စွာ အသေးစိပ်သင်ကြားလေ့ကျင့်ပေးခဲ့လို့ ဒီဇိုင်းဘာသာရပ်နဲ့တော့ ရင်းနှီးခဲ့တယ်၊ ကျွန်တော်မှတ်မိသလောက်ဆိုရင် အခြေခံပုံဆွဲ (Basic Drawing & Descritive Geometry) သင်ရတာ ဆွဲရတာ အရမ်းပင်ပန်းခဲ့တယ်၊

နေ့ရောညရော ဗိသုကာဌာနမှာ နေပြီး ဆွဲခဲ့ရတာတွေရှိတယ်၊ ညတွေမှာ ပုံဆွဲရင် ဆရာမတွေအားလုံးလာကြပြီး ကူစောင့်ပေး၊ ပြပေးတယ်၊ ကော်ဖီနဲ့မုန့်တွေတောင် ယူလာပြီး ပြသပေးတယ်၊ ပင်ပန်းပေမယ့်ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ကိုသင်ခဲ့တဲ့ ဆရာမက ဒေါ်ခင်မာဏီပါ၊ သူကပုံမဆွဲခင်မှာ ခဲတံချွန်တာတောင် ဓါးကိုဘယ်လိုကိုင်၊ ဘယ်လိုစချွန်၊ ဘယ်လောက် အတိုင်းအတာထိချွန်ဆိုပြီး အသေးစိပ်သင်ခဲ့တာပါ၊ အခုတော့ ဆရာမက ဆေးပင်စင်ယူသွားပါပြီ။

 အခြေခံဒီဇိုင်းဘာသာရပ် (Elementary Design) ကို သင်ပေးခဲ့တာက ကျွန်တော်တို့ ဌာနမူး ဆရာမကြီး ဒေါ်မင်းသက်မွန်ပါ၊ စကားပြောကောင်းတဲ့ ဆရာမ ၀၀လှလှကြီးပေါ့၊ ကျွန်တော်တို့တော့ တီချာကြီး လို့ခေါ်တယ်။ လမ်းလျှောက်တာ၊ စကားပြောတာ၊ အမူအယာအားလုံး အေးဆေးတည်ငြိမ်တဲ့ ဆရာမကြီးပါ။

ဆရာမကြီး ဘယ်လောက် စကားပြောကောင်း စာသင်ကောင်းသလဲဆိုရင် သူသင်ပေးခဲ့တဲ့ အချိန်တစ်ချိန်အတွင်းမှာပဲ သင်ခန်းစာတွေကို တစ်ခါတည်း ဒိုင်ဂျက်စ်လုပ်နိုင်ပြီး သူပြောပြတဲ့ နမူနာ၊ သူပေးခဲ့တဲ့ ဥပမာတွေနဲ့အတူ အတွေးဖြန့်ကျက်ပြီး “အော်.. ဆရာမကြီးပြောတာ ဒီလိုပါလား၊ ဒါပါလား၊ ဒီနေရာအတွက်ပါလား၊ ဒီလိုသုံးရပါလား၊ ဒီလိုလုပ်ရပါလား… စသည်ဖြင့် တခါတည်း ရှင်းရှင်းလင်းလင်း သိသွားခဲ့တာများးပါတယ်၊ ဒါပေမယ့် စာသင်အပြီး အဲဒီအတွက် ပရော့ဂျက်တင်ဖို့ ကိုယ်တိုင် ပုံဆွဲရပြီဆိုရင်တော့ အဲဒီတစ်ပတ်လုံး လူရော စိတ်ရော နှစ်ပြီး တခြားဘာမှ မလုပ်နိုင်အောင်ဖြစ်ရတတ်တယ်။

တစ်ခါတလေမှာ ဒီဇိုင်းတင်ရတော့မယ့်ရှေ့ရက်အထိ ဘာအိုင်ဒီယာမှ မရသေးလို့ ညတစ်နာရီလောက် မန်းချယ်ရီအဆောင်ရှေ့ သီချင်းသွားဆိုရင်းနဲ့ စိတ်ကူးရတတ်ပြီး ညမအိပ်ပဲ မြန်မြန်ပြီးအောင် ဆွဲပြီး တင်ခဲ့ရတာတွေတောင်ရှိတယ်၊ အဲဒီ ဒီဇိုင်းက အမှတ်အများဆုံးရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဗိသုကာဒီဇိုင်းတွေဟာ စိတ်လက်ပေါ့ပါးနေတဲ့အချိန်မှာ လုပ်ရင်ပိုပြီး ထိရောက်တယ်ဆိုတာသိခဲ့ရတယ်။

 အခြေခံဒီဇိုင်းဘာသာရပ်မှာ ကျွန်တော်တို့သင်ခဲ့ရတာတွေက အခြေခံဒီဇိုင်းအစိပ်အပိုင်းတွေဖြစ်တဲ့ အစက်၊ လိုင်း၊ ပြင်ညီနဲ့ ထုသွင်တွေ (Point, Line, Plane & Volume) ကနေစပြီး ဒီဇိုင်းစည်းမျဉ်းတွေဖြစ်တဲ့ Harmony& Contrast, Balance& Assymetry Balance, Dominant, Unity တွေပါတယ်၊ ပြီးတော့ အကြောင်းအရာ (Theme) တခုအပေါ်မှာ မိမိရရ ခံစားရူမြင်ပုံကို ပြန်လည်ပုံဖော်ရတဲ့ Expression စတဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ Expression ကို လေ့ကျင့်ခန်းခေါင်းစဉ်တခု သီးသန့်ထည့်ထားပေမယ့် လေ့ကျင့်ခန်းအားလုံးဟာ (Theme) ပေါ်မှာရှိတဲ့ မိမိရဲ့ခံစားရူမြင်ပုံကို ဒီဇိုင်းစည်းမျဉ်းတွေကို သုံးပြီး ပြန်လည်ပုံဖော်ရတာချည်းပါပဲ။

 ဒါကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ မြင်ရတဲ့ အရာတွေကို ပုံတူကူးဆွဲတာမျိုး မဟုတ်ရဘူး။ ဥပမာ Dominant ဆိုတဲ့ လေ့ကျင့်ခန်းလုပ်ရတယ်ဆိုပါတော့။ ကိုယ့်မှာရှိတဲ့ ဒီဇိုင်းအခြေခံ အစိပ်အပိုင်းက အစက်တွေ၊ လိုင်းတွေ၊ ပြင်ညီတွေနဲ့ ထုသွင်တွေပဲ၊ ဒါနဲ့တပြိုင်တည်း အရောင်အနုအရင့်၊ Texture အနုအကြမ်း၊ အလင်းအမှောင်စတာတွေကို သုံးပြီး ကိုယ့်စိတ်ထဲမှာ ခံစားပြီးပုံပေါ်လာတဲ့ Dominant ပုံရိပ်တခုကို ပြန်လည်ပုံဖော်ရတာပါ။ 

ဥပမာ ရွှေတိဂုံစေတီတော်ဟာ စေတီရံတွေအလည်မှာ Dominant ဖြစ်တယ်၊ ဒါပေမယ့် ပတ်ဝန်းကျင် အဆောက်အအုံတွေအလည်မှာ Dominant ဖြစ်တယ်ဆိုပြီး ဘုရားနဲ့ အရံစေတီတွေ၊ ပတ်ဝန်းကျင်က အဆောက်အအုံတွေကို ကူးဆွဲမယ်ဆိုရင် ဒါဟာလေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကို မရောက်ပါဘူး။

ရွှေတိဂုံစေတီဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘယ်လို Dominant ဖြစ်နေတာလဲ၊ အရောင်ကြောင့်လား၊ ဒါဆိုရင် အဲဒီလို အရောင်နဲ့ Dominant ဖြစ်နေတဲ့ ပုံရိပ်တစ်ခုကို ဖော်ပြရမှာပါ။ ဒါမှမဟုတ် Composition ကြောင့်လား၊ စေတီကြီးက အလည်မှာရှိပြီး အရံစေတီတွေက ဘေးက ၀န်းရံထားလို့လား၊ ဒါဆိုရင်လည်း အဲဒီလို ဖွဲ့စည်းပုံရှိတဲ့ ပုံရိပ်တခုနဲ့ ဖော်ပြရမှာပါ။ ဒါ့အပြင် အမြင်ကြောင့်လား၊ အရွယ်အစားနဲ့ ထုထည်ကြောင့် Dominant ဖြစ်တာလား၊ သူ့ရဲ့ Profile Shape နဲ့လား၊ စတဲ့ အခြေခံဒီဇိုင်းစည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံစံမျိုးနဲ့ တင်ပြရမှာပါ။

 နောက်တခုက Expression ဆိုတဲ့ လေ့ကျင့်ခန်းအတွက် ရွှေတိဂုံစေတီနဲ့ပဲ ဥပမာပြောရမယ်ဆိုရင် ရွှေတိဂုံ ဘုရားကြီးရဲ့ အပေါ်ကိုချွန်တက်သွားတဲ့ Profile Shape နဲ့ ပတ်ဝန်းကျင်အနေအထားဟာ စေတီကြီးဟာ မိုးပေါ်ကို အဆုံးမရှိ ထိုးတက်သွားတက်တော့မယ် ဆိုတဲ့ ခံစားချက်မျိုးရတယ်ဆိုပါတော့၊ ကိုယ်သိတဲ့ Design Principle တွေသုံးပြီး အဲဒီလို ပုံရိပ်တခုကို ဖော်ပြရမှာပါ။

အဲဒီလိုနဲ့ အခြေခံဒီဇိုင်းအစိပ်အပိုင်းတွေနဲ့ အခြေခံဒီဇိုင်းစည်းမျဉ်းတွေကို အခြေခံဒီဇိုင်းတွေကို ဒုတိယနှစ် တစ်နှစ်လုံး ဒီဇိုင်းပရော့ဂျက်တွေလုပ်ခဲ့ရတယ်ဆိုပါတော့ဗျာ။

ဒုတိယနှစ်ပြီးခါနီးမှာတော့ အဆောက်အအုံလို့ဆိုနိုင်တဲ့ Sun Shelter Project ကိုဒီဇိုင်းလုပ်ခဲ့ကြရတယ်၊ Sun Shelter ဆိုတဲ့အတိုင်း အချိန်အတိုင်းအတာတခုမှာ တစုံတယောက်ကို နေဒဏ်ကနေ ကာကွယ် ပေးနိုင်ဖို့အတွက်ပါပဲ၊ အမိုးရယ် အကာရယ်လို့ခွဲခြားပြီး ဒီဇိုင်းလုပ်စရာမလိုပါဘူး၊ ကျောင်းဝင်းအတွင်း မှာလုပ်ရတဲ့ Sun Shelter ဆိုရင် ကျောင်းသားတွေအတွက်ပေါ့၊ သူတို့အားလပ်ချိန်မှာ ဘယ်လိုနေရာမျိုးမှာ ဘာတွေလုပ်တတ်ကြလဲ၊ စာဖတ်ဖို့လား၊ စုဝေးစားသောက်ဖို့လား၊ အဲဒီအချိန်မှာ နေက ဘယ်လိုအရပ်ကနေ ဘယ်လောက်စောင်းပြီး ပူစေလဲ၊ သူတို့အတွက် အသုံးပြုနိုင်ဖို့ စဉ်းစားပြီး နေမပူတဲ့ Space တခုကို ဖန်တီးပေးဖို့၊ နေကာပေးနိုင်ဖို့ Structure တခုကို ဒီဇိုင်းလုပ်ပေးရတာမျိုးပါ၊ နေကာဖို့ဆိုတဲ့ နေရာမှာ သတိထားရမှာက နေက အပေါ်တည့်တည့်က အမြဲပူ နေတာမဟုတ်ဘူး ဆိုတာပါ၊ ကိုယ်အသုံးပြုမယ့် အချိန်ပေါ်တည်ပြီး ပြောင်းနေတာဖြစ်ပါတယ်။ ဒါကြောင့်အမိုးပါခဲ့ရင် အရိပ်က အမိုးအောက်တည့်တည့်မှာ ရှိနေချင်မှရှိနေမှာပါ၊ အမိုးအောက်မှာ အရိပ်မရနိုင်ပဲ Space ကို လုပ်ထားပေးမယ် ဆိုရင် အသုံးတည့်တဲ့ ဒီဇိုင်းဖြစ်မှာ မဟုတ်ပါဘူး၊ နေရိပ်ရနိုင်မယ့် နေရာတွေကိုသာ အသုံးပြုကြမှာ ဖြစ်တဲ့အတွက် အဲဒီနေရာတွေမှာ ကြမ်းခင်းဒီဇိုင်းလုပ်ပေးဖို့လိုရင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ 

ဒါတွေက ကျွန်တော်ကျောင်းသားဘ၀က နားလည်ပြီး လုပ်ဆောင်ခဲ့တာတွေပါ၊ အဲဒီနောက် ကျောင်းဆရာ ဖြစ်လာတော့မှ ကျောင်းသားတွေကို ပြန်သင်ပေးရတဲ့အခါ ကျောင်းသားတွေကို ဒီဇိုင်းဆိုတာကို ဘယ်လို သင်ပေး ရမယ်ဆိုတာ စဉ်းစားမိသွားတာပါ။ ဒီဇိုင်း Theme တခုကို ကျောင်းသားတွေကို ဘယ်လို ခံစား နားလည်စေမလဲ ဆိုတာကို လေ့ကျင့်သင်ကြားပေးပြီး အဲဒီနားလည်ထားတဲ့ အကြောင်းအရာကို ပုံတခုအနေနဲ့ ပြန်ဖော်ပြနိုင်ဖို့အတွက် Design Principles တွေကို အဓိကလေ့ကျင့်သင်ကြားပေးခဲ့တာ ဆိုတာကို နားလည်သွားခဲ့ရခြင်းပါ။

 ဒါပေမယ့် အဲဒါတွေ လေ့ကျင့်ပြီးတော့ အဆောက်အအုံဒီဇိုင်းတွေလုပ်ရပြီလားဆိုတော့ မဟုတ်သေးဘူး၊ အဆောက်အအုံတခုမှာ တကယ်ကြုံတွေ့ရမယ့် Structure Frame နဲ့ Spatial Effect တွေကို လိုသလို ကိုယ်နှစ်သက်တဲ့ (ကိုယ့်စိတ်ကူးထဲမှာရှိတဲ့ပုံရိပ်) အတိုင်း ပုံဖော်လာဖို့ လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ်၊ လေ့လာရပါအုံးမယ်၊ ဒါကြောင့် ဒုတိယနှစ်လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့ ကျောင်းသားတွေအတွက် လေ့လာ ချင်တယ်ဆိုရင် ဗိသုကာစာရေးဆရာ Francis D.K Ching ရဲ့ ‘Form, Space & Order’ စာအုပ်နဲ့ Le Cobusier ရဲ့ An Analysis of Form စာအုပ်တို့ကို ညွှန်းပေးလိုက်ပါတယ်၊ ရှိပြီးသား Background Knowledge of Space & Structure ကို အများကြီး Extend လုပ်ပေးနိုင်ပါလိမ့်မယ်။ 

ရေးသားသူ။ ။ ဗိသုကာ တစ်

No comments:

Post a Comment