ဗိသုကာကျောင်းသားတွေဟာ
Shopping Design project ကို ပဉ္စမနှစ်မှာ ဒီဇိုင်းထုတ်ပြုလုပ်ခွင့်ရကြတယ်။
ကျွန်တော်တို့
ပဉ္စနှစ်မှာတော့ စာသင်ချိန်နည်းတဲ့အတွက် အဲဒီပရောဂျက် လုပ်ခွင့်မရခဲ့ဘူး၊ ကျွန်တော်တို့နဲ့
တနှစ်တည်း သူငယ်ချင်းတွေက ဆဌမနှစ် (နောက်ဆုံးနှစ်)အတွက် စာတမ်း (Thesis) တင်ဖို့ အဲဒီပရော့ဂျက်ကို
ဒီဇိုင်းလုပ်ပြီးတင်ကြတော့ ဂျူရီမှာ ဆရာကြီးတွေ ၀ိုင်းဝန်း ဆွေးနွေးပေးတာကို ကြားနာခဲ့ရတာတော့
ရှိခဲ့တယ်။
ဆရာမကြီး
ဒေါ်မင်းသက်မွန် ဌာနမူး ဖြစ်စဉ်တုန်းကပေါ့၊ အပြင်မှာ လက်တွေ့အောင်မြင်နေတဲ့ ဗိသုကာကြီးတွေနဲ့
ဆရာဟောင်းတွေကို စုစည်းဖိတ်ကြားပြီး ဌာနမှာ စာလာသင်စေခဲ့တယ်၊
အဲဒီထဲမှာ
ကမ္ဘာကျော် ဖက်ရှင်ကုမ္မဏီကြီးတခုရဲ့ အကြံပေးဗိသုကာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာဦးမော်လင်းက
Shopping facility နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ
Shopping facility နဲ့ ပတ်သက်ပြီး ဆက်လေ့လာဖြစ်တယ်၊ ကျွန်တော်နားလည်ထားသလောက် ပြောပြရမယ်
ဆိုရင်တော့……………….။
ဗိသုကာတွေအတွက်
shopping design ဟာ Memorial and Symbolic architecture နဲ့ Residential
architecture ပြီးရင် အခက်ခဲဆုံး အဆောက်အအုံအမျိုးအစားပဲ။ ကြိုတင်ရည်ရွယ်ထားတဲ့ လူတန်းစားတရပ်အတွက်
ရည်ရွယ်ထားတဲ့ တိကျတဲ့ ပစ္စည်းအမျိုးအစားပဲ ရောင်းမယ်ဆိုတဲ့ သီးသန့်ဆိုင်အတွက် ပြဿနာအရမ်းမရှိပေမယ့် ဆိုင်ပေါင်းများစွာ၊
အမျိုးအစားပေါင်းများစွာ ပါဝင်ဖို့လိုတဲ့ shopping ကို ဒီဇိုင်းတွေဟာ အင်မတန် ရူပ်ထွေးခက်ခဲလှတယ်။
ကြိုတင်တွက်ချက်ထားလို့မရတဲ့
လူဦးရေ၊ အမျိုးအစား၊ အတန်းအလွှာတွေဟာ ကြိုတင်တွက်ထားလို့မရတဲ့ အချိန်ကာလအပိုင်းအခြားတွေမှာ၊
ကြိုတင်တွက်မထားနိုင်တဲ့ ပစ္စည်းအမျိုးအစား၊ အရေအတွက်တွေကို လာဝယ်နိုင်တယ်။ ကြိုတင်ပြင်ဆင်ထားတာထက်ပိုတဲ့
ဝန်ဆောင်မူတွေကို ပေးရတတ်သလို ကြိုတင်တွက်မထားနိုင်တဲ့ ဈေးဝယ်သူတွေရဲ့ ပြသနာတွေကို
ဖြေရှင်းပေးရတတ်တယ်။
ရာသီ၊ အချိန်ကာလ၊
စီးပွားရေးအခြေအနေ စသည်ဖြင့်အကြောင်းများစွာကို အခြေခံပြီး ဆိုင်ရဲ့ အပြင်အဆင် အခင်းအကျင်းပုံစံ
အားလုံးကို လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ပြောင်းလဲနေရတယ်။ ပြီးတော့ လူအများနဲ့
ကုန်ပစ္စည်းမျိုးစုံ၊ အချိန်ပြည့်ဝင်ထွက်နေတဲ့အတွက် သူတို့ရဲ့ လုံခြုံရေးကိုလည်း အချိန်ပြည့်လုပ်ဆောင်နေရတယ်။
အဲဒီလို ဈေးဝယ်သူ၊
ဈေးရောင်းသူ၊ ရောင်းကုန်ပစ္စည်း၊ စီမံခန့်ခွဲသူတွေအားလုံးအတွက် အဆင်ပြေပြီး ရောင်းဝယ်လုပ်ငန်း
အဆင်ပြေ လည်ပတ်နိုင်တဲ့ ပုံစံဒီဇိုင်းတခုဖြစ်ဖို့ဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။
ဒီဇိုင်းထုတ်ခြင်းအခြေခံShopping ဆိုတာ ဈေးရောင်းတဲ့နေရာတခု၊ Shopping ကို ဒီဇိုင်းလုပ်တယ်ဆိုတာ
ဈေးရောင်းကောင်းစေတဲ့ အဆောက်အအုံတခုကို ဒီဇိုင်းလုပ်ရတာပေါ့၊ ကိုယ့်ရဲ့ဒီဇိုင်းနဲ့
ဈေးပိုရောင်းကောင်းအောင် လုပ်ဖို့ဟာ shopping designer ရဲ့ တာဝန်ပေါ့။
အဲဒီလို ဗိသုကာဒီဇိုင်းနဲ့
ဈေးပိုရောင်းရအောင် လုပ်တယ်ဆိုတာ တင်စားပြောတာပါ၊ ဟိုအရင်တုန်းက ဈေးဆိုင်ထဲဝင်လာတဲ့
သူတွေကို ဆိုင်ထဲမှာ မဖြစ်မနေ လှည့်ပတ်ကြည့်ရအောင် လျှောက်လမ်းတွေကို loop လုပ်ထားပြီး
အချိန်ဆွဲပြီး ဈေးဝယ်ဖြစ်အောင်လုပ်တယ်၊ ဒါပေမယ့် အဲဒါဟာ ဆိုင်ထဲဝင်လာသူတွေကိုသာ ၀ယ်ဖြစ်အောင်
လုပ်နိုင်တယ်လေ၊ နောက်ပိုင်းကျတော့ ဆိုင်အပြင်မှာ ဖြတ်သွားဖြတ်လာ လူတွေကို ဆိုင်ထဲဝင်လာအောင်
ဆွဲဆောင်နိုင်ဖို့ ဆိုင်ရဲ့ အပြင်မျက်နှာစာဒီဇိုင်းအတွက် စဉ်းစားလာကြတယ်။ ဆိုင်ရဲ့ဝင်ပေါက်တွေကိုလည်း
ဆိုင်ရှေ့က လမ်းသွားလမ်းလာတွေ အလွယ်တကူဝင်လို့ရအောင်၊ ၀င်ချင်အောင်၊ ၀င်ဖြစ်အောင် ပုံစံလုပ်လာကြတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဆိုင်ထဲဝင်လာသူတွေကို ဈေးဝယ်ဖြစ်အောင် ဆိုင်အပြင်နားကလူတွေ
ဆိုင်ထဲဝင်လာဖြစ်အောင် လုပ်ရုံမကဘဲ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေကိုပါ ဆွဲဆောင်နိုင်ဖို့
ကြိုးစားလာကြတယ်။
အဲဒီအတွက်
ဆိုင်ထဲမှာ ပစ္စည်းဝယ်ဖို့အပြင် စိတ်ကျေနပ် နှစ်သိမ့်မူပေးနိုင်မယ့် အခြား facility
တွေပါ ထည့်သွင်းလာကြတယ်၊ လက်ရှိမှာတော့ ဈေးဝယ်သူ တဦးတည်းမဟုတ်ပဲ တမိသားစုလုံး လှည့်ပတ်ဈေးလည်နိုင်အောင်
စီစဉ်လာကြတယ်။
အခြေခံ ယေဘူယျအားဖြင့်
Shopping ရဲ့ဒီဇိုင်းကို အပြင်မျက်နှာစာ Expression နဲ့ အတွင်းပိုင်း Interior
Layout လို့ နှစ်ပိုင်းခွဲနိုင်တယ်၊ အပြင်မျက်နှာစာဟာ ပတ်ဝန်းကျင်က လူတွေကို ဆွဲဆောင်ဖို့အတွက်
အဓိကစဉ်းစားကြတယ်၊ အဲဒီလို စဉ်းစားရာမှာ ဈေးဝယ်မယ့်သူအမျိုးအစား၊ အဆင့်အတန်း၊ ဆိုင်တည်နေရာနဲ့
ပတ်ဝန်းကျင်အခြေအနေ၊ အနီးအနားမှာရှိတဲ့ ဆိုင်တွေရဲ့ အကွာအဝေး၊ အရေအတွက်နဲ့ ကိုယ်ရောင်းမယ့်
ပစ္စည်းအမျိုးအစား ပမာဏပေါ် မူတည် အခြေခံပြီး ပုံစံထုတ်ကြတယ်။
ဥပမာ ဈေးဝယ်မယ့်သူက
အရမ်းချမ်းသာတဲ့၊ ပညာအရမ်းတတ်တဲ့ ဒါမှမဟုတ် အရမ်းအဆင့်မြင့်တဲ့ (ဥပမာပေးရရင် အစိုးရပိုင်း၊
နိုင်ငံရေးပိုင်း) စသည်ဖြင့် အထက်လွှာ လူနည်းစုတွေအတွက်ပဲဆိုရင် ဆိုင်ရဲ့ သွင်ပြင်ကလည်း
သူတို့လာချင်အောင် ခမ်းနားတဲ့၊ ကြီးကျယ်တဲ့၊ (ဒီဆိုင်ထဲကို လာရတာကိုပဲ ဂုဏ်ယူစရာကောင်းလောက်တဲ့)
ဒီဇိုင်းမျိုးဖြစ်ရမယ်ပေါ့။
အများအားဖြင့်
အဲဒီလိုဖြစ်အောင် ဒီဇိုင်းထုတ်ရာမှာ အရမ်းအနုစိပ်တဲ့ လက်ရာတွေပါတဲ့ ရှေးဟန်နဲ့ အရမ်းခေတ်မှီတဲ့
ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အီလက်ထရောနစ်စကရင်တွေနဲ့ စသည်ဖြင့် show window တွေနဲ့ ဒီဇိုင်း
လုပ်ကြတယ်။ အားလုံးဟာ ကြီးမားတဲ့ ဒီဇိုင်းတွေများတယ်၊ အတွင်းက ဈေးဝယ်နေတဲ့ သူရဲ့
privacy ကို အဓိက ဦးစားပေးလို့ အလုံပိတ် ဖြစ်တာများတယ်။ လူအများစု ဈေးဝယ်သူကို ရည်ရွယ်ရင်တော့
လူအများစုဆိုင်ထဲကို အလွယ်တကူဝင်ဖြစ်အောင်၊ အကြိမ်ရေများများဝင်ဖြစ်အောင် ဆိုင်ရဲ့သွင်ပြင်ဟာ
သူတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့၊ သီးသန့်မဆန်တဲ့ပုံစံ ဖြစ်ရမယ်၊ အဲဒီလို ပုံစံမျိုးရဖို့အတွက်
ဒီဇိုင်နာဟာ အတွင်းက active ဖြစ်နေတဲ့ ဈေးဝယ်တဲ့ လူပ်ရှားသွားလာ ရူပ်ထွေးနေတာတွေကို
ပေါင်းကူးဆက်စပ်ပေးနိုင်ဖို့ စဉ်းစားခဲ့ကြတယ်၊
လေအေးပေးစက်
အပြည့်တပ်ထားရလို့ အလုံဖြစ်နေပေမယ့် အချို့နေရာတွေမှာ မှန်ချပ်ကြီးတွေနဲ့ အတွင်းအပြင်ကို
ဆက်စပ်ပေးတတ်ကြတယ်။ အတွင်းကပစ္စည်းတွေကို အပြင်မှာ show window တွေနဲ့ ချပြပြီးလည်း
ဒီဇိုင်းလုပ်တတ်တယ်။ တခါတရံမှာ ကြီးကျယ်လှတဲ့ အဆောက်အအုံရဲ့ စကေးလ်ကို လျော့ချဖို့၊
pattern တွေ အများကြီးထည့်ပြီးလည်း လူတွေရဲ့ စိတ်မှာ သီးသန့်မဆန်အောင် လုပ်တတ်ကြတယ်။
လူတွေရဲ့ စကေးလ်နဲ့ အဆောက်အအုံမျက်နှာစာရဲ့ စကေးလ်ကို ကွာဟမူ မရှိအောင် လုပ်ယူရတာပေါ့။
ရှင်းလင်းတိကျတဲ့
design concept နဲ့ ရဲရင့်တဲ့ ဒီဇိုင်းနာအချို့ဟာ အတွင်းနဲ့အပြင်ကို ဆက်စပ်ပေးနိုင်ဖို့
ဆိုင်တခုလုံးကို ထွင်းဖောက်မြင်နိုင်တဲ့ မှန်အကြည်တွေနဲ့သာ ကာရန်ထားတဲ့ပုံစံမျိုးတွေလဲ
လုပ်တတ်ကြတယ်။ အချို့ကတော့ အတွင်းဈေးရောင်းတဲ့ နေရာကို ကျယ်ကျယ်ပြန့်ပြန့် လိုချင်လို့
အခြား ၀န်ဆောင်မူတွေ အားလုံးဘေးကိုပို့ပြီး အပြင်က အဲဒီ ၀န်ဆောင်မူတွေကို မြင်နေရအောင်လည်း
ပုံထုတ်တတ်ကြတယ်။ ဒါပေမယ့် မှန်အကြည်နဲ့ ဆိုင်တခုလုံးကာထားတာကတော့ မြန်မာပြည်လို ပူပြင်းတဲ့ဒေသမှာ
လေအေးပေးစက်ဖိုးကုန်ကျတာ၊ ပြင်းထန်တဲ့ မိုးနဲ့လေကို ကာကွယ်ရတာ စတဲ့ နောက်ဆက်တွဲ ပြသနာဖြေရှင်းရတာတွေက
ထည့်သွင်း စဉ်းစားရမယ့် အချက်တွေပေါ့။ သူများလုပ်လို့ ကိုယ်လိုက်လုပ်တာတော့ မဖြစ်သင့်ဘူးပေါ့။
အချို့နေ့စဉ်သုံးပစ္စည်း၊
စားသောက်ကုန်ပစ္စည်းလို အများအပြားရောင်းတဲ့ ဆိုင်တွေမှာကြတော့ အဲဒီနေ့စဉ်သုံးပစ္စည်းရဲ့
အခြေအနေနဲ့ လိုက်ဖက်တဲ့ အသွင်အပြင်ရအောင် ဈေးပေါတယ်လို့ အမြင်ရအောင် အနုစိတ်လက်ရာမပါ၊
လက်ရာခပ်ကြမ်းကြမ်း၊ material, texture ခပ်ကြမ်းကြမ်း၊ pattern ခပ်ကျဲကျဲနဲ့ လူတွေနဲ့
ရင်းနှီးပြီးသား အဆောက်အအုံသုံးပစ္စည်း၊ ပုံစံခပ်တုံးတုံးမျိုးကို ဖန်တီးတတ်ကြတယ်။ ကြီးမားတဲ့
Shopping တခုကို ဒီဇိုင်းလုပ်ရာမှာ အခြား အဆောက်အအုံကြီးတွေကို ဒီဇိုင်းလုပ်သလိုပဲ
သူတို့ရဲ့ တည်နေရာနဲ့ ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရတယ်၊
အဆောက်အအုံနဲ့
မြေကွက်၊ ပတ်ဝန်းကျင်အဆောက်အအုံတွေပေါ် မူတည်ပြီး ကိုယ့်ဆိုင်ရှေ့ကနေ ဆိုင်ကို ဘယ်လိုမြင်ရမလဲ၊
လမ်းပေါ်ကနေကြည့်ရင် ဘယ်လို၊ ဘယ်လောက်၊ ဘယ်အပိုင်းကို ဘယ်လောက်ထင်ရှားအောင် မြင်ရသလဲ၊
ဘယ်နေရာကကြည့်ရင် ဘယ်အပိုင်းကို မြင်ရသလဲ စတာတွေပေါ် မူတည်ပြီး ဘယ်အပိုင်းကို မြင်ရမယ့်
ဘယ်နေရာက လူတွေကိုတော့ ဘယ်လိုဆွဲဆောင်နိုင်အောင် ဒီဇိုင်းလုပ်မလဲ။ အဝေးကလူဆိုရင်
Form ၊ color၊ massive တွေနဲ့ ဆွဲဆောင်နိုင်လား၊ ခပ်လှမ်းလှမ်းက လူဆိုရင် အဆောက်အအုံရဲ့
ပြင်ပဒီဇိုင်း အသေးစိတ်တွေ (pattern, material, texture) တွေနဲ့ ဆွဲဆောင်မလား၊ အနီးကလူတွေကို
အနုစိတ်လက်ရာတွေနဲ့ စွဲဆောင်မလား စသည်ဖြင့် ယေဘူယျဆွဲဆောင်နိုင်ပါတယ်။
ဒါပေမယ့်
ကိုယ့်ရောင်းကုန်က ရှင်းလင်းတဲ့ ပုံစံနဲ့ လိုက်ဖက်တာဆိုရင် ရှင်းလင်းတဲ့ သွင်ပြင်လက္ခဏာကို
ပုံစံလုပ်ရမှာပေါ့။Shopping အမျိုးအစား၊ ယေဘူယျအရွယ်အစားနဲ့ ရှိသင့်တဲ့နေရာတွေကို
Time Saver Standard for Building Types, Metric Hand Book တွေကနေ ယူပြီးဖော်ပြလိုက်ပါတယ်။
အတွင်းအခင်းအကျင်းဒီဇိုင်းနဲ့
အခြား services structure စတာတွေကို ဆက်လက်တင်ပြဖို့ ရှိပါတယ်။
Shopping
အမျိုးအစားများ ယေဘူယျအားဖြင့် လေးမျိုးခွဲနိုင်ပါတယ်။
1)
Retail
2) Supermarket
3)
Market/ Bazzar
4)
Shopping Center
Convenient
store က အကြောင်းအရာတခုကြောင့် တနေရာကို ရောက်နေတဲ့အခါ အဲဒီနေရာနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို
အလွယ်တကူ ၀ယ်ယူလို့ရတဲ့ ဆိုင်ခန်းငယ်လေးကို ခေါ်တာပါ၊ များသောအားဖြင့် ပစ္စည်းတွေ ခင်းကျင်းပြထားပြီး
ကိုယ်ကြိုက်တဲ့ ပစ္စည်းရွေးပြီး ငွေရှင်းတဲ့နေရာမှာ သွားရောက်ငွေရှင်းရတဲ့ ဆိုင်ငယ်ပါ။
ဥပမာ ဓါတ်ဆီဆိုင်နားမှာရှိတဲ့ ကားနဲ့ပတ်သက်တဲ့ ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေပေါ့။
Specitality
store ကတော့ တူညီတဲ့ ပစ္စည်းအမျိုးအစားကို ဆိုင်ခန်းတွေတွဲပြီး ရောင်းချလေ့ရှိပါတယ်၊
ဥပမာ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ပေါ့၊ ဟိုတယ်တွေ၊ ခရီးသွားတွေ သွားလာတတ်တဲ့ နေရာတွေမှာ
အတွေ့ရများတယ်။Varity store ကတော့ အပေါ်ကဆိုင်တွေလိုအပြင် ဘဏ်ဝန်ဆောင်မူ၊ အစားအသောက်တန်း
စသည်ဖြင့် မျိုးစုံပါဝင်တဲ့ အလယ်အလတ် shopping တွေကို ဆိုလိုတာပါ၊ Metric Hand
Book ထဲမှာ စတုရန်းပေ ၁၀၀၀၀၀ နဲ့ ၁၅၀၀၀၀ ကြားမှာရှိတယ်လို့ပြောပါတယ်၊ များသောအားဖြင့်
တစ်ထပ်၊ နှစ်ထပ်ထိရှိတတ်ပါတယ်။
အဲဒီဆိုင်တွေထက်
ပိုကြီးပြီး ပိုစုံတဲ့ ပစ္စည်းရောင်းတဲ့ဆိုင်ကိုတော့ Departmental store လို့ခေါ်ကြတယ်၊
သူတို့မှာကားရပ်နားဖို့နေရာတွေ ပါဝင်တာကြောင့် အဓိကလမ်းမကြီးတွေမှာ ရှိတယ်။
Departmental store တွေဟာ ကြီးမားပြီး အရေအတွက်ရော၊ အမျိုးအစားစုံလင်တဲ့အတွက် ဈေးဝယ်တဲ့
ပုံစံတွေလဲ စုံလင်တယ်။ ဒါကြောင့် သူ့ရဲ့ပုံစံဟာ အထပ်နိမ့်ကနေ အထပ်များစွာ ပါဝင်တဲ့
အဆောက်အအုံတွေ ဖြစ်နိုင်တယ်။ ဆိုင်ခန်းတခုချင်း သီးသန့်စီမံခန့်ခွဲတာ ဖြစ်နိုင်သလို
စတိုးကြီးတခုလုံးကို အဖွဲ့အစည်းတခုက စုစည်းစီမံတာလည်း ဖြစ်နိုင်တယ်။
ဒီလိုဆိုင်မျိုးမှာ
structural grid, general light က အရေးပါပါတယ်။ ဒီဆိုင်ကိုတော့ ဆိုင်ကြမ်းခင်းဧရိယာတင်မကပဲ၊
နေ့စဉ်ပစ္စည်းအ၀င်အထွက်၊ ငွေအ၀င်အထွက်ပေါ်မှာ မူတည်ပြီးလည်း ဆိုင်အရွယ်အစားအခေါ်အဝေါ်ကို
သတ်မှတ်ကြတယ်။convenient store, 24 hour store, kitchen mart စတဲ့ဆိုင်ငယ်တွေဟာ ရပ်ကွက်
လူနေအိမ်တွေကြားမှာ ရှိတတ်တယ်၊
Hypermarket
တွေကတော့ စားသောက်ကုန်တွေအပြင် အိမ်သုံးပစ္စည်းတွေကို ပိုရောင်းလာလို့ ငါးဆယ်ရာနူန်းစီလောက်
ရှိကြတယ်၊ ပိုလည်းကြီးပြီး ဧရိယာ စတုရန်းပေ ၂၀၀၀၀၀ ၀န်းကျင်လောက်ရှိတယ်။ မြို့နယ်တွေမှာ
တခုစီလောက်ပဲရှိတတ်တယ်၊ လမ်းမကြီးတွေရဲ့ဘေးမှာ ရှိပြီး ကားအ၀င်အထွက် Parking တွေ ပါတတ်တယ်။
ကိုယ်တိုင်ပစ္စည်းယူပြီး ငွေရှင်းကောင်တာမှာ သွားရှင်းရတဲ့အခါ ငွေရှင်းကောင်တာတွေဟာ
တနေရာထဲမှာ စုထားတတ်တယ်၊ ဒါကြောင့် ဆိုင်ရဲ့ မျက်နှာစာလည်း ငွေရှင်းကောင်တာတွေအတွက်
လိုတဲ့ အကျယ်နဲ့ ဆိုင်ဝင်ပေါက်အတွက် လုံလောက်တဲ့ အကျယ်ရှိဖို့လိုတယ်။
၃။
Shopping Center ၊ အထက်ပါဆိုင်တွေအားလုံးကို တနေရာထဲမှာ စုထားပြီး Entertainment
Facility, Bank, Relaxation စသည်ဖြင့် အခြား Facility တွေများစွာပါတဲ့ ဆိုင်ခန်းစုကြီးကို
Shopping Center လို့ခေါ်ပါတယ်။ အရွယ်အစားပေါ်မူမတည်ပဲ ဆိုင်ခန်းတွေရဲ့ စုပေါင်းပုံစံနဲ့
အမျိုးအစား၊ နေရာ အနေအထားပေါ် မူတည်ပြီး Shopping Mall, Shopping Complex, Retail
Park, Regional Shopping Center စသည်ဖြင့်ခေါ်ဝေါ်ကြတယ်၊
မိသားစုလိုက်
အပန်းဖြေအနားယူရာ၊ ရုပ်ရှင်ရုံကြီးတွေ၊ ကလေးကစားကွင်းတွေ စသည်ဖြင့် စုံလင်စွာပါရှိပါတယ်။
၎။
Market/ Bazzar တွေကတော့ ယခင်ရိုးရာကတည်းကရှိခဲ့တဲ့ ဈေးတွေပေါ့၊ open market, wet
market စသည်ဖြင့် ခေါ်ကြတယ်။ မြို့ကြီးတွေမှာတော့ အခိုင်အမာတည်ဆောက်ထားတဲ့ ဆိုင်ခန်းတွေပါဝင်တဲ့
ဈေးကြီးတွေရှိတယ်၊ သူ့ရဲ့ထူးခြားချက်က ဆိုင်ခန်းတခန်းချင်းစီမှာ အတွင်းဝင်ဈေးဝယ်လို့မရပဲ
ဈေးဝယ်သူက လိုချင်တဲ့ ပစ္စည်းပြော၊ ဈေးရောင်းတဲ့သူက ပစ္စည်းရှာပေး၊ ရွေးပေး၊ ပြီးတော့
ငွေကိုလည်း တခါတည်းရှင်းလိုက်ရတာ၊ personal services ပေးတဲ့ဆိုင်တွေပေါ့။ ဆိုင်ခန်းတခန်းချင်းစီကို
တဦးချင်းစီ သီးခြားပိုင်ဆိုင်ကြပြီး သီးခြားစီမံခန့်ခွဲကြတယ်၊
အချို့နယ်ဒေသတွေမှာ
open market တွေဟာ ယာယီဆိုင်ခန်းတွေ လက်တွန်းလှည်းတွေနဲ့ ဆိုင်ခန်းတွေကို ဖွင့်တယ်၊
မြို့ထဲမှာလည်း ညဈေးတွေနဲ့ လမ်းပေါ်ပျံကျဈေးတွေဟာ open market တွေပေါ့၊ wet
market တွေကတော့ ဟင်းသီးဟင်းရွက်၊ သားငါးတွေ အဓိကရောင်းတဲ့ ဆိုင်ခန်းတွေပါတဲ့ဆိုင်တွေပေါ့၊
ဆိုင်ခန်း သတ်သတ်မှတ်မှတ် ရှိတတ်သလို ယာယီ open market တွေလည်းရှိတတ်ပါတယ်။
ရေးသားသူ။
။ဗိသုကာ တစ်
No comments:
Post a Comment