Tuesday 10 April 2012

2007 Pritzker Architecture prize Laureate

Richard Rogers

၂ဝဝ၇ ခုနှစ် အတွက်ပရစ်စကာဆုရှင်အဖြစ် အင်္ဂလန်နိုင်ငံသား ဗိသုကာ ရစ်ချတ်ရော်ဂျာကို ရွေးချယ်လိုက်တဲ့ အကြောင်း မတ်လ (၂၇) ရက်က ကြေငြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်မှာ အသက် (၇၃)နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ဆုအဖြစ် အမေရိကန်ဒေါ်လာတစ်သိန်းနဲ့ ကြေးတံဆိပ်တစ်ခုကို ချီးမြှင့်လိုက်ပါပြီ။

ဒီနှစ်အတွက်တော့ ဆုပေးပွဲ အခမ်းအနားကို အင်္ဂလန်မှာပဲ ကျင်းပဖြစ်ခဲ့တယ်။ နှစ်စဉ် ဆုပေးပွဲအခမ်းအနားကို ကမ္ဘာတစ်ဝှန်းက သမိုင်းဝင်နေရာနဲ့ ထင်ရှားတဲ့ ခေတ်သစ်ဗိသုကာလက်ရာ အဆောက်အဦးနေရာတွေမှာ ကျင်းပနေကျ ဖြစ်ပေမယ့် ဒီနှစ်တော့ လန်ဒန်မှာပဲ ပြုလုပ်ဖြစ်တယ်။

ဆုရှင်ကို မရွေးချယ်မှီကတည်းက အခမ်းအနားပြုလုပ်မယ့်နေရာကို ရွေးချယ်ပြီးသားဖြစ်နေခဲ့တယ်လို့ ဟိတ်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ သောမတ်စ်ဂျေပရစ်စကာက ဆိုပါတယ်။ နေရာကတော့ ၁၆၁၉ ခုနှစ်တုန်းကတည်ဆောက်ခဲ့ပြီး အင်နီဂိုဂျုံးစ် ဒီဇိုင်းလုပ်ခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စားသောက်ပွဲခန်းမကြီးထဲမှာပါပဲ။

၁၉၇၉ခုနှစ် ကစပြီး ပရစ်စကာဆုကို နှစ်စဉ်တစ်ဦး သို့မဟုတ် နှစ်ဦးရွေးချယ်ပေးပြီးလာခဲ့တာ ရစ်ချတ်ရော်ဂျာဟာ သုံးဆယ့်တစ်ဦးမြောက် ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံသားအဖြစ် ၁၉၈၁ခုနှစ်မှာ ဂျိန်းစတာလင်၊ ၁၉၉၉ခုနှစ်မှာ နော်မန်ဖို့စတာ၊ ၂ဝဝ၄ ခုနှစ်မှာ အမျိုးသမီးဗိသုကာ ဇဟာဟာဒစ် တို့ကိုရွေးချယ်ခဲ့ပြီးတဲ့နောက် ရစ်ချတ်ရော်ဂျာဟာ စတုတ္ထမြောက်ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာလို့ ဆိုလိုက်ရင်ပဲ သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ ဒီဇိုင်းတွေဖြစ်တဲ့ ပြင်သစ်က ပွန်ပီဒိုစင်တာ(၁၉၇၁-၇၇)၊ လန်ဒန်မှာရှိတဲ့ လွိုက်အဆောက်အအုံ (၁၉၇၈-၈၆)၊ ထောင်စုနှစ်ဒုံး (၁၉၉၆-၉၉)၊ ပြီးတော့ မက်ဒရစ်မှာရှိတဲ့ ဘာရာဂျာလေဆိပ် (၁၉၉၇-၂ဝဝ၅) တို့ကိုတွဲဖက်မြင်ယောင်ကြမှာပါပဲ။

ဘာရာဂျာလေဆိပ် ပုံကြမ်း၊  မက်ဒရစ် (၁၉၉၇-၂ဝဝ၅)၊

 


ဘာရာဂျာလေဆိပ်အတွင်းမြင်ကွင်း

 The Millennium Dome, London (1996-99)

လန်ဒန်မှာ ရစ်ချတ်ရော်ဂျာပါတနာရှစ်ဆိုပြီး ဒီဇိုင်းရုံးရှိတဲ့အပြင် ဘာစီလိုနာ၊ မက်ဒရစ် နဲ့ ဂျပန်၊တိုကျိုမှာလည်း ရှိပါသေးတယ်။ ဝါရှင်တန်ဒီစီမှာ လည်း ရုံးတာဝါတစ်လုံးကိုလည်း တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့မိဘအိမ်ဖြစ်တဲ့ ဝင်ဘလင်ဒန်အိမ်ကို တည်ဆောက်ပေးခဲ့တယ်။ ဝေလပြည်နယ် ကားဒစ်မှာ အမျိုးသားအင်ဘီစီအဆောက်အအုံ၊ တိုကျိုမှာ နီပွန်တယ်လီဗေးရှင်းရုံးချုပ်၊ ဒါ့အပြင်ကိုးရီးယားမှာလည်း ပရော့ဂျက် အတော်များများ ရှိပါတယ်။

အမျိုးသားအင်ဘီစီအဆောက်အအုံ၊ဝေးလ်စ် (၁၉၉၈-၂ဝဝ၅)

ရော်ဂျာရဲ့ အဆောက်အဦးတွေဟာ အမျိုးအစားစုံလင်ပြီး နေရာအတော်များများမှာ ဖြန့်ကျက်တည်ရှိနေတယ်။ သူဒီဇိုင်းလုပ်ခဲ့တဲ့ အဆောက်အဦးအားလုံးဟာ အသုံးပြုမယ့်သူတွေကို အလေးပေး၊ ဂရုထားတာကိုတွေ့ရတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ သူဟာ တစ်ခြားအဖွဲ့တွေနဲ့ ပရောဂျက်ကြီးငယ်တွေကို တွဲဖက်ဒီဇိုင်းလုပ်ခဲ့တော့လည်း တသမတ်သော အဲဒီစိတ်ထားနဲ့ ဒီဇိုင်းလုပ်ခဲ့တယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။

ရစ်ချတ်ရော်ဂျာဟာ သူချစ်မြတ်နိုးလှတဲ့ ဗိသုကာပညာကို အသစ်အသစ်သော ဆောက်လုပ်ရေးပစ္စည်းတွေ၊ တည်ဆောက်ရေးနည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး ဒီဇိုင်းလုပ်ခဲ့တယ်။ သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ တည်ဆောက်ပုံ နည်းစနစ်သစ်တွေနဲ့ဒီဇိုင်းတွေဟာ အလှအပအတွက် သက်သက်ပဲမဟုတ်ပဲ သက်ဆိုင်ရာအဆောက်အဦးရဲ့ ရည်ရွယ်ချက်ကိုလည်း ထင်ဟပ်စေတယ်။ အရေးပါလှတဲ့ ဗိသုကာပညာရဲ့ ဆောင်ရွက်ချက်တွေကို အဓိပ္ဓါယ်ပိုရှိအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ အဆောက်အဦးတွေဟာ အခုခေတ် ဗိသုကာတွေ အလေးထားရမယ့် စွမ်းအင်အသုံးလျှော့ချရေးနဲ့ စွမ်းအင်ထိန်းသိမ်းခြင်းခေါင်းစဉ်ရဲ့ သက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။

မီနာမီရာမရှီယိုကျောင်း၊ဂျပန် (၁၉၉၅-၂ဝဝ၃)

ရစ်ချတ်ရော်ဂျာကို ၁၉၃၃ခုနှစ်မှာ အီတလီပြည်၊ ဖလောရင့်မှာ မွေးခဲ့ပြီး၊ လန်ဒန်မှာ ဗိသုကာပညာကို သင်ယူတတ်မြောက်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်မှာလည်း မဟာဗိသုကာဘွဲ့ကို ထပ်ပြီးရယူခဲ့သေးတယ်။

အဲဒီအချိန်တုန်းက ဗိသုကာ ပေါလ်ရုဒေါ့ကဌာနမှုး၊ နော်မန်ဖို့စတာက သူ့ရဲ့ပါတနာ၊ ပြီးတော့ ဂျိန်းစ်စတာလင်က သူ့ရဲ့ ဆရာတွေထဲကတစ်ယောက်။ ယေးလ်မှာရှိနေတုန်းက ရော်ဂျာဟာ ဖရန့်လွိုက်ရိုက်ရဲ့ ဒီဇိုင်းတွေကို အတော်စိတ်ဝင်စားခဲ့သေးတယ်။ ရိုက်ဟာသူ့ရဲ့ ပထမဦးဆုံးဘုရားသခင် ဖြစ်ခဲ့ပါတယ် လို့ ရော်ဂျာကပြောပါတယ်။ သူနဲ့ သူ့ပါတနာတွေဟာ ရိုက်ရဲ့ဒီဇိုင်းအဆောက်အအုံတွေ ရှိတဲ့နေရာအတော်များများကို ခရီးထွက်ပြီး ကြည့်ရှုလေ့လာခဲ့တယ်၊ မီးလ်ဗင်ဒါရိုးနဲ့ လူးဝစ်စ်ခန်းတို့ရဲ့ ဒီဇိုင်းတွေလည်းပါတယ်။

ယေးလ်ကပြီးသွားတော့လည်း နာမည်ကြီးဗိသုကာတွေဖြစ်တဲ့ စကစ်မိုး၊ အိုဝင်နဲ့ မက်ရင်၊ ပြီးတော့ ရုဒေါ့ချင်ဒလား၊ ချားစ်နဲ့ ရေးအိန်းစ် စသည်တို့ရဲ့အဆောက်အအုံတွေပါမကျန် လည့်လှည်ပြီး ဗိသုကာပညာရဲ့အနှစ်သာရတွေကို ကိုယ်တိုင်ခံစားရယူခဲ့ပြန်ပါတယ်။

The Antwerp Law Courts, Belgium,1999

The Leadenhall Building (2002-2006)

အစပိုင်းမှာတော့ ဒီဇိုင်းအဖွဲ့ငယ်လေးဖွဲ့ပြီးတော့ အိမ်ဒီဇိုင်းတွေနဲ့ ပရိုက်တစ်စ်အရင်လုပ်ခဲ့တယ်။ ရင်ဇိုပီယာနိုနဲ့ တွဲဖက်ဒီဇိုင်းလုပ်ခဲ့ရတဲ့ ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ပွန်ပီဒိုစင်တာဟာ သူတို့နှစ်ဦးစလုံးကို ကမ္ဘာ့ဗိသုကာလောကရဲ့ ဇာတ်ခုံပေါ်ကိုရောက်ရှိစေခဲ့တာပဲ ဖြစ်ပါတယ်။ လွိုက်အဆောက်အဦးကို ပြီးစီးပြီးတဲ့နောက်ပိုင်းမှာ ရော်ဂျာဟာ အင်္ဂလန်တွင်မှာမက ကမ္ဘာတစ်လွှားကပါ အသိအမှတ်ပြုခဲ့ရတဲ့ ဗိသုကာတဦးဖြစ်လာခဲ့ပါတယ်။

ပွန်ပီဒိုစင်တာပြင်သစ်(၁၉၇၁-၇၇)၊
ဗိသုကာပညာကဏ္ဍဟာ နိုင်ငံရဲ့ နိုင်ငံရေး၊လူမှုရေး ကျိုးကြောင်းရလဒ်ပေါ်မှာ အလွန်ပဲ အခြေခံတဲ့ပညာရပ်ဆိုတာကို ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာဟာ ဗိသုကာပညာဆိုတာ လူမှုရေးအနုပညာရဲ့ အနှစ်ပဲဆိုတာ သူ့ရဲ့အလုပ်နဲ့ပြသခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ရာသက်ပန်ခံယူချက်ဖြစ်တဲ့ ဗိသုကာတစ်ဦးဟာ အကောင်းဆုံးကမ္ဘာ သားတစ်ဦးဖြစ်ရမယ်ဆိုတာဖြစ်ကြောင်းလည်းပြသနေပါတယ်။ သူ့ရဲ့အဆောက်အဦးအားလုံးကိုကြည့်ရင် အဲဒီလို ထင်ပေါ်နေတဲ့ အရည်အချင်းကို တွေ့ရလို့ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ရွှေဦးခင် ဇူလိုင်၊ ၂ဝဝ၇

No comments:

Post a Comment