Saturday 7 April 2012

2010 Pritzker Architecture Laureates

(Kazuyo Sejima) & (Ryue Nishizawa)


၂၀၁၀ ခုနှစ်အတွက် ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံ ခဲ့ရသူများကတော့ ဂျပန်က ဗိသုကာနှစ်ဦးဖြစ်တဲ့ ခဇူယို ဆဲဂျီးမ (Kazuyo Sejima) နဲ့ ရုရိနီရှီးဇ၀ါ (Ryue Nishizawa) တို့ဖြစ်ပါတယ်၊ သူတို့နှစ်ဦးဟာ SANAA ဗိသုကာအဖွဲ့ရဲ့ တွဲဖက်ဗိသုကာတွေပဲ ဖြစ်ပါတယ်၊ သူတို့နှစ်ဦး ဒီဇိုင်းထုတ်ခဲ့တဲ့ အဆောက်အအုံတွေဟာ ဂျပန်နိုင်ငံမှာ အများအပြားတည်ဆောက်ပြီးစီးခဲ့ပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတစ်လွှားမှာလည်း အထင်ကရ အဆောက်အအုံတွေရှိပါတယ်၊ 

ထင်ရှားတဲ့ အဆောက်အအုံတွေကတော့ ဂျပန်မှာတည်ဆောက်ထားတဲ့ O-Museum (1999)၊ the 21st Century Museum of Contemporary Art (2004)၊ The glass Pavilion (2006) နဲ့ နယူးယောက်စီးတီးမှာ ရှိတဲ့ the New Museum of Contemporary Art (2007) တို့ ဖြစ်ပါတယ်။

 အဆောက်အအုံအားလုံးဟာ မီနီမာလစ်စင်ကိုပဲ အခြေခံထားပေမယ့် ထင်ရှားပေါ်လွင်တဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်၊ 

ဆဲဂျီးမဟာ ဒုတိယမြောက် အမျိုးသမီး ပရစ်စကာဆုရှင် ဖြစ်ပါတယ်၊ (၂၀၀၄) ခုနှစ်မှာ အီရတ်အမျိုးသမီး ဇာဟာ ဟာဒီး (Zaha Hadid)က အရွေးခံခဲ့ရတာပါ၊ ပြီးတော့ ဒီ (၂၀၁၀) အတွက် ဆုဟာ တတိယအကြိမ်မြောက် ဗိသုကာနှစ်ဦးကို ပူးတွဲပေးခြင်းပါ၊

(၁၉၉၈) ခုနှစ်မှာ ဘရာဇီးက ဗိသုကာ အော်စကာ နစ်မီးယား (Oscar Niemeyer) နဲ့ ယူနိုက်တစ်စတိတ်က ဗိသုကာ ဂေါ်ဒန်ဘန်းချက်ဖ် (Gordon Bunschaft) တို့ နှစ်ဦးတွဲနှင့် (၂၀၀၁) ခုနှစ်မှာ ဆွစ်လူမျိုး ဗိသုကာအတွဲ ဂျေဂွား ဟားဇောက်နဲ့ ပီးယတ်ဒီ မူရန် (Jacques Herzog and Pierre de Meuron)တို့ ရခဲ့တာ ဖြစ်ပါတယ်၊ ဒီနှစ်မှာတော့ အမျိုးသား အမျိုးသမီး ဗိသုကာ အတွဲကို ပေးခြင်းပါပဲ၊


ပရစ်စကာဂျူရီလူကြီးများက ဆဲဂျီးမနဲ့ နီရှီးဇ၀ါတို့ရဲ့ တစ်ဦးချင်းထက် တစ်ဆယ့်ငါးနှစ်တိုင် အတူ တွဲဖက်လုပ်ကိုင်ခဲ့တာ ကြောင့်လည်း ထင်ရှားတဲ့ ပရော့ဂျက်တွေ ပေါ်ပေါက်ခဲ့ရတာပါ လို့ အသိအမှတ် ပြုကြပါတယ်၊ သူတို့နှစ်ဦးဟာ ပရစ်စကာဆုရှင်ကြီးများဖြစ်တဲ့ ဗိသုကာ ပီတာဇန်ပ်သာ (၂၀၀၉) (Peter Zumthor)၊ ဗိသုကာ ဖရန့်ဂယ်ရီ (၁၉၈၉)(Frank Gehry)၊ ဂျပန်ဗိသုကာတွေဖြစ်ကြတဲ့ တာဒါအို အင်ဒို (၁၉၉၅) (Tadao Ando) နဲ့ ဖူမီဟီကို မားကီး (Fumihiko Maki)နဲ့ ကင်ဇိုတိုင်ဂီး (Kenzo Tange)တို့ဆီမှာလည်း ဗိသုကာအလုပ်များ တွဲဖက်လုပ်ကိုင်ဖူးခဲ့ပါတယ်၊


သူတို့ရဲ့ ထင်ရှားတဲ့ ပြတိုက်ဒီဇိုင်းလေးခုကို ကြည့်ရင် ယခုခေတ် အဆောက်အအုံ ဆောက်လုပ်ရေးပစ္စည်းတွေ ဖြစ်တဲ့ ကွန်ကရစ်၊ စတီးလ်နဲ့ မှန်များကိုသာ အသုံးပြုထားတယ်၊ သူတို့ အတွဲဟာ နေရာ၊ အဆောက်အအုံလိုအပ်ချက်ကို လိုက်ပြီး မှန်ကန် အသုံးတည့်အောင် ဒီဇိုင်းပြုနိုင်စွမ်းတယ်၊ အသုံးပြုမယ့်လူတွေ၊ သူတို့ရဲ့ လှုပ်ရှားမူတွေ ၊ ပြသမယ့် ပစ္စည်းတွေနဲ့ တည်ဆောက်မယ့် မြေခင်းနေရာကို ပုံဖော်နိုင်တယ်လို့ ဂျူရီအဖွဲ့က ကောက်ချက်ချပါတယ်။


O-Museum ဟာ ရှည်လျားတဲ့ ကျုပုံသဏ္ဍာန်ဖြစ်ပြီး ကွန်ကရစ်တိုင်တွေနဲ့ ထောက်မထားပါတယ်၊ အဆောက်အုံဟာ သစ်တော ဧရိယာတွင်းမှာ ရှိပြီး ဆယ့်လေးဆယ့်ငါးရာစုကတည်းက တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးလည်းတည်ရှိပါတယ်၊ ပြတိုက်ရဲ့ အ၀င်ခန်းမ လော်ဘီကနေပြီး အဲဒီ ရဲတိုက်ကြီးကို မြင်ကွင်းပေးထားပါတယ်၊


O-Museum, Nagano, Japan, 1999


the 21st Century Museum of Contemporary Art (2004) ကတော့ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အရွယ်အစားနဲ့ အမြင့် အမျိုးမျိုးရှိတဲ့ ကုဗတုံးပြခန်းတွေကို ဖွဲ့စည်းပေးထားပါတယ်၊ မှန်နံရံ ပတ်ပတ်လည်အတွင်းမှာ လျှောက်လမ်းပေးထားပြီး အတွင်းက ဖွဲ့စည်းထားတဲ့ နေရာများဆီသို့ ရောက်နိုင်ပါတယ်၊ အတွင်းမှာ courtyard လေးခုပါဝင်ပြီး မှန်နံရံနဲ့ ထပ်မံ ဖွဲ့စည်းထားပါတယ်၊ အခန်းအတော်များများကို skylights ပေးထားပြီး သဘာဝအလင်းရောင် လိုအပ်တဲ့အခါမှာ အသုံးပြုရန်အတွက်ပါ၊ (၁၉၉၉) ခုနှစ်မှာ စတင်တည်ဆောက်ပြီး (၂၀၀၄) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်၊


21st Century Museum of Contemporary Art, Ishikawa, Japan, 2004


The glass Pavilion (2006) ကတော့ ယူနိုက်တစ်စတိတ်မှာ တည်ရှိတာပါ၊ မှန်များနဲ့ ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းများကို ထိမ်းသိမ်းပြသရန် ဒီဇိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်၊ အဆောက်အအုံဒီဇိုင်းကိုယ်တိုင်ကလည်း မှန်နဲ့ပဲ တည်ဆောက်ထားပါတယ်၊ ကျယ်ပြန့်ပြီး ခပ်နိမ့်နိမ့် အဆောက်အအုံဟာ လေးတောင့်အခန်းများကို တခုနဲ့တခု ချိတ်ဆက်ထားတဲ့ ပုံသဏ္ဍာန်ပါ၊ မှန်နံရံကွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကပ်လျှက် အတွင်းခန်းများဟာ တစ်ခန်းနဲ့ တစ်ခန်း ထွင်းဖောက်မြင်နိုင်စေပါတယ်၊ အတွင်းမှာ courtyard ပါရှိပါတယ်၊

Glass Museum, Ohio, 2006


မက်ဟန်တန်မှာ တည်ရှိတဲ့ the New Museum of Contemporary Art (2007) ကတော့ မြို့ပြဧရိယာမှာ တည်ဆောက်တာ ဖြစ်တာကြောင့် မြင့်မား သေးသွယ်တဲ့ ပုံဏ္ဍာန်ပါ၊ မှန်တုံးများကို အထပ်ထပ်တင်ထားတဲ့ သဏ္ဍာန်ပါ၊ တခုနဲ့တခုအထပ်နေရာတွေမှာ terrace နဲ့ skylight တွေကို ဖွဲ့စည်းထားပေးပါတယ်၊


New Museum of Contemporary Art, New York, 2007


တခြားထင်ရှားတဲ့ အဆောက်အအုံများထဲမှာ ဂျာမနီမှာတည်ရှိတဲ့ Zollverein School of Management and Design ကလည်း ကုဗတုံး ပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်၊ မြို့ပြမဟုတ်တဲ့ ကျောက်မီးသွေးတွင်းတွေ တည်ရှိတဲ့ နေရာမှာ တည်ဆောက်ထားတာပါ၊ (၁၁၅ ပေ) မျက်နှာစာ ရှိတဲ့ ကုဗတုံးအဆောက်အအုံ ဒီဇိုင်းဟာ ပတ်ဝန်းကျင်မှာ တည်ရှိတဲ့ လူနေအိမ်တွေရယ်၊ ကြီးမားတဲ့ စက်ရုံတွေကြားမှာ ထင်ရှားနေပါတယ်၊ အမြင့်ချင်းမတူတဲ့ အထပ်လေးထပ်ရှိပြီး အရွယ်အစားချင်းမတူတဲ့ ပြတင်းတွေကနေ အလင်းရောင်နဲ့ ပတ်ဝန်းကျင် မြင်ကွင်းတွေကို ပေးပါတယ်၊ ပထမထပ်ကတော့ စုပေါင်းလေ့လာစရာ ခန်းမဖြစ်ပြီး နံရံကာထားချင်းမျိုးမရှိတဲ့ အဖွင့်ခန်းမပါ၊

Zollverein School of Management & Design, Germany, 2006


ဆွီဇာလန်မှာတည်ရှိတဲ့ Rolex Learning Center (2005) မှာ စာကြည့်တိုက်၊ ဘာသာစကားသင်ခန်းမများ၊ ရုံးခန်းများ၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်များပါဝင်ပါတယ်၊ အဆောက်အအုံရဲ့ ခေါင်မိုးနဲ့ ကြမ်းပြင်ဟာ လှိုင်းတွန့်သဏ္ဍာန် အနည်းငယ်ပါပါတယ်၊ လှိုင်းတွန်သဏ္ဍာန်အမိုးပြားအောက်မှ အ၀င်ခန်းမရှိပါတယ်၊ အတွင်းမှာ အရွယ်အစားနဲ့ ပုံသဏ္ဍာန်မတူတဲ့ courtyard ခုနစ်ခုတို့နဲ့ ဖွဲ့စည်းထားပါတယ်၊ အသုံးချပုံ မတူတဲ့အခန်းတွေကို အရွယ်အစားနဲ့ သဏ္ဍာန်မတူအောင် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်ပါတယ်၊ (၂၀၀၉) ခုနှစ်မှာ ပရော့ဂျက်ပြီးစီးခဲ့ပါတယ်၊


The Rolex Learning Centre, Switzerland, 2009


ဂျပန်မှာ တည်ရှိတဲ့ Naoshima Ferry Terminal ကလည်း ကြီးမားတဲ့ အမိုးပြားကြီးက မှန်နံရံကာ အသုံးချရန်အခန်းတွေကို အုပ်မိုးထားပါတယ်၊ ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ Christian Dior Building အပါအ၀င် ဂျာမနီနိုင်ငံမှ Vitra Factory Building နဲ့ ပြင်သစ်မှာရှိတဲ့ Louvre-Lens ပြတိုက်တို့ကလည်း ထင်ရှားပါတယ်။

ရေးသားသူ။ ။ဗိသုကာ နှစ်

No comments:

Post a Comment