Showing posts with label Theory of Architecture. Show all posts
Showing posts with label Theory of Architecture. Show all posts

Thursday, 29 March 2012

ဗိသုကာလက်ရာ အဆင့်ဆင့်ပြောင်းလဲလာခြင်း


ဗိသုကာပညာဆိုတာက လူတွေခိုလှုံဖို့ သို့မဟုတ် အသုံးချဖို့ အဆောက်အအုံတွေ၊ physical structure (ဥပမာ မျှော်စင်လိုမျိုး) တွေကို ဒီဇိုင်းပြုလုပ်ပေးပြီး တည်ဆောက်ပေးတဲ့ အနုပညာနဲ့ နည်းပညာပေါင်းစပ်ထားတဲ့ ပညာပါ။

အကျယ်ချဲ့ရမယ်ဆိုရင် အဆောက်အအုံနဲ့သူ့ရဲ့ ၀န်းကျင်တခုလုံးပါဝင်ပါတယ်၊ အဆောက်အအုံတခုရဲ့ အသေးစိပ် (ပရိဘောဂတွေကအစ) ကနေ အဆောက်အအုံတခုရဲ့ သူ့ပတ်ဝန်းကျင်နဲ့ ဆက်စပ်မူအထိ စဉ်းစားတွေးတောရပါတယ်၊ ချုံပြောရမယ်ဆိုရင် ဗိသုကာပညာဟာ လူတွေအတွက် နေထိုင်အသုံးပြုဖို့ ဒီဇိုင်းပြုလုပ်ပေးတဲ့ ပညာပဲ ဖြစ်ပါတယ်။

ဗိသုကာပညာကို အကောင်အထည်ဖော်ပေးတာကတော့ ဗိသုကာတွေပါပဲ။

ဗိသုကာလက်ရာတွေကို ယဉ်ကျေးမူ၊ နိုင်ငံ့သင်္ကေတ၊ အနုပညာလက်ရာလို့ မြင်တတ်ကြပါတယ်၊ ဗိသုကာလက်ရာတွေကို ကြည့်ခြင်းအားဖြင့်လည်း ရှေးက မြို့ပြတွေ ထွန်းကားခဲ့ပုံကို သိခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ အီဂျစ်မှာ ရှိတဲ့ပိရမစ်နဲ့ ရိုမန်မှာရှိတဲ့ ကိုလိုဆီယမ် (Colosseum) လို အဆောက်အအုံတွေဟာ ယဉ်ကျေးမူသင်္ကေတကို ပြနေတယ်၊ အဲဒီအဆောက်အအုံတွေကြောင့် ရှေးက ထွန်းကားခဲ့ပုံတွေကို ပြန်လည်တွေ့ရှိတာကြောင့်ပါ။ မြို့တွေ၊ ပြည်တွေ၊ နိုင်ငံတွေနဲ့ ယဉ်ကျေးမူအဆင့်အတန်းတွေကို ဗိသုကာလက်ရာတွေကနေတဆင့် ဆက်လက် သိမြင်နိုင်အုံးမှာပဲဖြစ်ပါတယ်။

ဗိသုကာလက်ရာတွေဟာ အမြင်ဆိုင်ရာ သက်သက်အတွက်သာမဟုတ်ပါ၊ ဗိသုကာပညာကို လူ့စိတ်အာရုံနဲ့လည်း ခံစားသိမြင်နိုင်စေပါသေးတယ်၊ ဗိသုကာလက်ရာတွေကို အကြား၊ အမြင်၊ အရသာ၊ အထိအတွေ့အာရုံများအရလည်း သိမြင်နိုင်ပါတယ်၊ ဗိသုကာတွေ ပုံဖော်ထားတဲ့ တစ်နည်း ဒီဇိုင်းလုပ်ထားတဲ့ space တွေ အရ ဗိသုကာလက်ရာဆိုတာတွေကို အကဲဖြတ်နိုင်ပါသေးတယ်။

ဗိသုကာ

ဗိသုကာတွေက လူတို့ အသုံးပြုဖို့ အဆောက်အအုံတွေကို စီမံပေးရတယ်၊ ဒီဇိုင်းပြုလုပ် တည်ဆောက်ပေးရတယ်၊ ဗိသုကာတွေက အဆောက်အအုံ တည်ဆောက်ရေးပစ္စည်းတွေနဲ့ ဗိသုကာပညာ ဝေါဟာရတွေဖြစ်တဲ့ ထုသွင်၊ နေရာ၊ အလင်းရောင်၊ စသည်တို့နဲ့ ဖန်တီးပေးရတယ်၊ အဆောက်အအုံ ကုန်ကျမယ့်စရိတ်၊ တည်ဆောက်ရေးနည်းပညာတို့ကို တွက်ချက်ရတယ်၊ ကန့်သတ်ပေးရတယ်။

ဗိသုကာတွေရဲ့အလုပ်က ပုံတွေဆွဲပေးရတယ်၊ တည်ဆောက်ဖို့ လိုအပ်တဲ့ အခြားအရာတွေ (ဥပမာ specification) ကိုလည်း ပေးရပါတယ်။ ဗိသုကာတွေ ဖန်တီးပေးတဲ့ အဆောက်အအုံဟာ အသုံးတည့်ရမယ်၊ အနုပညာလည်း မြှောက်ရပါမယ်။

ဗိသုကာပညာသီအိုရီ

တစ်ရာစုနှစ်လောက်ကတည်းက ရိုမန်ဗိသုကာ Vitruvius က ကောင်းမွန်တဲ့ အဆောက်အအုံဟာ ခိုင်ခံ့ရမယ်၊ အသုံးတည့်ရမယ် ပြီးတော့ လှပရမယ်လို့ဆိုခဲ့တယ်။

Leone Battista Alberti ဆိုသူက Vitruvius ရဲ့ အဆောက်အအုံဟာ လှပရမယ်ဆိုတာကို ပိုအသေးစိပ်ခဲ့တယ်၊ အချိုးအစားကျနဖို့၊ အသေးအစိပ်အပြောက်အမွှမ်းတွေကို ထည့်သွင်းခဲ့တယ်၊ ဥပမာ ပါသီနွမ်ကျောင်းတော်ရဲ့အချိုးအစားရယ်၊ တိုင်တွေမှာ ထည့်ထားတဲ့ အပြောက်အမွှမ်း အသေးစိပ်တွေလိုပေါ့။

အဲဒီခေတ်က အဆောက်အအုံတွေမှာ အလှအပဆိုတဲ့အရာဟာ တစုံတရာအသုံးတည့်ဖို့မဟုတ်ပဲ အမြင်ဆိုင်ရာ အစိပ်အပိုင်းသက်သက်ဖြစ်ဖို့ရာကို ပိုပြီး ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ဆယ့်ခြောက်ရာစုတိုင်အောင် ဗိသုကာလက်ရာတွေဟာ မတိုးတက်ခဲ့ဘူး။

တစ်ဆယ့်ကိုးရာစုနှစ်မှာ ဂျွန်ရပ်စကင် (John Ruskin) ဆိုတဲ့ အနုပညာဝေဖန်ရေးဆရာက Seven Lamps of Architecture, 1849 စာအုပ်ကို ထုတ်ဝေခဲ့တယ်။ သူပြောတာက ဗိသုကာလက်ရာတွေဟာ လူတွေဆောက်တဲ့ အဆောက်အအုံတွေကို မွှမ်းမံခြယ်သတာနဲ့ပဲ ပြီးခဲ့တယ်၊ လူတွေက သူတို့ရဲ့ အာဏာစွမ်းအား၊ ပျော်ရွှင်စေဖို့ ဖြေဖျော်တဲ့ စိတ်သက်သက်နဲ့ အဆောက်အအုံတွေကို အမြင်လှအောင်လုပ်ခဲ့တယ်ပေါ့။

ဂျွန်ရပ်စကင်က သူ့အတွက်ဆိုရင်တော့ “အဆောက်အအုံကို ချယ်မူန်းမွှမ်းမံတာဟာ ဗိသုကာလက်ရာမမြှောက်ပါဘူး၊ ဗိသုကာလက်ရာ အဆောက်အအုံဟာ ကောင်းမွန်စွာ တည်ဆောက်ထားတာတဲ့၊ အချိုးအစားကျနတဲ့၊ အသုံးကျတဲ့ အဆောက်အုံမျိုးအနည်းဆုံးတော့ ဖြစ်ရမယ်” လို့ ဆိုခဲ့တယ်။

ဗိသုကာလက်ရာနဲ့ အဆောက်အအုံဆိုတာကို ကွဲပြားစေဖို့ နှစ်ဆယ်ရာစုမှာ ထင်ရှားတဲ့ ဗိသုကာဖြစ်တဲ့ လီကော်ဗူးဆေးက ရေးခဲ့ပါတယ်၊ “ကျောက်တုံး၊ သစ်သားနဲ့ ကွန်ကရစ်တွေကို အသုံးပြုပြီး အိမ် သို့မဟုတ် နန်းတော်ကို တည်ဆောက်တယ်ဆိုပါတော့၊ အဲဒါဟာ အဆောက်အအုံပဲ၊ ဖန်တီးမူတွေပါနိုင်တယ်၊ ဒါပေမယ့် အဲဒီအဆောက်အအုံဟာ ကျွန်တော့ရဲ့နှလုံးဘ၀င်ကို ထိစေမယ်၊ ကျွန်တော်ကလည်း နေထိုင်အသုံးပြုရတာ ပျော်ရွှင်တယ် တစ်နည်း သက်တောင့်သက်သာဖြစ်စေမယ်၊ အမြင်ဆိုင်ရာအားဖြင့်လည်း လှတယ်လို့ဆိုမယ်၊ အဲဒါဟာ ဗိသုကာလက်ရာပါပဲ။”

ရေးသားသူ။ ။ ဗိသုကာ နှစ်

Living in Color (Part3)

အရောင်များ၏ သိပ္ပံသဘောတခုတည်း အဖြစ်မဟုတ်ပဲ အရောင်ရွေးချယ်ကြရသော အကြောင်းအချက်ရှိပါသည်။ လူတိုင်းတွင် သူနှစ်သက်သောအရောင် ကိုယ်စီရှိကြပါသည်။ မည်သည့်သီအိုရီနှင့်မျှ တစုံတဦးအား သူနှစ်သက်သော အရောင်မှ တခြားသောအရောင်ဖြင့် လွှမ်းမိုးချင်၍ မရနိုင်ပါ။ ကံကောင်းလှစွာ ကျွန်ုပ်တို့တွင် ကိုယ်စီနှစ်သက်သော အရာများမှာ မတူညီပဲ အမျိုးမျိုးရှိနေကြခြင်းဖြစ်ပါသည်။
သို့သော်လည်း အရောင်များ၏ အလုပ်လုပ်ပုံနှင့် အရောင်များတွင် စည်းမျဉ်းများရှိကြောင်းကို မဖြစ်မနေ မှတ်သားရန်လိုပါသည်။ 
အရောင်များမရှိပဲ နေထိုင်ရန်မဖြစ်နိုင်ပါ။ အရောင်များသည်အချိန်ပြည့် သင့်အားဝန်းရံနေသော ကြောင့်ဖြစ်သည်။ စိတ်ခံစားချက်အပေါ်တွင် လွှမ်းမှိုးမှုရှိသည်မှာလည်း ထင်ရှားပေသည်။ စိတ်ကူးဖြင့် နံရံနှစ်ချပ်ကြားတွင်လမ်းလျှောက်ကြည့်ပါ၊ အရွက်များဖုံးလွှမ်းနေသော သစ်ပင်ရိပ်၌ထိုင်ကြည့်ပါ၊ ကြည်လင်သောကောင်းကင်ပြာကိုငေးကြည့်ပါ၊ သို့မဟုတ်အနီရောင်ဆွယ်တာဝတ်ထားကြည့်ပါ။ အရောင်များ၏ စွမ်းအားကို သင်ချက်ချင်း သတိပြုသွားရပေမည်။ 
သင်၏ ကိုယ်ပိုင်အိမ်အား တန်ဆာဆင်ရန် အရောင်များကို ရွေးချယ်ရခြင်းသည် စိုးရိမ်ဖွယ်ကောင်းသော အချက်ဖြစ်သည်။ လူတိုင်းသည် အိမ်ခန်းအတွင်း အလှဆင်ခြင်း ဆိုင်ရာမဂ္ဂဇင်းများကို အချိန်ပေး၍ ကြည့်ရှုကြမည်၊ အရောင်အနုအရင့်နှင့် အထည်အထပ်ထပ်များကိုလည်း သတိထားပြီး သေချာစွာကြည့်ကြမည်၊ ရွေးရခက်သော အရောင်များဖြစ်နေပေမည်။ မည်သည့် အရောင်ကိုပဲ ရွေးရွေး သင် ရွေးချယ်လိုက်သော အရောင်ကို သင်ရော သင့်မိသားစုပါ ကြိုက်နှစ်သက်ရတော့မည်။ ဖက်ရှင်ကျသော်လည်း နေထိုင်၍ သက်တောင့်သက်သာ မရှိလှသော အရောင်များကို မရွေးချယ်သင့်ပါ။ သင်၏အိမ်အား အလှဆင်မွှမ်းမံခြင်းသည် သင့်ကိုနေထိုင်၍ ကောင်းစေရမည့်အပြင် သင့်မိသားစုအပြင် မိတ်ဆွေများကို ကြိုဆိုသောအရောင်များ ဖြစ်သင့်သည်။ အရောင်များသည် သင်၏ ပတ်ဝန်းကျင်ကို ကောင်းမွန်စေရမည်။ သင်ဝတ်ထားသော အဝတ်ကဲ့သို့ သင်၏အိမ်သည် သင်၏ ကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက်များကို ဖော်ပြပေးနိုင်သည်။ 
အလင်းမရှိပဲ အရောင်မရှိနိုင်ပါ။ ထို့ကြောင့် အိမ်ခန်းများကို အလှဆင်ရာတွင် အခန်း၏ အရည်အသွေးနှင့် အလင်းကျရောက်နိုင်မှု တို့ကို ပထမဦးဆုံး ဆုံးဖြတ်ရပေမည်။ အခန်း၏ပြတင်းသည် မြောက်ဘက်သို့ လှည့်နေပါက နေပူသောနေ့များတွင် တောင် အလင်းသည် အေးမြမြရှိနေပေလိမ့်မည်။ ပြတင်းအပြင်ဘက်တွင် သစ်ပင်များရှိပါက အခန်းသည် ဆောင်းနှင့်နွေဦးမှသည် နွေရာသီထက်ပိုပြီး လင်းပေမည်။ အရွက်များ ခက်ဖြာနေသော အကိုင်းများသည် အခန်းတွင်းသို့ အစိမ်းရောင် အရိပ်များဝေဖြာ နေပေလိမ့်မည်။ 
တောက်ပသောအလင်းရှိပါက အဖြူရောင် သုတ်ထားသောနံရံသည် မျက်စိကျိန်းစေပါသည်။ သိသာသောအရောင်ရှိသည့် ပန်းများ၊ ပန်းချီကားများကို ပံ့ပိုးပေးပါက နှုးညံလှသော အပြောင်းအလဲကို အကောင်းဆုံးရယူ နိုင်ပါမည်။
နေ့မှာရရှိသည့် အလင်းကိုချည်း တွေးနေ၍မဖြစ်ပါ။ ဧည့်ခန်းနှင့် ထမင်းစားခန်းသည် များသောအားဖြင့် ည အချိန်အခါတွင်သာ အသုံးများသည်။ ထို့ကြောင့် အရောင်များကို (Artificial Light) နှင့်တွဲ၍ သုံးပါမှ အကောင်းဆုံးဖြစ်မည်။ အရောင်ရင့်ရင့်သုံးလျှင် သင့်လျှော်ပါသည်။ သို့သော် အလင်းကို စုပ်ယူမှုများမည်။ အရောင်၏ ကိုယ်ပိုင်အလင်းဖြင့် ကစားပေးနိုင်သည်။ မျက်နှာကျက်နှင့် နံရံများမှ အရောင်များမှ အလင်းပြန်ပေးနိုင်မည်။ ကျဉ်း၍မှောင်သော အခန်းများကို အရောင်ဖျော့ဖျော့ ဆေးသုတ်ပါကပို၍ ကျယ်ပြီး လင်းလာအောင် လုပ်ပေးနိုင်သည်။ အေးချမ်းခြင်း၊ နွေးထွေးခြင်းကို ရစေရန် အရောင်ဖြင့် ပြုလုပ်နိုင်ပါသည်။ အဖြူရောင်မျက်နှာကျက်သည် အခန်းကိုပွင့်လင်းစေသည်။ ဖျော့တော့တော့ ကြမ်းပြင်သည် နေရာပမာဏ ဆိုသည်ကို ပိုခံစားပေးနိုင်သည်။ 
အလွန်ကျယ်သော အခန်းများသည် အလှဆင်ရန်ခက်တတ်သည်။ အခန်းတွင်သုံးသော ပစ္စည်း၏ အရောင်များကို တစ်ရောင်တည်း ဖြစ်အောင်သုံးခြင်းဖြင့် အခန်းအကျယ် အဖွင့်ကို စုစည်းပေးနိုင်မည်။ အခန်းတွင် ဆေးသုတ်ပါက နံရံများတွင် ရောင်ပြန်မှုရှိနိုင်သည်ကို မမေ့သင့်ပါ။ ခန်းမကျယ်ကျယ်တွင် အပြာရောင်သုတ်ပါက ကြည့်၍ကောင်းသည် ဟုထင်ရသော်လည်း နံရံနှစ်ခုထက် ပိုလာပါက အပြာရောင်ကိုသုံးလျှင် အေးစက်သောသဘော သက်ရောက် သွားနိုင်ပါသည်။ နောက်တချက်မှာ အခန်းတွင်းတွင် ဘာမှ မရှိပဲနေမည် မဟုတ်ဆိုသည်ကိုသတိရပါ။ ပန်းချီကားချပ်များ၊ မှန်များ၊ ပရိဘောဂများ၊ ခန်းဆီးများသည် အရောင်ပြင်းအားကို ဖျော့စေပါသည်။ 
အမျိုးမျိုးအဖုံဖုံ အသုံးချမည့်အခန်းများစွာ အတွက်သင့်လျှော်သော နေရာဖြစ်အောင် ဖန်တီးရာတွင် အရောင်များ၏ စိတ်လှုပ်ရှားဖွယ် စွမ်းအားများကို ဖော်ထုတ် အသုံးချနိုင်သည်။ အရောင် ကျွမ်းကျင်သူများက ဆိုသည်မှာ အိမ်ခန်းတွင်းရှိ အရောင်များ ညီညွတ်မျှတမှုရှိလျှင် သင်၏ ဖိစီးမှုများကို လျှော့ချပေးနိုင်သည် ဟုဆိုသည်။ 
အိမ်ဦးခန်းမ တံခါးဝမှာကအစ ပြင်းသောအရောင်၊ ပန်းနီရောင်၊ နီဝါရောင်၊ ရွှေရောင်စသည့် အရောင်များသည် ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုသော သဘောဆောင်သည်။ နွေးထွေးမှု ပေးသော အဝါရောင်သည် ကောင်းမွန်သည့်အရောင်ဖြစ်သည်။ မီးဖိုခန်းတွင် အဝါရောင်သုံးပါက သင့်အားအားအင်ပြည့်စေပြီး အလုပ်လုပ်နိုင်စွမ်းကို တိုးစေမည်ဖြစ်ပါသည်။ အပြာရောင်သုံးလျှင် သင့်အားထိုအချက်များ လျှော့ကျစေသည်။ အနီရောင်နံရံများသည်လည်း နွေးထွေးမှုကို ပေးပါသည်။ ပိုက်ထွေးသော ခံစားမှုမျိုးကိုပေးသည်။ ထမင်းစားခန်းများအတွက် သင့်လျှော်စေပါသည်။ လှုံ့ဆော်သော အရောင်များဖြစ်သဖြင့် လူတိုင်းကို စကားပြောလာနိုင်စေသည်။ အိပ်ခန်းများတွင် အနီရောင်ကို မသုံးသင့်ပါ။ အိပ်မပျော်ခြင်းကို ဖြစ်စေပါသည်။ အပြာရောင်ဖျော့ဖျော့သုံးပါက ဖြေလျှော့ခြင်း၊ လုံခြုံခြင်းပတ်ဝန်းကျင်ကို ဖြစ်စေပါသည်။ အပြာရောင်သည် ရင်းနှီးခြင်း၊ သက်တောင့်သက်သာရှိစေသော အရောင်ဖြစ်ပါသည်။ လူအများ၏ အနှစ်ခြိုက်ဆုံးအရောင်အဖြစ် ရွေးချယ်ခံရသောအရောင် ဖြစ်ပါသည်။ အပြာရောင်သည် ရေချိုးခန်းအတွက် ကောင်းပါသည်။ ပို၍ငြိမ်သက်ခြင်း၊ သန့်စင်ခြင်းဖြစ်စေရန် အစိမ်းနှင့် စိမ်းပြာရောင်ကို သုံးနိုင်ပါသည်။
အရောင်များကိုအသုံးပြုရာတွင် တစ်အိမ်လုံး အနေအထားဖြင့်ကြည့်ရပါမည်။ တစ်ခန်းနှင့်တစ်ခန်း လိုက်ဖက်အောင်သုံးသင့်ပါသည်။ တစ်ခါတစ်ရံတွင်လည်း မထင်မှတ်ပဲ ဆန့်ကျင်ဘက်ဖြစ်သော အရောင်များ တွဲသုံးပါက ထူးခြားမှုကိုဖြစ်စေပါသည်။ 
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်

Living in Color (Part2)

အရောင်များ၏သီဝရီ
အလင်းရောင်တန်းများကြောင့် အရောင်အမျိုးမျိုးကို ကျွန်ုပ်တို့ တွေ့မြင်ကြရသည်။ ကျွန်ုပ်တို့၏ ဦးဏှောက်မှ မှတ်သားထားသောအရောင်များဖြင့် မည်သည့်အရောင်ဖြစ်သည်ကို ခွဲခြားသိနိုင်သည်။ အနီရောင်သည် သတိပေးချက်ကို ကိုယ်စားပြုသော အရောင်ဖြစ်သည်။ အနီရောင်မှာ သူ၏အလင်းဖြန့်ကျက်သောနှုန်းထား အမြင့်ဆုံး ဖြစ်သောကြောင့် တစ်ခြားသော အရောင်များထက် ပိုပြီးမြင်သာသည်။ အနီရောင်သည် အရေးပေါ်ဖြစ်ခြင်းကိုလည်း ကိုယ်စားပြုနိုင်သည်။ အနီနှင့်အပြာကို ယှဉ်ကြည့်ပါကအနီသည် နီးကပ်သည်ဟုထင်ရပြီး အပြာသည် ပို၍ဝေးသည်ဟု ထင်ရသည်။ အခန်းတခုတွင် အနီရောင်ကိုဆေးသုတ်ပါက အပြာရောင်သုတ်ထားသော အခန်းထက် သေးကျဉ်းသည်ဟု ထင်ရသည်။ 
အရောင်များ တည်ရှိနေခြင်းသည် အလင်းရောင်ပေါ်တွင် လုံးဝမူတည်ပါသည်။ အနီရောင်ပန်းအိုးတစ်လုံးကို စားပွဲပေါ်တွင် တင်ထားပြီး တန်စတင်မီးလုံးဖြင့် အနီးကပ်ထွန်းညှိထားပါ၊ မီးပိတ်လိုက်ပါက မှောင်မည်းသော အခန်းတွင် ပန်းအိုးသည် အနီရောင်မဟုတ်တော့ပဲ တစ်ခြားသောအရာများကဲ့သို့ အနက်ရောင်သာ ဖြစ်ပေတော့သည်။ 
အရာဝတ္ထုတခု၏ မျက်နှာပြင်၏ စုပ်ယူနိုင်မှုနှင့် အလင်းပြန်နိုင်မှုစွမ်းအားကြောင့်သာဖြစ်သည်။ အနီရောင်သည် အနီရောင်ဖြစ်ရခြင်းမှာ တခြားသောရောင်စဉ်များအားလုံးကို စုပ်ယူပြီး အနီတခုတည်းကိုသာ အလင်း ပြန်ပေးခြင်းကြောင့်ဖြစ်သည်။ အနီပေါ်တွင် အစိမ်းရောင်အလင်းပေးပါက အနီမဟုတ်တော့ပဲ အနက်ဖြစ်သွားပါသည်။ အလင်းရောင်၏ လှည့်ကွက်ကြောင့်သာ ဖြစ်သည်။ 
အတွင်းခန်း အလှဆင်ခြင်းနှင့် ပြင်ပအပင်စိုက်ပျိုးခြင်း တို့တွင် အရောင်သည် မည်မျှအရေးကြီးသည်ဟု သင်တွေးထင်နိုင်သည်။ အရမ်းကြီးတော့လည်း အရေးမကြီးပါ။ သို့သော်အရောင်သည် စွမ်းအားအရှိဆုံး ကိရိယာတခုဖြစ်သည်။ သင်ပို၍သိလေ အရောင်များ၏ ဂုဏ်သတ္တိများကို အကောင်းဆုံးနှင့် အကျိုးရှိဆုံး အသုံးချနိုင်လေ ဖြစ်ပါသည်။ 
အရောင်စက်ဝန်းမှ အရောင်အားလုံး၏ နဂိုအတိုင်းရှိသော အရောင်များကို အရောင်အသွေး (hue) ဟုခေါ်ပါသည်။ ဥပမာ အနီရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် လိမ္မော်ရောင် စသည်ဖြင့် ဖြစ်ပါသည်။ လဗင်ဒါသည် ခရမ်းရောင်အသွေး၊ သံလွင်ပင်သည် အစိမ်းရောင်အသွေး၊ ပန်းရောင်သည် အနီရောင်အသွေးထဲမှဖြစ်ပါသည်။ 
အရောင်စက်ဝိုင်းတွင် ဆန့်ကျင်ဘက်ဖြစ်သော အရောင်များကို ဖြည့်ဘက်အရောင်များဟုခေါ်သည်။ တူညီသော ပြင်းအားများရှိသည့် အရောင်များဖြစ်သည်။ ယင်းအရောင်နှစ်ခုကို ဆတူရောလျှင် မီးခိုးရောင် (neutral) အရောင်များဖြစ်ကုန်သည်။ 
ဆန့်ကျင်ဘက်ဖြစ်သောအရောင်များကို အဆင့်အမျိုးမျိုး တွေ့နိုင်သည်။ မူလအသွေးအရောင် (hue) အမျိုးမျိုး၊ ပူသောအေးသော ဆန့်ကျင်ဘက်အရောင်များ၊ အနီ၊အဝါနှင့်လိမ္မော်တို့သည် ပူခြင်းသဘောဆောင်ပါသည်။ ဆန့်ကျင်ဘက်အဖြစ်ဆုံး အရောင်များမှာ လိမ္မော်နီနှင် စိမ်းပြာရောင်တို့ဖြစ်ပါသည်။ 
နောက်ဆန့်ကျင်ဘက် တစ်နည်းမှာ အလင်းနှင့်အမှောင်ဖြစ်ပါသည်။ တူညီသောအရာနှစ်ခု၏ ကာလာဓတ်ပုံနှင့် အဖြူအမည်း ဓတ်ပုံနှစ်ခုကို ကြည့်ပါကသိနိုင်သည်။ အနီနှင့် အစိမ်းသည်အသွေးတူညီသည်။ အဖြူအမည်းပေါ်တွင် မီးခိုးရောင်ဖြစ်ခြင်း တစ်ထပ်တည်းဖြစ်သည်။ အဝါနှင့်ခရမ်းမှ အဖြူနှင့်အနက်မှလွဲ၍ အလင်းအမှောင်ဆန့်ကျင်ဘက် အဖြစ်ဆုံး ဖြစ်သည်။ 
အရောင်များတွင် အဖြူကိုစပ်ခြင်းဖြင့် အရောင်ဖျော့သွားစေနိုင်သည်။ အနက်ရောင်မှာမူ အရောင်များကို ရင့်မှောင်စေနိုင်သည်။ အရောင်များကို တွဲဖက်ညီအောင်သုံးခြင်းဖြင့် မျက်စိတွင်ကြည့်၍ အဆင်ပြေချောမွေ့စေခြင်းကို လိုက်ဖက်ညီခြင်း (harmony) ဟုခေါ်သည်။ အရောင်စက်ဝိုင်းပေါ်တွင် တခုနှင့်တခု နီးကပ်စွာရှိနေသော အရောင်များသည် ဟာမိုနီဖြစ်သောအရောင်များ ဖြစ်ပါသည်။ လိမ္မော်၊ အနီ၊ အဝါတို့သည် ဟာမိုနီဖြစ်ကြသည်။ တခုနှင့်တခုဆန့်ကျင်ဘက် အနေအထားရှိနေသော အရောင်များကို ဆန့်ကျင်သောအရောင်များ (contrast) ဟုခေါ်သည်။ လိမ္မော်နှင့် နက်ပြာရောင်တို့ကို ဟာမိုနီဖြစ်စေရန် အဖြူရောင် ရောစပ်ပေးနိုင်သည်။ အိမ်ခန်းများ၏သုတ်ဆေးများတွင် အဖြူရောင်စပ်၍ သုတ်ကြရခြင်းမှာ မူလအရောင်သည် ပြင်းအားများသောကြောင့်ဖြစ်သည်။ 
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်

Living in Color (Part1)

အရောင်များတွင်စွမ်းအားများရှိပါသည်။ အရောင်များဖြင့် သင်ဆန္ဒရှိသလို သင်၏ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည်။ အရောင်များတွင် ပြင်းအားအသီးသီး ရှိပါသည်။ အလင်း၊အမှောင်၊ အမှိန်အတောက် နှင့် အသွေး အနုအရင့် စသည်ဖြင့် ရှိသည်။ အရောင်များသည် ပူနွေးစေသော၊အေးမြစေသော ခံစားချက်များပေးနိုင်သည်။ စိတ်၏ ငြိမ်းချမ်းခြင်း ဖြစ်စေသကဲ့သို့ စိတ်လှုပ်ရှားမှုကိုလည်း ဖြစ်စေနိုင်သည်။ 
အဆောက်အဦးအတွင်းတွင် အသုံးပြုပါက သေးငယ်သောအခန်းများကို ကျယ်လာသရောင် ပြုလုပ်ပေးနိုင်သည်။ ကျယ်လွန်းသောအခန်းများကို သက်တောင့်သက်သာနေထိုင်မှု ရအောင်လုပ်ပေးနိုင်သည်။ 
ဗိသုကာအသေးစိပ်လက်ရာများ၌ အပြစ်အနာအဆာများကိုဖုံးကွယ်ပေးနိုင်သည်၊ သို့မဟုတ် ပို၍ စိတ်ဝင်စားမှု ကောင်းအောင် လုပ်ပေးနိုင်သည်။ 
အတွင်းခန်းတန်ဆာဆင်မှုတွင် လှပမှုကို ပို၍မြှင့်ပေးနိုင်သကဲ့သို့ ပို၍ နေချင်စဖွယ်ဖြစ်အောင်လည်း စွမ်းဆောင်နိုင်ပါသည်။ အရောင်များသည် အခန်းများကို ကျန်းမာသောအခန်းများ ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါသည်။ 
အတွင်းခန်းများကိုစွမ်းဆောင်ပေးနိုင်သလို အဆောက်အဦးပြင်ပတွင်လည်း အရောင်များကို အသုံးပြုနိုင်သည်။ အပင်များ၏သဘာဝအရောင်အသွေးများသည် မည်းမှောင်သောပတ်ဝန်းကျင်ကို လင်းချင်းမှုပေးနိုင်သည်။ မာကျောသောအသွင်များကို ပျော့ပျောင်းသွားအောင်လုပ်ပေးနိုင်သည်။ ပြင်ပပတ်ဝန်းကျင်ကို စိတ်ကြိုက်ဖန်တီးနိုင်သည်။ သင်၏ခံစားချက်များကို သင်ယုံကြည်မှုရှိပါ၊ အရောင်များကိုအကောင်းဆုံးနားလည်ခြင်းဖြင့် အရောင်က ပေးသော အကျိုးရှိသောအရာများကို စူးစမ်းခြင်းဖြင့် သင်၏ဘဝတန်ဖိုးကို မြှင့်တင်မှုပြုနိုင်ပါသည်။
အရောင်များအား သိပံ္ပ နည်းကျလေ့လာခြင်းကို (၁၆၇၆) ခုနှစ်တွင် ပညာရှင်ဆာအိုင်းဆက် နယူတန်ကစခဲ့ပါသည်။ သုံးမြှောက်ဖန်တုံးတစ်ခုကို သန့်စင်သော အဖြူရောင်အလင်းဖြတ်သန်းစေပြီး ခဲသားရောင်မျက်နှာပြင်ပေါ်သို့ အလင်းပြန်စေခဲ့သည်၊ ရလဒ်မှာ အနီရောင်မှစ၍ လိမ္မော်၊အဝါ၊အစိမ်း၊အပြာနှင့် ခရမ်းပြာပါဝင်သော ရောင်စဉ်တန်းများဖြစ်ပါသည်။ သက်တန့်အရောင်များသည်လည်း မိုးရေစက်များကို အလင်းများဖြတ်သန်းမှုကြောင့် ကောင်းကင်တွင် ရောင်စဉ်များ ဖြာနေခြင်းဖြစ်ပါသည်။ 
အရောင်များကိုနည်းလည်ရန် သိပံ္ပပညာရှင်များသည် အရောင်စက်ဝိုင်းတစ်ခုဖြင့်ရှင်းပြခဲ့သည်။ အရောင်စက်ဝိုင်းပေါ်တွင် ဆယ့်နှစ်မျိုးသောအရောင်များကို ခွဲခြားပြခြင်းဖြစ်သည်။ 
ပထမဦးဆုံး သုံးနားညီတြိဂံတစ်ခုကိုဆွဲလိုက်ပြီး တောင့်သုံးတောင့်ပေါ်တွင် မူလဖြစ်သောအရောင် အနီ၊အဝါနှင့် အပြာကိုခြယ်သလိုက်ပါသည်။ မူလအရောင်ဟုခေါ်ရခြင်းမှာ တစ်ခြားသော မည်သည့်အရောင်များနှင့်မှရောနှောပေါင်းစပ်ခြင်းမှ ရရှိခြင်းမဟုတ်သောကြောင့်ဖြစ်ပါသည်။ ယင်းအရောင်သုံးခုမှာ အနက်နှင့်အဖြူ ကဲ့သို့ပင် အခြားအရောင်များ၏ အခြေခံအရောင်များဖြစ်ပါသည်။ ထိုအရောင်သုံးခုကို တြိဂံ၏ ထိပ်ပေါ်တွင်အဝါ၊ ညာဘက်အောက်ခြေကို အနီ၊ ဘယ်ဘက်အောက်ခြေကို အပြာအသီးသီးထားလိုက်ပါ။ 
ကွန်ပတ်စ်ကိုသုံးပြီး စက်ဝိုင်းကို တြိဂံတောင့်များမှဆွဲယူလိုက်ပြီး ဆယ့်နှစ်ပိုင်းအညီ ပိုင်းလိုက်ပါသည်။ တြိဂံတွင် မူလအရောင်များဖြစ်သောအဝါ၊အနီနှင့်အပြာတို့သည် ဆန့်ကျင်ဘက်အနေအထားတွင် ရှိကြပါသည်။
ဆက်၍ မူလဖြစ်သောအရောင်များကို နှစ်ရောင်စီ ဆတူရောစပ်ခြင်းအားဖြင့် ဒုတိယအဆင့်အရောင်များဖြစ်သော လိမ္မော်၊ အစိမ်းနှင့် ခရမ်းရောင်များရရှိလာပါသည်။ အဝါနှင့်အနီကိုရောစပ်ခြင်းဖြင့် လိမ္မော်၊ အဝါနှင့်အပြာကို ရောစပ်ခြင်းဖြင့် အစိမ်း၊ အပြာနှင့်အနီကိုရောစပ်ခြင်းအားဖြင့် ခရမ်းရောင်များဖြစ်လာခြင်းဖြစ်ပါသည်။ အရောင်စက်ဝိုင်းတွင် မူလအရောင်နှစ်ခုကြားဆီတွင် ဖြည့်ခြင်းဖြစ်ပါသည်။ 
တတိယအဆင့်အရောင်များမှာ ဒုတိယအဆင့်ဖြစ်သောအရောင်များနှင့် သူနှင့်နီးစပ်သောအရောင်များကို ဆတူ ရောစပ်ခြင်းအားဖြင့် ရရှိလာပါသည်။ အဝါသည်လိမ္မော် နှင့်စပ်ခြင်းဖြင့် ရွှေဝါရောင်၊ အနီသည်လိမ္မော် ဖြင့် လိမ္မော်နီ၊ အဝါနှင့်အစိမ်းမှ သံပုရာရောင်၊ အပြာနှင့်အစိမ်းမှ စိမ်းပြာရောင်၊ အပြာနှင့်ခရမ်းမှ နက်ပြာရောင်၊ အနီနှင့်ခရမ်းမှအနီရင့်ရောင် စသည်ဖြင့် ရရှိလာပါသည်။ စက်ဝိုင်းပေါ်ရှိ အရောင်များကို ကြည့်ခြင်းအားဖြင့် အရောင်များတခုနှင့် တခုလိုက်ဖက်ညီမှု သို့မဟုတ် တခုနှင့်တခု ဆန့်ကျင်ဘက်ဖြစ်သောအရောင်များကို တွေ့မြင်ရပါသည်။ 
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်

Architecture and You (Part 2)

အချိုးအစား (Propotion) 
အဆောက်အအုံတစ်လုံးကို နားလည်ဖို့ အချိုးအစားကိုလည်းလေ့လာရမယ်၊ အဆောက်အအုံရဲ့ အစိပ်အပိုင်းတခုနဲ့တခု ဘယ်လိုဆက်စပ်နေသလဲ၊ အစိပ်အပိုင်းတခုဟာ အဆောက်အအုံတခုလုံးနဲ့ ဘယ်လို ဆက်စပ်နေသလဲ၊ ဘယ်လိုအချိုးအစား ဆိုရင် စိတ်ကျေနပ်မှုဖြစ်စေသလဲ။ 
ဂရိတွေက သူတို့ဒါကို အသေအချာသိတယ်လို့ တွေးထင်ခဲ့ကြတယ်၊ သူတို့ရဲ့ ဘုရားကျောင်းတွေကို ရွှေဖြတ်ပိုင်းအချိုးအစား (The Golden Ratio) နဲ့ဆက်စပ်တဲ့ စည်းမျဉ်းနဲ့ ဒီဇိုင်းလုပ်ခဲ့တယ်ပေါ့။ တစ်ဆယ့်သုံးရာစုမှာ ဖီဘိုနန်ချီ (Fibonnaci) ဆိုတဲ့သူက စာရွက်ပေါ်မှာ တိုင်းကြည့်တော့ ပါသီနွန် ဘုရားကျောင်းကြီးက အဲဒီ ရွှေဖြတ်ပိုင်း အချိုးအစား စတုဂံကွက်ထဲမှာ အံကိုက်ပါပဲ။ ဂီဇာမှာ ရှိတဲ့ ပိရမစ်ကြီးကလည်း အလားတူပါပဲ။ 
တစ်ဆယ့်ခြောက်ရာစုနှစ်ရောက်တော့ လီယိုနာဒိုဒါဗင်ချီက တြီဩမေတြီဆိုင်ရာအချိုးအစားနဲ့ ပါတ်သက်ပြီး စာအုပ်တစ်အုပ်ရေးခဲ့တယ်၊ (၁၉၄၈) ခုနှစ်မှာ လီကော်ဗူးဆေးက သင်္ချာပညာဆိုင်ရာ အချိုးအစားအကြောင်း ရေးပြန်တယ်၊ ခေတ်တွေအလိုက် ဗိသုကာတွေဟာ ရွှေဖြတ်ပိုင်းအချိုးအစားရဲ့ မှန်ကန်တဲ့နည်းကို ရှာဖွေခဲ့ကြတယ်၊ ဆက်ပြီးတော့လည်း ရှာဖွေနေကြသေးတယ်၊ ဒါပေမယ့် ဂရိတွေရဲ့ အဆောက်အအုံ အချိုးအစားတွေက ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့တဲ့အပေါ်မှာ အခြေခံခဲ့လို့ ယခုခေတ်မှာတော့ မသုံးတော့ပါဘူး၊ အသုံးမဝင်တော့ပါဘူး။ 
မကြာသေးမှီကမှ တိုးတက်မှုရှိခဲ့တဲ့ ကြိုတင်အားဖြည့်ထားတာနဲ့ဆွဲဆန့်ထားတဲ့ ကွန်ကရစ်တွေ၊ ပြီးတော့ စတီးလ်နဲ့ အလူမီနီယမ်သတ္တုတွေ တိုးတက်လာမှုတွေဟာ အရင်ကလှပခဲ့တဲ့ ကျောက်တုံးအဆောက်အအုံတွေကို ခေတ်မမှီစေတော့ဘူး။ ယနေ့ခေတ်မှာ စတွက်ချာ (Stracture) ခိုင်ခန့်ဖို့ ကျောက်တုံးတွေကို မသုံးကြတော့ဘူး၊ ကြိုတင်အားဖြည့် ကွန်ကရစ်တွေက ပိုပြီးတောင့်တင်းခိုင်မာတယ်၊ စတီးလ်စတွက်ချာတွေလဲ အတူတူပဲ။ ကျောက်တုံးတိုင်တွေ အချိုးအစားအတိုင်းပဲ ကွန်ကရစ်တိုင်တွေကိုလိုက်လုပ်မယ်ဆိုရင်တော့ ရယ်စရာဖြစ်နေလိမ့်မယ်။ အဆောက်အအုံတစ်လုံးရဲ့ ဘယ်အချိုးအစားက သင့်မျက်စိကို ဘဝင်တွေ့စေမလဲ၊ အဲဒီမေးခွန်းက သင့်ရဲ့ မသိစိတ်ထဲမှာ ရှိချင်ရှိနေမယ်။ 
ယခုလက်ရှိ နည်းပညာတွေက ဗိသုကာတွေနဲ့ အင်ဂျင်နီယာတွေအတွက် အဆုံးမရှိ အကန့်အသတ်မဲ့ အဆောက်အအုံ ထုသွင် (Form) နဲ့ စိတ်လှုပ်ရှားဖွယ်ရာနေရာ (Space) တွေရဲ့ ဖွဲ့စည်းမှု ဒီဇိုင်းတွေကို ရစေတယ်။ ကျောက်တုံးတွေရဲ့ အလှပသာဒဟာ အမှန်ပဲလှပနေတယ်၊ ဒါပေမယ့် ကျောက်တုံးအတွက်ပဲ၊ ကွန်ကရစ် အဆောက်အအုံတွေဆိုရင် ကွန်ကရစ်အဆောက်အအုံ လိုပဲဖြစ်ရမယ်၊ အဲဒါဟာကွန်ကရစ်ရဲ့ အခြေခံအလှပသာဒပဲ၊ စတီးလ်ဆိုရင်လည်းအဲဒီလိုပဲ၊ စတီးလ်ကကွန်ကရစ်လို၊ ကွန်ကရစ်က စတီးလ်လိုဆိုရင်တော့ အလှပသာဒ အချိုးအစားတွေ တူတော့မှာမဟုတ်ဘူး။ တည်ဆောက်မှုပစ္စည်းတွေရဲ့ အရည်အသွေးတွေကိုလည်း နားလည်မယ်ဆိုရင် ဗိသုကာပညာလက်ရာတွေကို ပိုပြီးနားလည်ခံစားနိုင်မယ်၊ ကိုယ့်ရဲ့အဆောက်အအုံတွေမှာ ဘယ်လို ပစ္စည်းမျိုးသုံးသင့်သလဲ ဆိုတာကိုလည်း ရွေးချယ်နိုင်ပါမယ်။ 
စကေးလ် (Scale) 
စကေးလ်ဆိုတာရဲ့ အဓိပ္ပါယ်ကို အတိအကျ ဖွင့်ဖို့ခက်ခဲပါတယ်၊ ဗိသုကာတွေရဲ့လောကမှာ သုံးနေကြတဲ့ စကေးလ် အခေါ်အဝေါ်တွေ အများကြီးပါပဲ၊ လူ့အချိုးအစားစကေးလ် (Human scale) လူနှင့်ကင်းလွတ်ရာစကေးလ် (inhuman scale)၊ ထိစပ်တဲ့စကေးလ် (intimate scale)၊ ပသာဒစကေးလ် (Aesthetic scale)၊ သေးငယ်သောစကေးလ် (small scale)၊ ကြီးမားသောစကေးလ် (large scale)၊ ခမ်းနားသောစကေးလ် (Grand scale)၊ ကြီးကျယ်ခံ့ညားသောစကေးလ် (Super scale)၊ စတွက်ချာစကေးလ် (Structure scale)၊ လမ်းသွားလမ်းလာစကေးလ် (Pedestrian scale)၊ နေအိမ်ဆိုင်ရာစကေးလ်(Residential scale)၊ မြို့ပြစကေးလ် (Urban scale)၊ လှပခံ့ညားသောစကေးလ် (Elegant scale)၊ ပြီးတော့ စကေးလ်လွန် (Out-of scale) ။ အားလုံးဟာ အရာဝတ္ထုတွေအားလုံးဆိုင်ရာ အရွယ်အစား ဆက်စပ်မှုတွေပါပဲ။ အများကြီးကိုတော့ လိုက်မှတ်ထားပြီး သိစရာမလိုပါဘူး၊
 စကေးလ်နဲ့ပါတ်သက်ပြီး သုံးမျိုးလောက် နားလည် သိထားဖို့ပဲလိုပါတယ်။ တစ်မျိုးကတော့ ပေတံနဲ့တိုင်းတာလို့ရတဲ့ စကေးလ် ၊ ဥပမာ လှေကားမှာဆိုရင် အထစ်အကျော်တွေက လေးလက်မ ဒါမှမဟုတ် ခုနှစ်လက်မ ရှိနေသလား၊ ကိုးလက်မလား၊ အဲဒီလိုဆိုရင် တအားမြင့်နေသလား၊ အနင်းတွေက တစ်ပေဆိုရင် ကျယ်သလား၊ တက်လို့ဆင်းလို့အဆင်ပြေပြီလား။ တံခါးဆိုရင်လည်း ပရိဘောဂတွေ သယ်လို့သွင်းဖို့ ကျယ်ရဲ့လား။ နံရံတွေက ပန်းချီပိုစတာတွေ ချိတ်ဖို့မြင့်ရဲ့လား။ ထမင်းစားခန်းက လူတစ်ဆယ့်နှစ်ယောက်ထိုင်ဖို့ ကျယ်ဝန်းရဲ့လား။ လူထုစည်းဝေးပွဲခန်းမက လူလေးငါးထောင်လောက်ဆန့်သလား၊ စတဲ့မေးခွန်းတွေက ရုပ်ပိုင်းဆိုင်ရာစကေးလ်(Physical scale) နဲ့ဆိုင်တယ်။ တိုင်းတာလို့ရနိုင်တယ်။
နောက်တမျိုးကတော့ ဆက်စပ်တွေးတောခြင်းအားဖြင့် သိရမယ့်စကေးလ်မျိုး၊ တိုင်းတာဖို့ခက်ခဲမယ်၊ ပေတံနဲ့ တိုင်းလို့မရနိုင်ဘူး၊ သင့်မျက်စိနဲ့ မှတ်ဥာဏ်က အလိုလိုတိုင်းပြီးသိနိုင်မယ့် အရာမျိုးတွေ၊ ဥပမာ ကြီးကျယ်ခမ်းနားလှတဲ့ အဆောက်အအုံတစ်လုံးကို သင်ရောက်ဖူးခဲ့တယ်ဆိုပါစို့၊ အဲဒီလိုအဆောက်အအုံကို အရွယ်အစားမတူ၊ အချိုးအစားမတူပဲ တည်ဆောက်ထားတာကို သင်ထပ်ရောက်သွားတယ်ဆိုရင် သင့်စိတ်က ဒါဟာ အရင်အဆောက်အအုံမဟုတ်ဘူး၊ ပုံစံတူအသေးစားပဲဆိုတာသိတယ်။ အဲဒီလိုစကေးလ်မျိုးကို ဆက်စပ်တွေးတောစကေးလ် (Associative scale) လို့ခေါ်နိုင်တယ်။ 
အဆောက်အအုံတစ်လုံးဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း လုံလုံလောက်လောက်ကျယ်ဝန်းတယ်၊ အရွယ်အစားအားဖြင့်လည်း မှန်ကန်တယ်လို့ဆိုရင် စိတ်ပိုင်းဆိုင်ရာအားဖြင့်ရော လက်ခံနိုင်ရဲ့လား၊ ဘယ်လောက်ကြီး ဘယ်လောက်ငယ်တယ်လို့ စိတ်ထဲမှာ ခံစားရသလဲ၊ ဒါကရှိသေးတယ်။ ဥပမာအားဖြင့် အဖွင့်တွေမရှိတဲ့ နေရာတခုထဲမှာဆိုရင် ကျဉ်းတယ်လို့ခံစားရမယ်၊ အဖွင့်တစ်ဖက်တည်းပဲ အရွယ်အစားတူနေရာတခုထဲမှာဆိုရင် ပိုပြီးကျယ်တယ်လို့ခံစားရမယ်။ အဲဒီလိုတကယ်ခံစားရမယ်၊ စိတ်ပိုင်းအားဖြင့် အမြင်အားဖြင့် အဲဒီနေရာအမှန်တကယ်ကျယ်ဝန်းနေမယ်၊ ပြင်ပကနေရာဟာ အတွင်းနေရာရဲ့ အစိပ်အပိုင်းတစ်ခုဖြစ်သွားလို့ပါပဲ။
ယုံကြည်အောင် လှည့်စားနိုင်တဲ့စကေးလ်မျိုးကို ကျိုးကြောင်းပြစကေးလ် (Effectual scale) လို့ခေါ်နိုင်တယ်။ အဲဒီလိုစကေးလ်မျိုးကို ဗိသုကာတွေက နေအိမ် အသေးလေး တွေမှာ ထိရောက်စွာအသုံးချကြတယ်၊ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းတွေကိုကာထားတဲ့ နံရံတွေကို မထည့်ပဲ အခန်းတွေ အဖြစ်မဖွဲ့တော့ပဲ နေရာတွေကို ရောယှက်ဖွဲ့စည်းလိုက်တဲ့ သဘောမျိုးပဲ၊ သီးသန့်စီ အခန်းဖွဲ့လိုက်ရင် အခန်းကျဉ်းတွေ အဖြစ်ပဲရတော့မယ်။ 
ထုသွင်နဲ့နေရာတွေဟာ လူတစ်ယောက်အတွက်၊ ဒါမှမဟုတ် လူအုပ်အများစုအတွက်တောင် အရမ်းကို ကြီးမားနေမယ် ဆိုရင်တော့ ဒီလိုစကေးလ်မျိုး ခံစားလို့ရတော့မှာမဟုတ်ဘူး၊ မျက်နှာကျက်တွေကလည်း အလွန်ပဲ မြင့်မားနေမယ်၊ အခန်းဆိုတာလည်းနေထိုင်လို့ သက်တောင့်သက်သာမှု မရှိတော့လောက်အောင် ကြီးမားသွားမယ်ဆိုရင်တော့ စကေးလ်ဆိုတာကို မသိနိုင်တော့ဘူး။ လူ့အချိုးအစားစကေးလ် လွတ်သွားတယ်လို့ ဆိုနိုင်တယ်။ ဒီလို ကျိုးကြောင်းပြစကေးလ်မျိုးဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စကေးလ်ကို လက်ခံ ခံယူတဲ့အပေါ်မှာလည်းမူတည်တယ်။ စိတ်ပိုင်းဆိုင်ရာနဲ့လည်း သက်ဆိုင်ပါတယ်။
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ် 
Architecture and You, How to experience and Enjoy Buildings
by
William Wayne Caudill FAIA
William Merriweather Pena FAIA
Paul Kennon AIA စာအုပ်ကို ဆီလျော်သလို ဘာသာပြန်ပါသည်။

Architecture and You (Part 1)

ဟန် (သို့မဟုတ်) စတိုင်လ် (Style)
ဟန်တွေအဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲဆိုတာ ရှာဖွေဖို့တော့ အချိန်တွေ အများကြီးပေးရလိမ့်မယ်၊ ဗိသုကာတွေ အတော်များများကတော့ ရှေးရှေးသမိုင်းကဟန်တွေကို ကူးယူဖို့စိတ်မဝင်စားကြပါဘူး၊ တချို့သော ဗိသုကာတွေကျတော့လဲ တခြားသော ဗိသုကာတွေ ဥပမာ ဖရန့်လွိုက်ရိုက်၊ လီကော်ဗူးဆေး၊ မီးစ်ဗင်ဒါရိုး၊ လူးဝစ်စ်ခန်း တို့တွေရဲ့ လက်ရာဟန်တွေကို ပြောင်ပြောင်တင်းတင်းပဲ ကူးယူချင်ကြတယ်။ အီရိုးဆာရီနန် လို လူမျိုးကျတော့လည်း ဟန်တွေကအမျိုးမျိုးပဲ လုပ်တတ်လွန်းလို့ ကူးယူဖို့ခက်တယ်။ 
ဟန် ဆိုတာကို ထုသွင် (Form) ဆိုတာနဲ့ မရောနှောလိုက်ပါနဲ့၊ သူတို့နှစ်ခု အဓိပ္ပါယ်မတွဲဖက် မဆက်စပ်ပါဘူး။ ဟန်ဆိုတာ အချိန်နဲ့လိုက်ပြီး ပျောက်ဆုံးသွားတာပါပဲ။ ဂန္ဓဝင်ဟန် ပြန်လည်ဆန်းသစ်တာ (Classical Revival) တို့၊ ဂေါသစ်ဟန် ပြန်လည်ဆန်းသစ်တာ (Gothic Revival) တို့တော့ ဒီဇိုင်းလုပ်ကြပါတယ်၊ ဒါပေမယ့် မူရင်းမူလလိုတော့ ဖြစ်နေမှာမဟုတ်ဘူးလေ။ 
သမိုင်းကဟန်တွေမှာ အဓိပ္ပါယ်ရှိတဲ့ သင်္ကေတ (Symbol) တွေရှိခဲ့ကြတယ်။ ဩဇာအာဏာသင်္ကေတ (Symbols of Power)၊ တီထွင်မှုသင်္ကေတ (Symbols of Ingenuity) ပြီးတော့ အဓိပ္ပါယ်နှစ်မျိုးပေါက်တဲ့ သင်္ကေတ ( Symbols of ambiguity) တောင် ရှိလိမ့်အုံးမယ်။ 
အီဂျစ်၊ ဂရိနဲ့ ရောမတို့တွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံတွေဟာ သူတို့ခေတ်ရဲ့ လူတွေအကြောင်း ကျယ်လောင်စွာပြောပြ၊ ရှင်းပြနေသလိုပဲ၊ သူတို့တွေဘယ်လိုတွေးခဲ့တယ်၊ ဘယ်လိုပုံနေခဲ့ကြတယ်၊ သူတို့ရဲ့ဘာသာရေး ပြီးတော့ သူတို့လူမျိုးတွေအတွက် ဘာတွေစွမ်းဆောင်ပေးခဲ့ကြတယ် အဲဒါတွေကို ထင်မြင်လာစေတယ်။ 
တရုတ်နိုင်ငံတခွင်မှာ တွေ့မြင်ရတဲ့ တိုင်နဲ့တန်း အဆောက်အအုံဟန် (The Trabeate style) တွေက သူတို့ရဲ့မြို့ပြတွေ စည်ပင် ဖွံ့ဖြိုးလာတာတွေကို ပြနေတယ်။ အစောပိုင်းကာလ ခရစ်ယာန်ဘုရားကျောင်းတွေက ဘာသာရေး အပြောင်းအလဲတွေကို ပြောပြနေတယ်၊ ရိုးမန်းနစ်ဟန် (Romanesque style) က နောက်ထပ် အပြောင်းအလဲတခု၊ ဂေါသစ်ဟန်(Gothic style) တွေက တတိုင်းပြည်နဲ့တပြည် မတူတဲ့ အလယ်ခေတ် (Middle ages) တွေရဲ့ တန်ဖိုးနဲ့ ရည်ရွယ်ချက်တွေကို ဆက်နွယ်ပြနေတယ်၊ အီစလန်မစ်ဟန် (Islamic style) တွေကရော အာရတ်အင်ပါယာကြီး တခုလုံးအကြောင်းကို ပြောနေသလိုပါပဲ၊ စက်မှုထွန်းကားတဲ့ခေတ်ဆိုတဲ့ အကြောင်းကို သိချင်ရင်တော့ သံဂျွတ်တွေနဲ့ တည်ဆောက်ထားတဲ့ စတွက်ချာ (Structure) တွေကို လေ့လာကြည့်ရုံပါပဲ။ 
သမိုင်းစစ်စစ်ဆိုတာဘာလဲ၊ အထူးသဖြင့် သမိုင်းကဟန်ဆိုတာဘာလဲ မေးနေကြတယ်၊ အားလုံး ပြောနေကြတာကတော့ အဆောက်အအုံဆိုတာ သမိုင်းရဲ့စာမျက်နှာတွေပါပဲတဲ့။ 
ခေတ်အဆက်ဆက်တွေရဲ့ ကြီးကျယ်လှတဲ့ဟန်တွေကို လေ့လာခြင်းဟာ ယခုခေတ် အဆောက်အအုံတွေကို ပိုပြီး လေးလေးနက်နက် နားလည်ပြီး တွေ့ကြုံခံစား သိမြင်နိုင်စေတယ်။ သမိုင်းတလျှောက် အဆောက်အအုံတွေအားလုံးကို နားလည်အောင် ကြိုးစားရင်း အဆောက်အအုံတွေအားလုံးမှာ ပါဝင်နေတဲ့ ထုသွင်သုံးမျိုးနဲ့ နေရာ နှစ်မျိုး ရဲ့ အရည်အသွေးကို အကဲခတ်လို့ရနိုင်တယ်။ 
အဲဒီလိုမှမဟုတ်ပဲ ဝရန်တာဆိုပြီး သုံးလို့မရဘဲ အလှလုပ်ထားတာတွေ၊ ဂန္ဓဝင်ဟန် အလှလုပ်ထားတာတွေကတော့ အသုံးပြုသူ တွေကို ပရိယာယ်ဆင်နေသလိုပါပဲ၊ ဒါမှမဟုတ်ရင်လည်း အသုံးပြုသူတွေ ကိုယ်တိုင်ကိုကလည်း အဲဒါကိုပဲနှစ်သက်နေလို့ဖြစ်မယ်၊ ပြီးတော့ ကိုယ့်ကိုကိုယ် ပရိယ်ယာယ်ဆင်နေကြတာပဲ ဖြစ်နိုင်တယ်။ အဲဒီလိုအဖြစ်ဟာ ဗိသုကာပညာဆိုတဲ့ အနှစ်သာရကို ဖျက်စီးနေတာဖြစ်ပါလိမ့်မယ်။ ယနေ့ခေတ် ဗိသုကာတွေက အဲဒီလိုအဖြစ်မခံတော့ဘူး၊ နေထိုင်အသုံးပြုသူတွေအလိုက် ကျိုးကြောင်းလျော်ညီမှုရှိပြီး လှပတဲ့ဒီဇိုင်းတွေကိုသာ ဖန်တီးပေးဖို့ အဆုံးမရှိတဲ့ အခွင့်အရေးတွေရနေကြရတယ်။  
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်
Architecture and You, How to experience and Enjoy Buildings
by
William Wayne Caudill FAIA
William Merriweather Pena FAIA
Paul Kennon AIA စာအုပ်ကို နားလည်သလို ဘာသာပြန်ပါသည်။