Showing posts with label Architect's Diary. Show all posts
Showing posts with label Architect's Diary. Show all posts

Monday, 2 April 2012

Basic Architecture & Me (Part II)

လူအများစုအတွက်တော့ အိမ်လေးတလုံးကို ဒီဇိုင်းလုပ်တာ သာမာန်လောက်ပဲဖြစ်မယ်၊ လွယ်ကူကောင်းလွယ်ကူနိုင်မယ်။ ကျွန်တော်ကတော့ ကျောင်းသားဘ၀ထဲက အခြားအဆောက်အအုံ အမျိုး အစားတွေကိုပဲ စိတ်ကျေနပ်အောင် လုပ်နိုင်ခဲ့ပြီး အိမ်ဒီဇိုင်းနဲ့ ပတ်သက်ပြီး အားနည်းခဲ့တယ်။ ပတ်ဝန်းကျင်မှာ ရှိနှင့်ပြီးသားအိမ်တွေရဲ့ လွှမ်းမှိုးမူကို အလွန်အမင်းခံခဲ့ရတဲ့ ကျွန်တော့်အနေနဲ့တော့ ဒါဟာ အင်မတန် ခက်ခဲ့တဲ့ ဒီဇိုင်းတခုပါပဲ။ 

အိမ်တလုံးကို Function ပြေလည်ရုံတခုထဲ မဟုတ်ပဲ အမြင်မှာလည်း ကိုယ်လိုချင်တဲ့ Appearance ရဖို့ Expression ကို ပေးနိုင်ဖို့အတွက် ကျောင်းပြီးစတုန်းက အလုပ်အကိုင် မည်မည်ရရ မရှိပဲ အိမ်ဒီဇိုင်းတွေပဲ နှစ်နဲ့ချီ လေ့ကျင့်ရေးဆွဲနေခဲ့ရတယ်။ 

•အိမ်တလုံးကို ကြည့်လိုက်ရင် Solid ဆိုတဲ့ Effect ရဖို့ တံခါးတွေနဲ့ အခြား အဖွင့် ( Opening) တွေကို အပြင်က မမြင်ရအောင် ဒီဇိုင်းလုပ်တာမျိုး။

•ကျောင်းမှာ သင်ခဲ့ရတဲ့ ဒီဇိုင်း Elements တွေထဲက Plane ဆိုတဲ့ Effect ကို ပေးတဲ့ အိမ်ပုံစံ တခုရဖို့ အမိုးတွေ ကြမ်းခင်းတွေကို အတတ်နိုင်ဆုံး ဖျောက်ပြီး နံရံချပ်တွေကို ဦးစားပေးပြီး၊ နံရံတွေ တခုနဲ့တခု ဆက်တဲ့နေရာမှာ Box Effect ဖြစ်မသွားအောင် ဂရုတစိုက် စဉ်းစားရင်း ပုံစံလုပ်ခဲ့တာမျိုး၊

•အပြင်နံရံတွေကို တတ်နိုင်သမျှ မေးမှိန်အောင် လုပ်ပြီး ကြမ်းခင်းနဲ့ အမိုးတွေကိုပဲ ထင်ရှားအောင် ဒီဇိုင်းလုပ်၊ အရေးကြီးတဲ့ အတွင်းပိုင်းက နံရံ အချို့ကိုပဲ Solid Wall တွေ ပေးခဲ့တာမျိုး၊

•အမိုးနဲ့ ကြမ်းခင်းတွေကို Plane တွေအဖြင့် ထင်ရှားစေအောင်လုပ်ပြီး နံရံတွေကို အမိုးနဲ့ ကြမ်းခင်းကြား ဆက်စပ်တဲ့ Design Element တွေအဖြစ် သုံးကြည့်ခဲ့တာမျိုး၊

•အတန်းထဲမှာ သင်ခဲ့ရတဲ့ Box တွေ Plane တွေအပြင် Line တွေကိုပါ စုံအောင် သုံးပြီး အနည်းငယ် ပိုအနုစိပ်တဲ့ ဒီဇိုင်းမျိုး၊ ဒါ့အပြင်

•အနည်းငယ် ပေါ့ပါးဟန်ရှိတဲ့ တိုင်တွေနဲ့ ကြမ်းခင်းတွေ၊ အမိုးတွေကို ဦးစားပေး ဒီဇိုင်းလုပ်တာမျိုး စသည်ဖြင့် အိမ်ရဲ့ အဂါင်္ရပ်တွေဖြစ်တဲ့ အမိုးတွေ၊ နံရံတွေ ကြမ်းခင်းတွေ၊ တိုင်တွေကို ကျောင်းမှာ သင်ရတဲ့ Box တွေ Plane တွေအပြင် Solid တွေ Void (Opening) တွေ Line တွေနဲ့ အစားထိုးပြီး အမျိုးမျိုး လေ့ကျင့်ဒီဇိုင်းလုပ်ခဲ့တယ်။

 အဲဒီလိုနဲ့ ရစ်ချတ်မီယာ (Richard Mier) ရဲ့ Church 2000 (Jubilee Church) လိုဒီဇိုင်းတွေ၊ တာဒါအိုအင်ဒို (Tadao Ando) ရဲ့ အိမ်တွေ၊ ကျွန်တော် သိပ်နှစ်သက်ခဲ့တဲ့ ရစ်ချတ်နျှူတာ (Richard Neutra) ရဲ့ အိမ်တွေ၊ အိုင်အင်ပေး (I.M.Pei) ရဲ့ တြီသြမေတြီထုသွင်တွေ၊ ကိုကြည့်ပြီး ကူးဆွဲ လေ့ကျင့် ဖြစ်ခဲ့ပါတယ်။

Church 2000, Richard Mier

အဲဒီလို နှစ်နှစ်လောက်ကြာအောင် လေ့ကျင့်ခဲ့ပြီးတဲ့အခါမှာ အိမ်တစ်လုံးကို ဘယ်လို Effect မျိုးလိုချင်ရင် ဘယ်လို Design Element တွေနဲ့ ဘယ်နည်းတွေ သုံးပြီး လုပ်ရမယ်၊ ပြီးတော့ Design element တွေ တခုနဲ့တခု ဘယ်လို တွဲဆက် အသုံးပြုရမယ်ဆိုတာတွေကို အတော်လေး နားလည်လာခဲ့ပါတယ်။

(၂၀၀၀) ခုနှစ်နောက်ပိုင်းမှာ ကျောင်းဆရာ ၀င်လုပ်ဖြစ်တဲ့အခါမှာတော့ အိမ်တစ်လုံး ဒီဇိုင်းလုပ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အခြား သဘောတရားတွေ အကြောင်း ပိုသိလာခဲ့တယ်။

အိမ်တစ်လုံးမှာ ပါဝင်နေကျ အခြေခံလိုအပ်တဲ့ Functional Requirement တွေနဲ့ အမိုး၊ နံရံ၊ အခင်း၊ အဖွင့် (opening) ဆိုတဲ့ အခြေခံ အဆောက်အအုံအဂါင်္ရပ်အပြင် အမျိုးမျိုးသော ရာသီဥတု ဒဏ်က ကာကွယ်ပေးနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကနေ လုံခြုံမူ (privacy) ပေးနိုင်ဖို့ ထည့်သွင်းစဉ်းစားရတဲ့ (design elements) တွေ၊ လူတွေရဲ့နေ့စဉ်ဘ၀တွေကို စက်ရုပ်တွေလို ပုံသွင်းထားသလို ဒီအခန်းမှာထိုင်၊ ဒီအခန်းမှာစား၊ ဒီအခန်းမှာအိပ်ဆိုတဲ့ အခန်းတွေနဲ့ ဖွဲ့စည်းထားတာအပြင် အခြေခံလုပ်ရမယ့် အလုပ်တွေထက်ပိုတဲ့ လူ့စိတ်ကို ကျေနပ်မူပေးနိုင်မယ့် အလုပ်တွေလုပ်နိုင်ဖို့၊ လူတွေရဲ့ စိတ်ကိုပြောင်းလဲ ကျေနပ်မူ၊ ဖျော်ဖြေမူနဲ့ သက်တောင့်သက်သာရှိမူ ပေးနိုင်ဖို့ Flexible ဖြစ်စေမယ့် Space တွေနဲ့ အဲဒီလို Space တွေ ပေးနိုင်မယ့် (design elements) တွေ အကြောင်း။

အိမ်ဟာ Luxury House ဆိုရင် သူ့မှာ ပါဝင်သင့်တဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဇိမ်ခံနိုင်မယ့် နေရာ (ဥပမာ မြင်ကွင်းကောင်းတဲ့နေရာ၊ လွတ်လပ်တဲ့ Semi-Open Space တွေကို ထည့်သွင်းနိုင်ဖို့အတွက် ပုံမှန်လုပ်နေကျ Economy နဲ့ Function ဦးစားပေးတဲ့ Compact Design တွေအပြင် ပိုပြီး လွတ်လပ်တဲ့ Planing Configuration/ Spatial Organization တွေ အကြောင်း….. စသည်ဖြင့်ပေါ့။

အဲဒီလို အခြေခံလိုအပ်ချက်ထက်ပိုတဲ့ (design elements) တွေနဲ့ Luxury House တွေကို ဒီဇိုင်းလေ့ကျင့်ရတာဟာလဲ ကျွန်တော့်အတွက်တော့ အတော့်ကို ခက်ခဲခဲ့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းလုပ်တဲ့အခါမှာ ဆောက်လုပ်စရိတ် သက်သာစေဖို့နဲ့ တည်ဆောက်ရတာ လွယ်ကူဖို့ ဦးစားပေး စဉ်းစားတတ်တာ အကျင့်ပါနေလို့ပါပဲ။ အဲဒီတော့ အပို ကုန်ကျမယ့် နေရာ ဖန်တီးမူ အဆောက်အအုံပစ္စည်းတွေနဲ့ ပိုပြီး သပ်ရပ်အောင်၊ ကြာရှည်ပိုခံအောင်၊ ပိုစနစ်ကျအောင် လုပ်ရတဲ့ အသေးစိပ် ဗိသုကာလက်ရာ (Architectural Detailing) တွေကို လုပ်ဖို့အတွက်လည်း အများကြီး လေ့ကျင့်ဖို့ လိုအပ်ခဲ့ပါတယ်။ 

ရေးသားသူ။ ။ ဗိသုကာ တစ်

Basic Architecture & Me

ကျွန်တော် ဗိသုကာဘာသာရပ်ကို ယူပြီး အတန်းစတက်တုန်းက ဗိသုကာပညာဆိုတာ ဘယ်လိုမှန်း အသေအချာမသိခဲ့ဘူး၊ ကျွန်တော်သိတာက ပုံဆွဲချင်တာပဲ။ အထူးသဖြင့် အဆောက်အအုံပုံတွေပေါ့၊  

မန္တလေးစက်မူတက္ကသိုလ်မှာ ဒုတိယနှစ်မှာ ဗိသုကာအတန်းကို စတက်တော့ ကျွန်တော့အထင်နဲ့ အမြင် အတော်ကွာနေတာ တွေ့ခဲ့ရတယ်၊ အတန်းစစချင်းမှာ ဘာအဆောက်အအုံမှ မဆွဲရသေးဘူး၊

ဒုတိယနှစ်တစ်နှစ်လုံးပဲ စိတ်ကူးတဲ့ရာ ပန်းချီလိုလို (ပန်းချီဆွဲတာနဲ့လဲ မတူဘူး) ပုံတွေပဲဆွဲရတယ်။ ဒုတိယနှစ်ပြီးကာနီးမှ အမိုးမပါ၊နေကာ အဆောက်အအုံလေး ပထမဦးဆုံးစဆွဲရတယ်၊ အဲဒီအခါကျတော့မှ “အော်.. ငါတို့တက်နေ၊ သင်နေတာ ဗိသုကာ ပညာရပ် ဟုတ်မှာပါလေလို့ စိတ်အေးခဲ့ရတော့တယ်။

ဗိသုကာပညာဆိုတာ ဘာမှန်းမသိပဲ ယူခဲ့တဲ့ ကျွန်တော်၊ တစ်နှစ်လုံးလုံး ဗိသုကာပညာနဲ့ ဘယ်လို ပတ်သက်နေမှန်း ရေရေရာရာမသိပဲ လုပ်ခဲ့ရတဲ့ ပရော့ဂျက်တွေကြောင့် ပင်ပန်းစိတ်ညစ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ဒီဇိုင်းမိတ်ဆက်နဲ့ အခြေခံဒီဇိုင်း ကို သင်တဲ့ ဌာနမူးဆရာမကြီးနဲ့ အခြေခံပုံဆွဲဘာသာရပ်ကို သင်ပေးတဲ့ဆရာမရဲ့ စိတ်ရှည်စွာ အသေးစိပ်သင်ကြားလေ့ကျင့်ပေးခဲ့လို့ ဒီဇိုင်းဘာသာရပ်နဲ့တော့ ရင်းနှီးခဲ့တယ်၊ ကျွန်တော်မှတ်မိသလောက်ဆိုရင် အခြေခံပုံဆွဲ (Basic Drawing & Descritive Geometry) သင်ရတာ ဆွဲရတာ အရမ်းပင်ပန်းခဲ့တယ်၊

နေ့ရောညရော ဗိသုကာဌာနမှာ နေပြီး ဆွဲခဲ့ရတာတွေရှိတယ်၊ ညတွေမှာ ပုံဆွဲရင် ဆရာမတွေအားလုံးလာကြပြီး ကူစောင့်ပေး၊ ပြပေးတယ်၊ ကော်ဖီနဲ့မုန့်တွေတောင် ယူလာပြီး ပြသပေးတယ်၊ ပင်ပန်းပေမယ့်ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ကိုသင်ခဲ့တဲ့ ဆရာမက ဒေါ်ခင်မာဏီပါ၊ သူကပုံမဆွဲခင်မှာ ခဲတံချွန်တာတောင် ဓါးကိုဘယ်လိုကိုင်၊ ဘယ်လိုစချွန်၊ ဘယ်လောက် အတိုင်းအတာထိချွန်ဆိုပြီး အသေးစိပ်သင်ခဲ့တာပါ၊ အခုတော့ ဆရာမက ဆေးပင်စင်ယူသွားပါပြီ။

 အခြေခံဒီဇိုင်းဘာသာရပ် (Elementary Design) ကို သင်ပေးခဲ့တာက ကျွန်တော်တို့ ဌာနမူး ဆရာမကြီး ဒေါ်မင်းသက်မွန်ပါ၊ စကားပြောကောင်းတဲ့ ဆရာမ ၀၀လှလှကြီးပေါ့၊ ကျွန်တော်တို့တော့ တီချာကြီး လို့ခေါ်တယ်။ လမ်းလျှောက်တာ၊ စကားပြောတာ၊ အမူအယာအားလုံး အေးဆေးတည်ငြိမ်တဲ့ ဆရာမကြီးပါ။

ဆရာမကြီး ဘယ်လောက် စကားပြောကောင်း စာသင်ကောင်းသလဲဆိုရင် သူသင်ပေးခဲ့တဲ့ အချိန်တစ်ချိန်အတွင်းမှာပဲ သင်ခန်းစာတွေကို တစ်ခါတည်း ဒိုင်ဂျက်စ်လုပ်နိုင်ပြီး သူပြောပြတဲ့ နမူနာ၊ သူပေးခဲ့တဲ့ ဥပမာတွေနဲ့အတူ အတွေးဖြန့်ကျက်ပြီး “အော်.. ဆရာမကြီးပြောတာ ဒီလိုပါလား၊ ဒါပါလား၊ ဒီနေရာအတွက်ပါလား၊ ဒီလိုသုံးရပါလား၊ ဒီလိုလုပ်ရပါလား… စသည်ဖြင့် တခါတည်း ရှင်းရှင်းလင်းလင်း သိသွားခဲ့တာများးပါတယ်၊ ဒါပေမယ့် စာသင်အပြီး အဲဒီအတွက် ပရော့ဂျက်တင်ဖို့ ကိုယ်တိုင် ပုံဆွဲရပြီဆိုရင်တော့ အဲဒီတစ်ပတ်လုံး လူရော စိတ်ရော နှစ်ပြီး တခြားဘာမှ မလုပ်နိုင်အောင်ဖြစ်ရတတ်တယ်။

တစ်ခါတလေမှာ ဒီဇိုင်းတင်ရတော့မယ့်ရှေ့ရက်အထိ ဘာအိုင်ဒီယာမှ မရသေးလို့ ညတစ်နာရီလောက် မန်းချယ်ရီအဆောင်ရှေ့ သီချင်းသွားဆိုရင်းနဲ့ စိတ်ကူးရတတ်ပြီး ညမအိပ်ပဲ မြန်မြန်ပြီးအောင် ဆွဲပြီး တင်ခဲ့ရတာတွေတောင်ရှိတယ်၊ အဲဒီ ဒီဇိုင်းက အမှတ်အများဆုံးရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဗိသုကာဒီဇိုင်းတွေဟာ စိတ်လက်ပေါ့ပါးနေတဲ့အချိန်မှာ လုပ်ရင်ပိုပြီး ထိရောက်တယ်ဆိုတာသိခဲ့ရတယ်။

 အခြေခံဒီဇိုင်းဘာသာရပ်မှာ ကျွန်တော်တို့သင်ခဲ့ရတာတွေက အခြေခံဒီဇိုင်းအစိပ်အပိုင်းတွေဖြစ်တဲ့ အစက်၊ လိုင်း၊ ပြင်ညီနဲ့ ထုသွင်တွေ (Point, Line, Plane & Volume) ကနေစပြီး ဒီဇိုင်းစည်းမျဉ်းတွေဖြစ်တဲ့ Harmony& Contrast, Balance& Assymetry Balance, Dominant, Unity တွေပါတယ်၊ ပြီးတော့ အကြောင်းအရာ (Theme) တခုအပေါ်မှာ မိမိရရ ခံစားရူမြင်ပုံကို ပြန်လည်ပုံဖော်ရတဲ့ Expression စတဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ Expression ကို လေ့ကျင့်ခန်းခေါင်းစဉ်တခု သီးသန့်ထည့်ထားပေမယ့် လေ့ကျင့်ခန်းအားလုံးဟာ (Theme) ပေါ်မှာရှိတဲ့ မိမိရဲ့ခံစားရူမြင်ပုံကို ဒီဇိုင်းစည်းမျဉ်းတွေကို သုံးပြီး ပြန်လည်ပုံဖော်ရတာချည်းပါပဲ။

 ဒါကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ မြင်ရတဲ့ အရာတွေကို ပုံတူကူးဆွဲတာမျိုး မဟုတ်ရဘူး။ ဥပမာ Dominant ဆိုတဲ့ လေ့ကျင့်ခန်းလုပ်ရတယ်ဆိုပါတော့။ ကိုယ့်မှာရှိတဲ့ ဒီဇိုင်းအခြေခံ အစိပ်အပိုင်းက အစက်တွေ၊ လိုင်းတွေ၊ ပြင်ညီတွေနဲ့ ထုသွင်တွေပဲ၊ ဒါနဲ့တပြိုင်တည်း အရောင်အနုအရင့်၊ Texture အနုအကြမ်း၊ အလင်းအမှောင်စတာတွေကို သုံးပြီး ကိုယ့်စိတ်ထဲမှာ ခံစားပြီးပုံပေါ်လာတဲ့ Dominant ပုံရိပ်တခုကို ပြန်လည်ပုံဖော်ရတာပါ။ 

ဥပမာ ရွှေတိဂုံစေတီတော်ဟာ စေတီရံတွေအလည်မှာ Dominant ဖြစ်တယ်၊ ဒါပေမယ့် ပတ်ဝန်းကျင် အဆောက်အအုံတွေအလည်မှာ Dominant ဖြစ်တယ်ဆိုပြီး ဘုရားနဲ့ အရံစေတီတွေ၊ ပတ်ဝန်းကျင်က အဆောက်အအုံတွေကို ကူးဆွဲမယ်ဆိုရင် ဒါဟာလေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကို မရောက်ပါဘူး။

ရွှေတိဂုံစေတီဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘယ်လို Dominant ဖြစ်နေတာလဲ၊ အရောင်ကြောင့်လား၊ ဒါဆိုရင် အဲဒီလို အရောင်နဲ့ Dominant ဖြစ်နေတဲ့ ပုံရိပ်တစ်ခုကို ဖော်ပြရမှာပါ။ ဒါမှမဟုတ် Composition ကြောင့်လား၊ စေတီကြီးက အလည်မှာရှိပြီး အရံစေတီတွေက ဘေးက ၀န်းရံထားလို့လား၊ ဒါဆိုရင်လည်း အဲဒီလို ဖွဲ့စည်းပုံရှိတဲ့ ပုံရိပ်တခုနဲ့ ဖော်ပြရမှာပါ။ ဒါ့အပြင် အမြင်ကြောင့်လား၊ အရွယ်အစားနဲ့ ထုထည်ကြောင့် Dominant ဖြစ်တာလား၊ သူ့ရဲ့ Profile Shape နဲ့လား၊ စတဲ့ အခြေခံဒီဇိုင်းစည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံစံမျိုးနဲ့ တင်ပြရမှာပါ။

 နောက်တခုက Expression ဆိုတဲ့ လေ့ကျင့်ခန်းအတွက် ရွှေတိဂုံစေတီနဲ့ပဲ ဥပမာပြောရမယ်ဆိုရင် ရွှေတိဂုံ ဘုရားကြီးရဲ့ အပေါ်ကိုချွန်တက်သွားတဲ့ Profile Shape နဲ့ ပတ်ဝန်းကျင်အနေအထားဟာ စေတီကြီးဟာ မိုးပေါ်ကို အဆုံးမရှိ ထိုးတက်သွားတက်တော့မယ် ဆိုတဲ့ ခံစားချက်မျိုးရတယ်ဆိုပါတော့၊ ကိုယ်သိတဲ့ Design Principle တွေသုံးပြီး အဲဒီလို ပုံရိပ်တခုကို ဖော်ပြရမှာပါ။

အဲဒီလိုနဲ့ အခြေခံဒီဇိုင်းအစိပ်အပိုင်းတွေနဲ့ အခြေခံဒီဇိုင်းစည်းမျဉ်းတွေကို အခြေခံဒီဇိုင်းတွေကို ဒုတိယနှစ် တစ်နှစ်လုံး ဒီဇိုင်းပရော့ဂျက်တွေလုပ်ခဲ့ရတယ်ဆိုပါတော့ဗျာ။

ဒုတိယနှစ်ပြီးခါနီးမှာတော့ အဆောက်အအုံလို့ဆိုနိုင်တဲ့ Sun Shelter Project ကိုဒီဇိုင်းလုပ်ခဲ့ကြရတယ်၊ Sun Shelter ဆိုတဲ့အတိုင်း အချိန်အတိုင်းအတာတခုမှာ တစုံတယောက်ကို နေဒဏ်ကနေ ကာကွယ် ပေးနိုင်ဖို့အတွက်ပါပဲ၊ အမိုးရယ် အကာရယ်လို့ခွဲခြားပြီး ဒီဇိုင်းလုပ်စရာမလိုပါဘူး၊ ကျောင်းဝင်းအတွင်း မှာလုပ်ရတဲ့ Sun Shelter ဆိုရင် ကျောင်းသားတွေအတွက်ပေါ့၊ သူတို့အားလပ်ချိန်မှာ ဘယ်လိုနေရာမျိုးမှာ ဘာတွေလုပ်တတ်ကြလဲ၊ စာဖတ်ဖို့လား၊ စုဝေးစားသောက်ဖို့လား၊ အဲဒီအချိန်မှာ နေက ဘယ်လိုအရပ်ကနေ ဘယ်လောက်စောင်းပြီး ပူစေလဲ၊ သူတို့အတွက် အသုံးပြုနိုင်ဖို့ စဉ်းစားပြီး နေမပူတဲ့ Space တခုကို ဖန်တီးပေးဖို့၊ နေကာပေးနိုင်ဖို့ Structure တခုကို ဒီဇိုင်းလုပ်ပေးရတာမျိုးပါ၊ နေကာဖို့ဆိုတဲ့ နေရာမှာ သတိထားရမှာက နေက အပေါ်တည့်တည့်က အမြဲပူ နေတာမဟုတ်ဘူး ဆိုတာပါ၊ ကိုယ်အသုံးပြုမယ့် အချိန်ပေါ်တည်ပြီး ပြောင်းနေတာဖြစ်ပါတယ်။ ဒါကြောင့်အမိုးပါခဲ့ရင် အရိပ်က အမိုးအောက်တည့်တည့်မှာ ရှိနေချင်မှရှိနေမှာပါ၊ အမိုးအောက်မှာ အရိပ်မရနိုင်ပဲ Space ကို လုပ်ထားပေးမယ် ဆိုရင် အသုံးတည့်တဲ့ ဒီဇိုင်းဖြစ်မှာ မဟုတ်ပါဘူး၊ နေရိပ်ရနိုင်မယ့် နေရာတွေကိုသာ အသုံးပြုကြမှာ ဖြစ်တဲ့အတွက် အဲဒီနေရာတွေမှာ ကြမ်းခင်းဒီဇိုင်းလုပ်ပေးဖို့လိုရင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ 

ဒါတွေက ကျွန်တော်ကျောင်းသားဘ၀က နားလည်ပြီး လုပ်ဆောင်ခဲ့တာတွေပါ၊ အဲဒီနောက် ကျောင်းဆရာ ဖြစ်လာတော့မှ ကျောင်းသားတွေကို ပြန်သင်ပေးရတဲ့အခါ ကျောင်းသားတွေကို ဒီဇိုင်းဆိုတာကို ဘယ်လို သင်ပေး ရမယ်ဆိုတာ စဉ်းစားမိသွားတာပါ။ ဒီဇိုင်း Theme တခုကို ကျောင်းသားတွေကို ဘယ်လို ခံစား နားလည်စေမလဲ ဆိုတာကို လေ့ကျင့်သင်ကြားပေးပြီး အဲဒီနားလည်ထားတဲ့ အကြောင်းအရာကို ပုံတခုအနေနဲ့ ပြန်ဖော်ပြနိုင်ဖို့အတွက် Design Principles တွေကို အဓိကလေ့ကျင့်သင်ကြားပေးခဲ့တာ ဆိုတာကို နားလည်သွားခဲ့ရခြင်းပါ။

 ဒါပေမယ့် အဲဒါတွေ လေ့ကျင့်ပြီးတော့ အဆောက်အအုံဒီဇိုင်းတွေလုပ်ရပြီလားဆိုတော့ မဟုတ်သေးဘူး၊ အဆောက်အအုံတခုမှာ တကယ်ကြုံတွေ့ရမယ့် Structure Frame နဲ့ Spatial Effect တွေကို လိုသလို ကိုယ်နှစ်သက်တဲ့ (ကိုယ့်စိတ်ကူးထဲမှာရှိတဲ့ပုံရိပ်) အတိုင်း ပုံဖော်လာဖို့ လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ်၊ လေ့လာရပါအုံးမယ်၊ ဒါကြောင့် ဒုတိယနှစ်လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့ ကျောင်းသားတွေအတွက် လေ့လာ ချင်တယ်ဆိုရင် ဗိသုကာစာရေးဆရာ Francis D.K Ching ရဲ့ ‘Form, Space & Order’ စာအုပ်နဲ့ Le Cobusier ရဲ့ An Analysis of Form စာအုပ်တို့ကို ညွှန်းပေးလိုက်ပါတယ်၊ ရှိပြီးသား Background Knowledge of Space & Structure ကို အများကြီး Extend လုပ်ပေးနိုင်ပါလိမ့်မယ်။ 

ရေးသားသူ။ ။ ဗိသုကာ တစ်

Thursday, 29 March 2012

Architect's Diary 4


MIT မှ ဥယျာဉ်မူးများ

အခုအချိန်မှာ ကိုယ်တို့အရွယ်တွေက ဥယျာဉ်မှူးတွေဖြစ်နေကြပြီနော်၊ ကိုယ်တို့ ပျိုးထောင်စိုက်ပျိုးနေရတဲ့ ပန်းအမျိုးအစားတွေ မတူပေမယ့် ပန်းပျိုးသူရဲ့ တည်ရာစိတ်ကတော့ အရောင်ဆင်တူနေလိမ့်မယ်၊ ကိုယ်တိုင် ဥယျာဉ်မှူးဖြစ်တော့မှ ကိုယ့်ကို ပျိုးထောင်ခဲ့သူ ဥယျာဉ်မှူးတွေရဲ့ ရင်ထဲကို အခါခါ ပြန်ကြည့်မိတော့တယ်၊ 

ဥယျာဉ်မှူးတစ်ယောက်ရဲ့ပီတိ၊ ဥယျာဉ်မှူးတစ်ယောက်ရဲ့ခံစားချက်၊ ပွင့်လန်းလာမယ့် ပန်းတွေကို တစိမ့်စိမ့်ကြည့်နေရတဲ့ စိတ်၊ ဥယျာဉ်မှူးတစ်ယောက်ရဲ့ ကျေးဇူးတရားတွေ တွေးကြည့်မိတာနဲ့တင် စိတ်ထဲကနေ ၀ပ်တွားဦးချ ကန်တော့ရပါတယ်လေ၊ 

ဒီလို လောကကြီးရဲ့ ဥယျာဉ်မှူးတွေဖြစ်လာအောင် ပျိုးပေးခဲ့တဲ့ MIT က ဥယျာဉ်မှူးတွေထဲက ဥယျာဉ်မှူးတစ်ယောက်ကို ဂုဏ်ပြုရေးသားပါရစေလား။ 

ဥယျာဉ်မှူးဖြစ်ခဲ့တဲ့ ဆရာမကြီး ဒေါ်မင်းသက်မွန်ရဲ့ ဗိသုကာပညာကို သင်ကြားပေးခဲ့တဲ့ သက်တမ်းတစ်လျှောက် ထားရှိခဲ့တဲ့ စိတ်ထားကို တတ်စွမ်းသမျှ ဖွဲ့ချင်ပါတယ်။ 

“ဒီပန်းလေးကို သူပျိုးရတော့မယ်ဆိုတော့ ဒီပန်းလေးရဲ့ ဖြစ်တည်ရာမျိုးစေ့၊ ရောက်လာခဲ့တဲ့ အသိုင်းအ၀ိုင်းတွေကို သူမသိရပေမယ့် ဒီပန်းလေး လှလှပပလေးပွင့်သွားဖို့သာ သူ့တာဝန်၊

သူ့ဥယျာဉ်ထဲမှာ ပွင့်လန်းတဲ့ပန်းတိုင်းဟာ လောကကို အကျိုးပြုဖို့၊ ဒါက မြင့်လွန်းတယ်ဆိုရင် လောက အလယ်မှာ တင့်တင့်တယ်တယ် ပွင့်စေဖို့ သူ ဖြစ်စေချင်တယ်၊ လောကအလယ်မှာ ပွင့်လန်းသွားတတ်ဖို့ သူ တတ်ကျွမ်းသမျှတွေ သူတို့စိတ်နှလုံးထဲ အတွေးထဲကို ရောက်သွားအောင် သင်ကြားပေးလိုက်ဖို့က သူ့တာဝန်ပါ၊” 

ဆရာမကြီးက ကိုယ်တို့ ဗိသုကာကျောင်းသားဘ၀မှာကတည်းက ဗိသုကာတစ်ယောက်လိုပဲ သဘောထားပြီး သိသင့်တတ်သင့်တာတွေကို စိတ်စေတနာ အပြည့်နဲ့သင်ကြားပေးခဲ့ပါတယ်၊ အနုပညာလည်း ပါတဲ့ ဗိသုကာပညာကို သင်တဲ့အခါမှာ

ဒီ အနုပညာစိတ်ဆိုတာကို စွဲမြဲခိုဝင်သွားအောင် သွတ်သွင်းပေးခဲ့တယ်၊ အဲဒီစိတ်ဟာ ကိုယ်တို့ရဲ့ ဘ၀တက္ကသိုလ်ဆိုတဲ့ လောကကြီးအပေါ် မြင်တဲ့အမြင်ကိုလည်း လှပနူးညံ့ပြီး သိမ်မွေ့စေခဲ့တယ်၊ 

ဆရာမကြီးဟာ MIT ရဲ့ ဗိသုကာဌာနမှာ ပထမဦးဆုံးဌာနမှူးပါ၊ A1 လို အဆောင်တွေမှာ မနေရခင်တုန်းက 1st Batch ကကျောင်းသူတွေ နေတဲ့ H2 မှာပဲ အတူတူနေထိုင်ခဲ့ပါတယ်၊ ဆရာမကြီးက 1st Batch , 2nd Batch စာသင်နှစ် နှစ်နှစ်အတွက် MIT မှာ ဌာနမှူးအဖြစ် နေထိုင်သွားခဲ့ပါတယ်၊

ဗိသုကာဌာနမှာတင်မက ကျောင်းရဲ့ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ စာပေအနုပညာပွဲ စတာတွေမှာလည်း ပါဝင်ခဲ့ပါတယ်၊ ဒုတိယနှစ်မှာ ဆရာအော်ပီကျယ်ကို ဖိတ်ပြီး ဟောပြောပွဲ ကျပ်းပပေးခဲ့တယ်၊

MIT ရဲ့ 1st Batch, 2nd Batch က ကျောင်းသူကျောင်းသားတွေ အတော်များများကလည်း ဆရာမကြီးကို ချစ်ခင်ကြပါတယ်၊

အခုတော့ ဆရာမကြီးက အငြိမ်းစားယူပြီးပါပြီ၊ ချစ်တပည့်တွေရဲ့ သတင်းတွေကို နားဆင်ရင်း ပီတိဖြာနေတယ်လို့ ကြားသိရပါတယ်။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

Architect's Diary 3


စတုတ္ထနှစ် ဗိသုကာကျောင်းသူ

 ဗိသုကာကျောင်းသူအခန်းကို မြင်ဖူးချင်သလား၊ မန်းချယ်ရီဆောင်က မိန်းခလေးတွေ သိကြမှာပါ။

 ညဆယ့်နှစ်နာရီထိုးလည်း သူမ မအိပ်နိုင်၊ အနောက်ဖက်ခြမ်းတောင်ပံက သန့်စင်ခန်းကို သွားကြရင်း သနားတယ်ဆိုတဲ့ အကြည့်နဲ့ သူမကို ကြည့်သွားကြတာများ၊ ပုံဆွဲကိရိယာတွေ၊ ပုံဆွဲထားတဲ့ ထရေစင် စာရွက်ပုံတွေ၊ မော်ဒယ်လ်လုပ်ဖို့ အပိုင်းအစတွေ ကုတင်ပေါ်မှာ ပြန့်ကျဲလို့၊ သူမ ဒီတညရော အိပ်လို့ ရပါအုံးမလား၊ ကက်ဆက်လေးတစ်လုံးနဲ့ ရစ်ချတ်ကလေဒါမင်ရဲ့ စန္ဒရားတီးလုံးလေးတွေကို တီးတိုးညင်သာစွာဖွင့်လို့ သူမ အာရုံတွေ နှစ်မျောနေခဲ့တာ၊ တင်ရမယ့် ဒီဇိုင်းက ဆေးရုံတဲ့လေ၊ ကုတင်တစ်ရာဆေးရုံဆိုပဲ။

ဆေးရုံလို အဆောက်အအုံက ဒီဇိုင်းလုပ်လို့ကို မကောင်းဘူးတဲ့၊ ဖြေရှင်းပေးရမယ့် နည်းပညာတွေက များတယ်၊ ဆေးရုံမှာ ပါရမယ့်အခန်းတွေကို ပြေလည်အောင် ဖြေရှင်းပေးတာကိုက အခက်တဲ့၊ မေးမြန်းရ၊ စဉ်းစားရမယ့် အချက်တွေ များလွန်းလို့ ဒီဇိုင်းဆိုတာကိုတောင် မေ့စေတော့မလောက် အာရုံစားစေတယ်တဲ့လေ။ 

သူမရဲ့ အခန်းနံရံပေါ်ကိုလည်း ကြည့်ပါအုံး၊ စာတွေရေးပြီး ကပ်ထားတယ်၊ သူမအတွေးထဲမှာ ဘာတွေများ ရှိတာပါလိမ့်၊ သူမကိုယ်တိုင်ပဲ သိလိမ့်မယ်၊ အနုပညာတွေဆိုတာလားတော့ မသိဘူး၊ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ ဗိသုကာဘာသာကို ယူခဲ့တာ ဒီအမ်အိုင်တီ၊ ဒုတိယ အုပ်စု (MIT 2nd Batch) မှာ သူမတယောက်တည်းရယ်၊ အဖော်(မိန်းခလေး) လည်းမရှိ၊ သတ္တိရှိတယ်လို့တော့ ပြောရမယ်၊ ဗိသုကာပညာဆိုတာကို သူမ နားမလည်သေးပါဘူးတဲ့၊ တခါတခါတော့လည်း ပြောပြန်တယ်၊ ဒါပေမယ့် ပုံဆွဲရတာကိုတော့ နှစ်ခြိုက်နေသလိုပဲ၊ မနက်လင်းတဲ့ ညတွေ သူမအတွက် များလွန်းတယ်။ 

ကျောင်းရှေ့က ခြံမှာ ၀ယ်ထားတဲ့ ပန်းအိုးထဲက နှင်းဆီရနံ့တွေနဲ့ သူမ ပုံဆွဲတယ်၊ စကားလုံးတွေ မပါတဲ့ ဂီတတွေးသွားတွေနဲ့ သူမ ပုံဆွဲတယ်၊ အခန်းဖော် အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့ ညင်သာတိုးတိတ်စွာ လှုပ်ရှားတယ်၊ သူမ… သနားစရာကောင်းလှတယ်။

 ဗိသုကာဘာသာမှာ တစ်ဦးတည်းသော မိန်းခလေးမို့ မဲနဲ့ရွေးစရာမလိုပဲ ကွင်းဖြစ်နေတဲ့ သူမကို ဂရုစိုက်မယ့် အတန်းဖော် (ယောကျာင်္းလေး) တွေရှိပါတယ်၊ သူမကို ဂရုစိုက်ကြသားပဲ၊ သူမဟာ ခင်စရာတော့ အကောင်းသား၊ စကားများများ မပြောတာကလွဲလို့လေ၊ ဒီဇိုင်းပရော့ဂျက်တွေ တခါ ဂျူရီ (Jury) တင်ပြီးသွားတာနဲ့ သူမ ပေါ့ပါးသွားပြန်တယ်၊ ကျောင်းရဲ့ ၀န်ထမ်းတွေနေတဲ့အိမ်ဖက်က စာအုပ်ဆိုင်က စာအုပ်တွေ ငှားပြီးဖတ်တယ်၊ ဘာသာပြန်တွေလဲပါတယ်၊ အနီနှင့်အနက် ဆိုပြီး အာဖရိက က လူရိုင်းအကြောင်းတွေတဲ့၊ ဖတ်ပြီးသွားရင်လည်း သိပ်မမှတ်မိဘူး၊ စာထဲက အကြောင်းအရာတွေကို အကုန်မယူနိုင်သေးဘူး၊ စာမဖတ်တတ်သေးဘူးတဲ့ ပြောတတ်ပြန်သေးတယ်၊ စာရေးတတ်ချင်လို့ဆိုပြီး ၀တ္တုတိုရေးနည်းတွေ ဖတ်လိုဖတ်၊ ရသစာတမ်းဆိုပြီး ဖတ်လိုဖတ်၊ တကယ်တော့ အဲဒီအချိန်မှာ ဘာမှလည်း ရေးတာ မတွေ့ဘူး၊ အနီရောင် ဒိုင်ယာယီစာအုပ်တစ်အုပ်နဲ့ တိုးတိုးတိတ်တိတ် ရေးခြစ်နေတာတော့ တွေ့မိသလိုပဲ။

အဲဒီည သူမ မိုးလင်းသွားခဲ့ပုံရတယ်၊ သူမတွေ မနက်အိပ်ရာနိုးတော့ ပိတ်ခြင်ထောင်ထဲမှာ သူမ အိပ်မောကျနေခဲ့ပြီ၊ လုပ်လက်စ မော်ဒယ်လ်လေးပေါ်မှာ “ကျေးဇူးပြု၍ မနိုးပါနဲ့” တဲ့။

ရေးသားသူ။     ။ဗိသုကာ နှစ်

Architect's Diary 2

တတိယနှစ် ဗိသုကာကျောင်းသူ


ဒုတိယနှစ်အပြီးမှာ ပုဂံကို ခရီးထွက်ခဲ့ရတယ်၊ ပုဂံဘုရားတွေတိုင်းတာဖို့တဲ့၊ ရန်ကုန်က ကျောင်းသားတွေနဲ့ စုပြီး တိုင်းတာ ရေးဆွဲခဲ့ရတာလေ၊ အခြေခံပညာလောက်သာ တတ်သေးတဲ့ သူမတို့က အဖွဲ့ဝင်အဖြစ် ကူညီရုံပဲ၊ (ဒုတိယနှစ်မှာကတည်းက ဆရာကြီးဖြစ်နေပြီဖြစ်တဲ့ ပုဂံသားခိုင်ဝင်းလတ်တို့က လွဲရင်ပေါ့လေ)၊ တိုင်းတာရေးဆွဲရင်းနဲ့ ရှေးဟောင်းအဆောက်အအုံတွေရဲ့ ဗိသုကာလက်ရာနဲ့ တည်ဆောက်ခြင်းနည်းပညာကို တဖက်တစ်လမ်းကနေ သိစေခဲ့တာပဲလို့ နောင်သောအခါမှာတော့ သဘောပေါက်ခဲ့ပါတယ်၊ အဲဒီတုန်းကတော့ အဲဒါတွေ သဘောပေါက်မယ့်အစား သူမက ပုဂံရဲ့ဆည်းဆာအလှ၊ ပုဂံရာဇ၀င်ထဲက ကျန်စစ်သား၊ မဏိစန္ဒာတို့ရဲ့ ခြေရာတွေကိုသာ လိုက်ရှာနေခဲ့တာလေ။

 တတိယနှစ်အတန်းပြန်စတော့ အစပိုင်းမှာပဲ (Design Project) တခု စလုပ်ခဲ့ရတယ်၊ အဲဒီ ဒီဇိုင်းက (Picnic Shelter) တဲ့၊ ဒီ ဒီဇိုင်းက အမိုးပါရမယ့် အဆောက်အအုံ၊ နေရာက ကျောင်းဝင်းထဲမှာပဲ၊ ဒီပရော့ဂျက်က ခက်စပြုလာပြီ၊ (sun shelter) တုန်းက နံရံအကာလေးတွေကိုပဲ အမျိုးအမျိုး လှည့်ပြီး ကြိုက်သလို ဒီဇိုင်းလုပ်လို့ ရပေမယ့် ဒီမှာတော့ တည်ဆောက်ဖို့ နည်းပညာတွေ သိမှ ဖြစ်တော့မယ်တဲ့။

ဒီဇိုင်းဆိုတာကိုတောင် သိပ်သဘောမပေါက်သေးတော့ မြင်နေကျ အဆောက်အအုံပုံစံမျိုးပဲ ဆွဲဖြစ်ခဲ့တယ်၊ ရိုးရိုးလေးမှာတောင် တည်ဆောက်ခြင်းနည်းပညာကို မနည်းလေ့လာပြီး ဆွဲခဲ့ရတာပါ။

 အဲဒီ ဒီဇိုင်းအတွက် ဂျူရီမှာ ဆရာမကြီး ဒေါ်မင်းသက်မွန်က ပါမောက္ခချုပ် ဦးသိန်းတန်၊ ဆရာ ဦးအောင်ကျော်မြတ်ကိုပါ ဖိတ်ခေါ်ထားတယ်၊ ဆရာကြီးတို့က မြို့ပြအင်ဂျင်နီယာလည်း ဖြစ်တာမို့ပါ၊ တည်ဆောက်ခြင်းနည်းပညာတွေကို သင်ပြနိုင်ဖို့တဲ့၊ 

သူမ ကြောက်လိုက်ရတာ၊ နည်းပညာတွေကိုလည်း သိပ်မသင်ယူခဲ့ရသေးဘူး၊ ဂျူရီမှာ ပါမောက္ခချုပ်က ဆောက်လုပ်ပုံနည်းစနစ်တွေကို မသင်ရသေးဘူးဆိုပေမယ့် “သမီးဒီဇိုင်းရဲ့ ခေါင်မိုးဘယ်လို တည်ဆောက်မလဲဆိုတာ Common Sense နဲ့ပြောပါ” ဆိုတော့ ဒုက္ခရောက်လိုက်တာ၊ ကြောက်တာနဲ့တင် သူမ ဘာမှ မတွေးနိုင်တော့ဘူး၊ သူမ မဖြေတတ်ဘူး ဖြစ်နေခဲ့တယ်၊ ဂျူရီကို လာကြည့်ကြတဲ့အထဲမှာ မြို့ပြကျောင်းသား မိုးနိုင်ဦးတို့လည်းပါတယ်၊ အနောက်ကနေ အားမရ ဖြစ်နေခဲ့ကြတယ်၊ နောက်ဆုံးတော့ ဆရာမကြီးက ၀င်ကူပေးလို့သာ သက်သာသွားတော့တယ်၊ ဆရာကြီးက “ဆက်မေးရင် ငိုတော့မှာ ထင်တယ်” လို့ ရယ်သွမ်းသွေးပြီး ပြန်ချော့တော့မှ အသက်ပြန်ရူဖို့သတိရတော့တယ်၊ အဲဒီခံစားချက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ 

တကယ်တော့ အဆောက်အအုံတခုကို ဒီဇိုင်းလုပ်ရာမှာ တည်ဆောက်ခြင်းနည်းပညာမသိပဲ အနုပညာတခုအနေနဲ့ စိတ်ကူးပုံဖော်ပြီး ရေးဆွဲလို့ မရမှန်း တတိယနှစ်မှာကတည်းက လက်တွေ့သိခဲ့ရတာပါပဲလေ။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

Architect's Diary 1


ဒုတိယနှစ် ဗိသုကာကျောင်းသူ 

“ဘာဖြစ်လို့ ဗိသုကာဘာသာကို ရွေးခဲ့သလဲ”

အဲဒီမေးခွန်းတော့ ဘယ်တော့မှ မမေးနဲ့နော်၊ တိကျတဲ့အဖြေကို မရှိဘူး၊ ဒုတိယနှစ်မှာ ဓာတုဗေဒဆက်ပြီး သင်စရာမလိုတော့ဘူး လို့ဆိုရင် ဒါက ဆင်ခြေတခုသာဖြစ်လိမ့်မယ်၊ ပထမနှစ်မှာ ဂုဏ်ထူးရအောင် ဖြေခဲ့သားပဲ၊ အီကွေးရှင်းတွေကို လက်နဲ့ချရေးပြီး ကျက်ရလွန်းလို့ ညောင်းသွားတဲ့ လက်ချောင်းကလေးတွေကို အခန်းဖော် “မာမာ“ က နှိပ်ပေးယူရတဲ့အထိ။ 

သူမမှာ ဗိသုကာပညာနဲ့ ပတ်သက်ပြီး နောက်ခံအသိုင်းအ၀ိုင်းလည်းမရှိဘူး၊ လေးနက်အဓိပ္ပါယ်ရှိလှတဲ့ ဗိသုကာပညာဆိုတာကို အဲဒီတုန်းက တကယ်မသိခဲ့ပါဘူး။ 

သူမက ခံစားချက်ကို ဦးစားပေးတဲ့သူ၊ စိတ်ကူးယဉ်ကြောမှာ မျောချင်နေတဲ့သူ၊ အတွေးတွေနဲ့သာ အရာရာကို အကောင်အထည် ဖော်ချင်နေသူ၊ ရွေးချယ်စရာ မြို့ပြ၊ အီလက်ထရောနစ်ဘာသာတွေကို တွေးကြည့်တော့ လူတွေအများကြီး၊ လက်တွေ့ကျမှဖြစ်မယ်လို့ ထင်ရတဲ့ အဲဒီဘာသာတွေကို သူမ မယူချင်၊ ခပ်ကြောင်ကြောင်တွေးမိခဲ့တာကို ပြောပြရရင် လူတွေအများကြီးမှာ သူမ မထင်မရှားတော့ မဖြစ်ချင်၊ သူမသည် တိုးပေါက်နိုင်မှာ မဟုတ်၊ ဗိသုကာဘာသာကို အနည်းငယ် လေ့လာကြည့်တော့ သူမနှစ်သက်သော စိတ်ကူးများကို ဖြန့်ကျက်နိုင်ခွင့်ရှိခြင်း၊ လူအနည်းငယ်ကိုသာ ဂရုတစိုက်သင်ကြားပေးခြင်း၊ ကျက်မှတ်ရမယ့် ဘာသာတွေ မများခြင်း၊ (Design Studio) စတူဒီယိုဟု ခေါ်တွင်သတ်မှတ်သော အချိန်များတွင် လွတ်လပ်ပေါ့ပါးစွာ ပုံဆွဲနိုင်ခွင့်၊ အဲဒီအချက်တွေနဲ့ သူမ ဆုံးဖြတ်ရွေးချယ်ခဲ့လိုက်ပါတယ်။ 

အနုပညာနှင့်သိပ္ပံပညာပေါင်းစပ်ထားတဲ့ ဗိသုကာပညာသင်ခန်းစာတွေကို သူမ အလွန်နှစ်ခြိုက်ခဲ့ပါတယ်။

ဒုတိယနှစ်မှာ ပထမအစပိုင်းမှာ သင်ယူရတဲ့ ဗိသုကာဘာသာတွေက သိပ်မခက်လှသေးဘူး၊ ပန်းချီပညာအစလိုပဲ ခဲနဲ့ ရေးခြစ်တတ်အောင် ဆွဲရတဲ့ဘာသာ၊ ပုံဆွဲကိရိယာတွေနဲ့ အခြေခံပုံဆွဲနည်းကို တိတိကျကျ ဆွဲရတဲ့ဘာသာ၊ ပြီးတော့ ဒီဇိုင်းအတွေးတွေကို တွေးတောတတ်ဖို့ သင်ရတဲ့အခြေခံဒီဇိုင်းပညာ၊ ပထမနဲ့ဒုတိယဘာသာတွေက စိတ်ရှည်ရှည်ထားပြီး စနစ်တကျ ရေးဆွဲရင် ဖြစ်နိုင်ပေမယ့် အခြေခံဒီဇိုင်းပညာကတော့ လေးနက်လှတယ်၊ အဲဒီဘာသာကို ဆရာမကြီး ဒေါ်မင်းသက်မွန်သင်ပေးခဲ့တယ်၊ သင်နေတဲ့ အချိန်တုန်းကတော့ ဆရာမကြီးရဲ့ အာဘော်မှာ စီးမျောသွားခဲ့ပေမယ့် အတန်းပြီးသွားရင် ခေါင်းတွေ မူးနောက်ကျန်ခဲ့တယ်၊ တစ်ပတ်မှ တစ်ခါပုံတွေကို (project) တစ်ခုအနေနဲ့ တင်ရတာဆိုတော့ ဆရာမကြီးပေးတဲ့ ခေါင်းစဉ်နဲ့ ဘယ်လို ပုံဖော်ရရင် ကောင်းမလဲလို့ စဉ်းစားရင်း တစ်ပတ်လုံးလုံး အဲဒီအာရုံက နေရာယူထားပြီလေ၊ ပုံတွေကို တင်ပြီးတာနဲ့ ဆရာမကြီးကလည်း အိုင်ဒီယာမှန်ရင်မှန်သလို အမှတ်တွေကို အရမ်းပေးတော့ ပင်ပန်းရကျိုးနပ်ပါတယ်။ 

ဒုတိယနှစ်ရဲ့ နောက်ပိုင်းမှာတော့ အဆောက်အအုံလို့ ခေါ်တွင်နိုင်တဲ့ ပရော့ဂျက်တွေ စလုပ်ရပြီ၊ ပထမတခုက (sun shelter) တဲ့၊ နေရိပ်ရမယ့် အကာအရံလေးတခု၊ နေရာက ကျောင်းဝင်းထဲမှာတဲ့၊ ဘယ်နေရာမှာ တည်ဆောက်ပေးရင် ဖြစ်မလဲလို့လဲ စဉ်းစားပေးရမယ်တဲ့၊ တင်နီနီကို ၊ တင်မာဆွေ၊ ဇင်မင်း စတဲ့ သူငယ်ချင်းတွေကို လိုက်မေးရတယ်၊ “ကျောင်းနဲ့ အဆောင်ကြားမှာ ခဏနားဖို့ နင်တို့ ဘယ်နေရာမှာ အရိပ်လိုအပ်မလဲ..ဟင်” လို့ (survey) လုပ်ရသေးတယ်၊ ဗိသုကာမေဂျာသူငယ်ချင်းရဲ့ အရိပ်ကို အဲဒီကစပြီး သူတို့တွေခံယူနေရပြီ၊ (Sun shelter ) ဒီဇိုင်းကို ကျောင်းရဲ့ A1, A2 ဆေးပေးခန်း၊ စာတိုက်တွေနားက မြေကွက်လပ်လေးမှာ သူမလုပ်ခဲ့ပါတယ်။ 

ဒီပရော့ဂျက်ကို ဆရာတွေအားလုံးရှေ့မှာ ဒီဇိုင်းအတွေးအခေါ်တွေ၊ ရေးဆွဲထားတာတွေကို တင်ပြရတာပါ၊ Jury ရှိတယ်ဆိုရင် သူငယ်ချင်းတွေက သူမကို သနားနေကြပြီ၊ မတင်ခင် သုံးရက်လောက်မှာ မအိပ်မနေ ရေးဆွဲရတာမို့လေ၊ 

ဒါပေမယ့် ဒီဇိုင်းပရော့ဂျက်တခုပြီးသွားလို့ ရလိုက်တဲ့ ပီတိကတော့ ဗိသုကာကျောင်းသူမှသာ ခံစားသိပါလိမ့်မယ်။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

Public Restroom

သာမာန်အားဖြင့် လူတို့အတွက် အိမ်သာခန်း (Restroom) တွေဟာ လူမမြင်ကွယ်ရာနေရာမှာ သို့မဟုတ် ဖုံးကွယ်ပြီးထားတတ်ကြတာများပါတယ်၊

ဒါပေမယ့် ဒီအိမ်သာခန်း အဆောက်အအုံလေးကတော့ ထူးခြားပါတယ်၊ လူမြင်ကွင်း လူအသုံးများတဲ့ မြေနေရာမှာ ထီးထီး တည်ရှိနေတာပါ၊ ပန်းခြံလေးတခုထဲမှာ ပန်းပုရုပ်လေးသဖွယ် အမြင်ပသာဒရအောင် ဒီဇိုင်းလုပ်ထားပါတယ်၊

အမေရိကန်ပြည်ထောင်စု၊ တက်က်ဆက်ပြည်နယ်၊ အော်စတင်းရဲ့ Lady Bird Lake Park မှာ စက်ဘီးစီးရာ၊ ခရီးရှည်လမ်းလျှောက်ရာ လမ်းကြောင်းရှိပါတယ်၊ မြို့ပြရဲ့ မွန်းကြပ်မူတွေကို ဖြေလျှော့နိုင်တဲ့နေရာမို့ လူအများ နှစ်ခြိုက်တဲ့နေရာလေး ဖြစ်ပါတယ်၊ စက်ဘီးစီးသူများ၊ အပြေးကျင့်သူများနဲ့ အမြဲစည်ကားတဲ့နေရာပါ၊

Miró Rivera Architects အဖွဲ့ကနေ ဒီဇိုင်းပြုလုပ်ထားတဲ့ ဒီ Restroom ဒီဇိုင်းလေးဟာ (၂၀၀၉) ခုနှစ်မှာ အေအိုင်အေ (American Institute of Architects) က ထင်ရှားတဲ့ ပရော့ဂျက်အသေးလေးတွေကို ရွေးချယ်ပြီးပေးတဲ့ ဆုကိုလည်း ရရှိခဲ့ပါတယ်၊

ဒီ Restroom ဒီဇိုင်းလေးဟာ ရှည်လျားတဲ့လမ်းကြောင်းလေးပေါ်မှာ ပန်းပုပစ္စည်းလေးသဖွယ် ထင်ထင်ရှားရှား ဖြစ်နေပါတယ်၊ ၃/၄ လက်မ အထူရှိတဲ့ လေးဆယ့်ကိုးခုသော ကော်တင်စတီးလ်ပြားချပ်လေး (Corten steel plates) လေးတွေနဲ့ ဒီဇိုင်း ပြုလုပ်ထားတယ်၊

စတီးလ်ပြားလေးတွေရဲ့ အရွယ်အစားနဲ့ အမြင့်ကလည်း သိသာထင်ရှားစွာ ကွဲပြားပါတယ်၊ တစ်ပေအကျယ်နဲ့ တစ်ပေခြောက်လက်မ အမြင့်ကနေပြီး နှစ်ပေအကျယ်နဲ့ တစ်ဆယ့်သုံးပေအမြင့်အထိရှိပါတယ်၊
စတီးလ်ပင်နယ်လ်တွေကို ၀က်အူရစ်လို စီတန်းချလိုက်ပြီး အဆုံးမှာ Restroom ရဲ့ နံရံ ဖြစ်စေပါတယ်၊ မြင်ကွင်းကို ကာကွယ်ပေးဖို့ရယ်၊ အလင်းရောင်နဲ့ လေရဖို့ရယ် စတီးလ်ပြားတွေကို တခုနဲ့တခုထပ်ပြီး တပ်ဆင်ပြီး ထားပါတယ်၊ တံခါးနဲ့ ခေါင်မိုးကလည်း ၃/၄ လက်မ အထူရှိတဲ့ စတီးလ်ပြားတွေနဲ့ပဲ တပ်ဆင်ပြုလုပ်ထားတယ်၊

ဒီဒီဇိုင်းဟာ တာရှည်ခံပစ္စည်းသုံးထားတာမို့ ပြုပြင်ထိန်းသိမ်းဖို့ သိပ်လည်း မလိုအပ်ပါဘူး၊ သဘာဝအလင်းရောင်နဲ့ သဘာဝလေလည်းရပြီးသားမို့ အတွင်းထဲမှာ လေသန့်စက်လည်း အသုံးပြုစရာမလိုပါဘူး၊
ဒီဇိုင်းအရရော၊ နေရာအရရော၊ သုံးထားတဲ့ ပစ္စည်းတွေအရရောကြောင့် ပြီးပြည့်စုံ ကောင်းမွန်တဲ့ ဒီဇိုင်းတခု ဖြစ်တာမို့ အေအိုင်က ပေးတဲ့ ဆုကို ရခဲ့တာလည်း ဖြစ်ပါတယ်။

ရေးသားသူ။ ။ ဗိသုကာ နှစ်

ကိုးကား

ဂူဂဲလ်မြေပုံပေါ်မှာ ကြည့်ချင်ရင် ဒီမှာပါ


Felix Nussbaum Haus






(၁၉၉၉) ခုနှစ်မှာ ဒီဇိုင်းပြုလုပ်တည်ဆောက်ခဲ့တဲ့ Jewish Musemum ရဲ့ ဗိသုကာ Daniel Libeskinds ဟာ အဲဒီ ပြတိုက်နဲ့ နိုင်ငံတကာမှာ ထင်ရှားလာခဲ့တယ်၊

သိပ်မကြာသေးခင်မှာပဲ သူ့ရဲ့ ပြတိုက်ဒီဇိုင်း ဖြစ်တဲ့ Felix Nussbaum Haus Extension ကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်တယ်၊
အဲဒီပြတိုက်ဟာ ကမ္ဘာက အချိန်အတော်ကြာ မေ့လျော့ထားတဲ့ ပန်းချီဆရာ Felix Nvssbaum ကို ဂုဏ်ပြုတည်ဆောက်ထားခဲ့တာပါ၊ ပန်းချီဆရာရဲ့ လက်ရာပေါင်း (၁၆၀) ကျော်ကို ပြသရာ အဆောက်အအုံ ဖြစ်ပါတယ်၊

(၁၉၉၆) ခုနှစ်မှာ ဗိသုကာ Daniel Libeskinds က အဆိုပြုတင်သွင်းတဲ့ လက်ရာဒီဇိုင်း အရွေးချယ်ခံခဲ့ရပြီး (၁၉၉၈) ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တယ်၊

အဆောက်အအုံမှာ တခုနဲ့ တခု ချိတ်ဆက်ထားတဲ့ ထုသွင် သုံးခုပါဝင်တယ်၊ ၀က်သစ်ချသားနဲ့ တည်ဆောက်တဲ့ အပိုင်းမှာ ပန်းချီဆရာရဲ့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က လက်ရာတွေပြသရာနေရာ ဖြစ်တယ်၊ သူနဲ့ ချိန်ဆက်ထားတဲ့ ကွန်ကရစ်ထုသွင်မှာတော့ နာဇီလက်အောက် ပုန်းအောင်းနေရချိန်က လက်ရာတွေ၊ သတ္တုနဲ့တည်ဆောက်ထားတဲ့ ထုသွင်မှာတော့ ပြန်လည်တွေ့ရှိထားတဲ့ လက်ရာတွေ ပြသရာနေရာ ဖြစ်ကြပါတယ်၊

Deconstrutivist လို့ ဝေဖန်သူများက ခေါ်ကြတဲ့ ဗိသုကာ Libeskinds ရဲ့ ဒီဇိုင်းဟာ အများနဲ့မတူ ချွန်ထက်ထိုးထွက်နေတဲ့ ထုသွင်သဏ္ဍာန်ပါပဲ၊ သူဟာ ပြတိုက် အမျိုးအစားပေါင်းမြောက်များစွာကို ဒီဇိုင်းပြုလုပ်သူ ဖြစ်တယ်၊

ဒီ Felix Nussbaum Haus Extension ဟာ တောင့်ချွန်ထုထည်တခု ဖြစ်ပြီး အနီးအနားမှာ ရှိတဲ့ Osnabruck Cultural and History Museum အ၀င်ဝနဲ့ ဆက်နွယ်ပေးထားတယ်၊


ဝေဖန်သူတွေကတော့ ဒီဇိုင်းဟာ ကျဉ်းမြောင်းသေးသွယ်ပြီး ဖျော့တော့အားနည်းတဲ့ အလင်းရောင်ဟာ စိတ်အခြေအနေကို ဖိနှိပ်ထားသလိုပဲ လို့ ဆိုကြတယ်၊

လွန်ခဲ့တဲ့ တစ်ဆယ့်သုံးနှစ်ကြာက တည်ဆောက်ခဲ့တဲ့ မူလ ပြတိုက်ရဲ့ ဒီဇိုင်းကိုလည်း ပြနလည် ထင်ဟပ် သစ်လွင်စေတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်၊





ရေးသားသူ။ ။ ဗိသုကာ နှစ်

Reference;
http://en.wikipedia.org/wiki/Felix_Nussbaum_Haus
http://www.daniel-libeskind.com/projects/show-all/felix-nussbaum-haus/