Showing posts with label Residential Architecture. Show all posts
Showing posts with label Residential Architecture. Show all posts

Saturday, 7 April 2012

Charles Gwathmey’ Residence

Charles Gwathmey’ Residence

“မိဘတွေကို အနုပညာလေးတခု ပြုလုပ်ပေးခဲ့ပြီးပြီပဲ၊ ဒီထက်ကောင်းတာ ဘာရှိအုံးမှာလဲ” တဲ့၊  

ဗိသုကာ ချားလ်ဂွာမေက အမြဲတမ်း ပီတိဖြစ်နေခဲ့တယ်၊ အနုပညာလေးတခု၊ မိဘတွေအတွက် သူ လုပ်ပေးခဲ့တာက မိဘတွေနေထိုင်ဖို့ အိမ်လေးတစ်လုံး၊ သူ ဒီဇိုင်းလုပ်ခဲ့ရတယ်၊ အဲဒီအိမ်လေးက ဗိသုကာပညာမှာ တကယ့်အခြေခံအသက်ဖြစ်တဲ့ တြီသြမေတြီအစိပ်အပိုင်းလေးတွေနဲ့ နေရာဆိုတာလေးကို ကဗျာဆန်စွာဖန်တီးခဲ့တာပါ၊ 

အိမ်လေးက လေးဒေါင့်တုံးရယ်၊ တြိဂံနဲ့ ဆလင်ဒါအစိပ်အပိုင်းလေးနဲ့ ဖွဲ့စည်းထားတယ်၊ တစ်ထောင့်နှစ်ရာ စတုရန်းပေသာရှိတဲ့ အိမ်လေးကို ဆောက်ဖို့ တည်ဆောက်သူကို ငှားတော့လည်း အခုမှ အလုပ်စလုပ်ဖူးသူပါပဲ၊ အိမ်လေးကို (၁၉၆၆) ခုနှစ်မှာ တည်ဆောက်ခဲ့တယ်၊ ဒီအိမ်လေးပြီးသွားတော့ ဓါတ်ပုံတွေ ရိုက်ယူပြီး ဗိသုကာ ဖီးလစ်ဂျွန်ဆင်ကို ပြသခဲ့တယ်၊ ဂျွန်ဆင်က “ဒါ အရမ်းအရေးကြီးတဲ့ အလုပ်ပဲ” လို့ ဆိုလိုက်မှ သူ သူ့ဒီဇိုင်းလေးအတွက် စိတ်ရှင်းရှင်းနဲ့ပျော်ခဲ့ရတယ်၊

ဒီအိမ်လေးကြောင့်ပဲ မော်ဒန်ဗိသုကာအဆောက်အုံတွေ ခေတ်စားနေတဲ့အချိန်မှာ သူ တရှိန်ထိုးနံမည်ရခဲ့တာပါ၊“ကုဗတုံးလေးကို နေထိုင်လို့ရအောင် ထွင်းထုလိုက်တာပါပဲ” လို့ ဂွာမေလ်က ပြောပါတယ်၊ မူလ တြီသြမေတြီပုံကို ဘာမှ ထပ်တိုးပြင်ဆင်မွှမ်းမံတာမျိုးလည်း မရှိဘူး၊ အိမ်လေးမှာ ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ အိပ်ခန်းနဲ့ စတူဒီယို၊ ဧည့်သည်အိမ်ခန်းနဲ့ အလုပ်ခန်းတို့ ပါဝင်တယ်၊ အောက်ထပ်မှာ ဧည့်သည်အိပ်ခန်း၊ အလုပ်ခန်းနဲ့ အမိုးပါတဲ့ ကပြင်လေးတို့ရှိတယ်၊ ထမင်းစားခန်းဧည့်ခန်းနဲ့ မီးဖိုခန်းတို့က ဒုတိယထပ်မှာ၊ တတိယထပ်မှာ အိပ်ခန်းကြီးနဲ့ စတူဒီယိုရှိပြီး ၀ရန်တာကနေ အောက်ထပ် ဧည့်ခန်းကို လှမ်းမြင်ရမှာပါ၊ အတွင်းမှာရော အပြင်မှာပါ စီဒါသစ်သားကို အသုံးပြုတည်ဆောက်ထားလို့ အိမ်လေးရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝနဲ့လည်း သဟဇာတရှိနေပါတယ်၊

“ဘယ်လောက်ပဲ သေးငယ်တဲ့ အိမ်လေးပဲ ဖြစ်ပါစေ၊ နန်းတော်၊ မိုးပျံအဆောက်အအုံတွေဆောက်သလိုပဲ ဗိသုကာပညာဟာ အရေးကြီးလှပါတယ်” လို့ ဂွာမေလ်က အမြဲခံယူလေ့ရှိပါတယ်။

ရေးသားသူ။ ။ဗိသုကာ နှစ်

Tuesday, 3 April 2012

The Double villa Haus


အခုတလော အလုပ်သိပ်မလုပ်ဖြစ်ပဲ စာပဲဖတ်ဖြစ်နေတော့ ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Architecture Today မဂ္ဂဇင်းထဲမှာ စိတ်ဝင်စားစရာ အိမ်တလုံး ကျွန်တော် တွေ့လိုက်ရတယ်။

 ဗိသုကာ Christian Kerez က မိသားစု နှစ်ခုစာအတွက် ပုံစံထုတ်ထားတဲ့ အိမ်လေးပါ။ Christian Kerez ဟာ စတွက်ချာ (structure) ရဲ့ အရေးပါမူကို အသုံးချပြီး ဒီဇိုင်းလုပ်လေ့ရှိတဲ့ ဗိသုကာပါ၊ သူ့ရဲ့ ဒီဇိုင်းဖြစ်တဲ့ အိမ်တွေ နဲ့ ကျောင်း တွေမှာ စတွက်ချာကို ပိုမိုထင်ရှားစေအောင် အစွန်း ထုတ် ထားတဲ့ ကွန်ကရစ်ပြားတွေ၊ ရိုးရှင်းတဲ့ စတီးလ်လှေကားတွေအပြင် တပ်ဆင် ပရိဘောဂ (built in furniture) တွေနဲ့ ပုံစံ ထုတ် ခဲ့တာချည်း ဖြစ်ပါတယ်။ 

အခုဒီအိမ်မှာလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ စတွက်ချာ ဖန်တီးမူလေးတခုပါဝင် ပုံထုတ်ထားတာတွေ့လို့ သတိထား မိအောင် ထပ်ဆင့် ပြောပြချင်ပါတယ်။
The Double villa Haus by Christian Kerez


ဗိသုကာ Christian Kerez ဟာ The Double Villa Haus ဆိုတဲ့ အိမ်လေးကို ဇူးရစ်မြို့ရဲ့ Witican အရပ်မှာ တည်ဆောက်ခဲ့ပါတယ်။  

သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ အခြားသာမာန် လုံးချင်းအိမ်လေးတွေနဲ့ သစ်သား ဂိုဒေါင်ကြီး (၁၉ရာစုနှစ်က ဆောက် ထားတာ) တစ်လုံး ရှိတယ်။ Villa Haus ကို မှန်နဲ့ ကွန်ကရစ်တွေ သုံးပြီး ခေတ်ဆန်တဲ့ တည်ဆောက်နည်းနဲ့ ဆောက်ထားတယ်၊ ရှင်းလင်းသပ်ရပ်တဲ့ ဆနွင်းမကင်းပုံ ဖန်တုံး အိမ်လေးဟာ သူ့ပတ်ဝန်းကျင်မှာ ရှိပြီးသား နဂိုအဆောက်အအုံ (သမားရိုးကျ ဆန်တဲ့ ပုံစံ) တွေထဲမှာ အရမ်း ထူးခြားမနေပဲနဲ့ တည်ငြိမ်စွာ ပေါ်လွင်နေပါတယ်။
ဗိသုကာဟာ ဒီအိမ်လေးကို ဒီဇိုင်းလုပ်ရာမှာ နှစ်အိမ်လုံးကနေ ရေကန်ကို မြင်ကွင်းရဖို့ အဓိကစဉ်းစားပုံထုတ်ခဲ့ပါတယ်။ အဲဒီလို မြင်ကွင်း ကောင်းကောင်းရဖို့ ပတ်ပတ်လည်နံရံ မှန်ချပ်တွေနဲ့ ကာရံထားပါတယ်။ အခြား structure member တွေမပါပဲ အလယ်နံရံ တစ်ကြောင်းတည်း ကိုသာ ဇစ်ဇက်လွှဲထားပြီး အဓိက သုံးထားတာ ဖြစ်ပါတယ်။ 

လှလှပပ အစီအစဉ်တကျကွေ့ကောက်နေတဲ့ ၄၀၀ မီလီမီတာ သာ ထူတဲ့ အဲဒီ နံရံဟာ သူ့အပေါ်က အစွန်းထုတ် ကြမ်းခင်းပြားကို ထမ်းထားသလို ဘေးက နေရာတွေကိုလဲ မတူညီတဲ့ spatial dimension ကိုပေးခဲ့ပါတယ်။ ဧည့်ခန်းနေရာမှာ ကျယ်ဝန်းပြီး လွတ်လပ်တဲ့ မြင်ကွင်းကို ဖြစ်ပေါ်စေပါတယ်။
ဒီတအိမ်လုံးမှာ အခြား ထောက်မထားတဲ့ structure member တွေ မပါပဲ အလယ်ကနံရံ နဲ့ အစွန်းထုတ်ကြမ်းခင်းပြားကိုသာ အဓိကထားပြီး မှန်ကို အကာအနေနဲ့ သုံးထားတဲ့ သူ့ရဲ့ ထူးခြား ဆန်းသစ်တဲ့အတွေးဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။


တကယ်ဆို ကျွန်တော်တို့တွေလည်း ဗိသုကာကြီး ဖရန့်လွိုက်ရိုက်ရဲ့ ရေတံခွန်ပေါ်က အိမ်လို မီးစ်ဗင်ဒါရိုးရဲ့ ဖရန့်ဝေါ့စ်ဟောက်စ် လို အိမ်ရဲ့ အဓိပ္ပါယ်လို ပိုမိုကျယ်ပြန့် လေးနက်စေတဲ့ အိမ်တွေ၊ လီကော်ဗူးဆေးရဲ့ structure member နဲ့ အကာအရံ (enclose) သီးခြား ဒီဇိုင်းလုပ်တဲ့ နည်းတွေ၊ ၀န်ထမ်းနံရံနဲ့ structure slab တွေ အကြောင်း ကောင်းကောင်း သိခဲ့ပေမယ့် ဗိသုကာ Christian Kerez လို ဒီဇိုင်းလုပ်ဖို့ မစဉ်းစားခဲ့မိဘူးလေ။


ဒါကြောင့်လည်း Christian Kerez ဟာ ကမ္ဘာတန်းဝင်တဲ့ ဗိသုကာ တယောက် ဖြစ်စေနိုင်လောက်တဲ့ ၀ါဆောမှာ တည်ဆောက်မယ့် ခေတ်သစ် အနုပညာ ပြတိုက်ဒီဇိုင်းလို ပရော့ဂျက်တွေ လုပ်ခွင့်ရခဲ့တာပေါ့။ ဒီအိမ်လေးဟာ ထူးခြားတယ်၊ ရိုးရှင်းတယ်၊ ဆန်းသစ်တယ်။ ပတ်ဝန်းကျင် အမြင်ပသာဒ မှာလည်း အရမ်းကွဲထွက် ထူးခြားမနေပဲနဲ့ ထင်ထင်ပေါ်ပေါ် လေး ရှိနေတယ်၊ ခြုံကြည့်ရင် ကောင်းတဲ့ဒီဇိုင်းတခုလို့ ဆိုနိုင်တယ်။
interior of The Double villa Haus

ဒါပေမယ့် ပတ်ဝန်းကျင် ရာသီဥတုနဲ့ တကယ်နေထိုင်တဲ့ လူရဲ့ ခံစားချက်ကို ထည့်တွက်ဖို့တော့ လိုသေးတယ်၊ ယခု အသုံးပြုနေထိုင်သူရဲ့ ခံစားချက်ကို မသိရလို့ user convenient ဖြစ်မဖြစ် အဆင်ပြေမပြေ မသိရပါဘူး၊ ဒါကြောင့် ကောင်းတယ် မကောင်းဘူးဆိုတာ မပြောနိုင်ဘူး ပေါ့။

 သေချာတာ တခုကတော့ အဲဒီဒေသဟာ အရမ်းအေးပြီး နှင်းမုန်တိုင်းရှိတတ်တယ် ဆိုတာပါဘဲ။ အဲဒီလို ဒေသမှာ ဒီအိမ်ရဲ့ ရာသီဥတုဒဏ်က ကာကွယ်ပေးနိုင်မူ၊ အပူအအေး၊ အသံ စတာတွေအတွက်တော့ သံသယ၀င်စရာပါ။ 

နောက်တချက်က သူ့ရဲ့ ကြီးမားလှတဲ့ မှန်ချပ်လျှောတံခါးတွေကို ဖွင့်ဖို့ ပိတ်ဖို့အတွက် သုံးရတဲ့ နည်းပညာနဲ့ မှန် အမျိုးအစားတွေဟာ သာမာန် အိမ်တလုံးအတွက် လက်တွေ့ကျတဲ့ ဒီဇိုင်းနည်းလမ်းတွေ မဟုတ်ပါဘူး၊ ဒါကြောင့် သတိထားရမှာက ထူးခြားတယ်၊ ဆန်းသစ်တယ် ဆိုတိုင်း အားလုံးကောင်းတယ်လို့တော့ မဆိုနိုင်ပါဘူး။

ဒါ့အပြင် သူ့ဒေသ၊ သူ့ထုံးစံမှာ ကောင်းတာမှန်ပေမယ့် ကိုယ့်ဒေသ ကိုယ်ထုံးစံမှာ တိုက်ရိုက် ကူးယူ အသုံးပြုတာဟာ ဒီဇိုင်းနာ တယောက်ရဲ့ အလုပ်မဟုတ်ပါဘူး၊ အသုံး ပြုဖို့ လိုအပ်ခဲ့ရင်တောင် ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေ၊ ကိုယ့်ထုံးစံနဲ့ ညီအောင် ညှိနိုင်း အသုံးပြုမှ ကိုယ်ပိုင်ဒီဇိုင်းဆိုတာ ရလာမှာပါ။ 

ရေးသားသူ။ ။ဗိသုကာ တစ်

Thursday, 29 March 2012

Miller House

 
နှစ်ဆယ်ရာစု ခေတ်သစ် ဗိသုကာလက်ရာ အကျော်အမော်များလို့ ထင်ရှားတဲ့ ဗိသုကာ မီစ်းဗင်ဒါရိုး၊ ဖရန့်လွိုက်ရိုက်တို့ရဲ့ လက်ရာ အိမ်များဖြစ်တဲ့ ဖရန့်ဝေါ့ဟောက်စ်၊ (Fransworth House) ဖောလင်းဝါးတား (Falling Water) တို့ကဲ့သို့ ထင်ရှားတဲ့ အိမ်တွေထဲမှာ ဗိသုကာ အယ်ရိုးဆာရီနမ်ရဲ့ မီလာအိမ်ကြီးလည်း ပါဝင်ပါတယ်၊
ဗိသုကာ Eero Saarinen ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့တဲ့ မီလာအိမ်ကြီးဟာ (၂၀၁၁) ခုနှစ်၊ မေလမှာ ပြည်သူတွေကို ၀င်ရောက် ကြည့်ရူခွင့်ပေးခဲ့ပြီဖြစ်ပါတယ်၊
Indianapolic Museum of Art (IMA) ကို လှူဒါန်းအပ်နှံခဲ့ပြီး ဖြစ်ပါတယ်၊



အိမ်ကြီးဟာ Columbus, Indiana မှာ တည်ရှိတယ်၊ ကိုလံဘတ်စ်ဟာ ကျော်ကြားတဲ့ ဗိသုကာများ ( I.M. Pei, Cesar Pelli, Robert Venturi, John Carl Warnecke and Harry Weese) တို့ရဲ့ (၇၀) ကျော်သော လက်ရာများ တည်ရှိရာနေရာ ဖြစ်တာမို့ အေအိုင်အေကနေ အထူးသတ်မှတ်ထားခြင်းခံရတဲ့ ပြည်နယ်ဖြစ်ပါတယ်၊

မူလပိုင်ရှင်ဖြစ်တဲ့ J. Irwin Miller ဟာဆိုရင် ကိုလံဘတ်စ်မှာ ခေတ်သစ်ဗိသုကာလက်ရာများ တည်ဆောက်ရာမှာ အထူးပံ့ပိုးခဲ့သူဖြစ်ပါတယ်။

သည်အိမ်လေးကို ဒီဇိုင်းပြုလုပ် တည်ဆောက်စဉ်က ဒီဇိုင်းနာ သုံးဦးပါဝင်ခဲ့တယ်၊ ဗိသုကာ Eero Saarinen၊ မြေခင်းဗိသုကာ အဖြစ် Alexander Girard အိမ်တွင်း ဒီဇိုင်နာအဖြစ် Dan Kileyတို့ ဖြစ်သည်၊ ပိုင်ရှင် မစ်လာက ဒီဇိုင်းနာသုံးယောက်ကို စိတ်ကြိုက် ဖန်တီးစေခဲ့တယ်၊

ဗိသုကာ Eero Saarinen ဟာ လူနေအိမ်များကို ဒီဇိုင်း ပြုလုပ်ခဲပါတယ်၊ ဒီ Miller House ဟာ သူ့ရဲ့ ရှားပါးလှတဲ့ အိမ်ဒီဇိုင်းသာ ဖြစ်တယ်၊

ဒီဇိုင်းရေးဆွဲပြီး လေးနှစ်အကြာ (၁၉၅၇) မှာမှ တည်ဆောက်ပြီးစီးခဲ့တယ်၊ တခဏတာ နေဖို့အိမ် မျိုးမဟုတ်ပဲ ကြာရှည် အမြဲနေမယ့်အိမ်မျိုးပါ၊

Miller House ဟာ မီးစ်ရဲ့ ဖရန့်ဝေါ့စ်ဟောက်စ် လို ရိုးရှင်းတဲ့ လက်ရာဟန် ထင်ဟပ်ပေမယ့် ဖွဲ့စည်းပုံခြင်း မတူညီလှပါ၊ မီးစ်ရဲ့ လက်ရာတွေ ဖြစ်တဲ့ flowing layout, flat roof, stone and glass walls တွေ ပါဝင်ပေမယ့် ဒီအိမ်ရဲ့ ပန္နက်ပုံကတော့ အလယ်မှာ ဧည့်ခန်းထားရှိပြီး သီးသန့်အသုံးပြုရန်နေရာများ (မိဘအိပ်ခန်း၊ ကလေးများအိပ်ခန်း၊ ဧည့်သည်အိပ်ခန်း၊ မီးဖိုချောင်) ကို ပတ်လည် ၀ိုင်းထားစေခြင်းမျိုး ဖြစ်တယ်၊
 
မြေခင်းဗိသုကာ Alexander Girard ကလည်း အိမ်ရဲ့ ဒီဇိုင်းနဲ့ တသားထဲဖြစ်အောင် ဒီဇိုင်းပြုလုပ်ခဲ့တယ်၊ အိမ်တွင်း အိမ်ပြင် တဆက်တစပ်တည်း ဖြစ်စေမယ့် ဒီဇိုင်းမျိုး ပြုလုပ်တယ်၊

အိမ်တွင်းဒီဇိုင်းနာ Dan Kiley ကတော့ လေးတောင့်စပ်စပ် ဖွဲ့စည်းထားတဲ့ အိမ်ဒီဇိုင်းကို နွေးထွေးစေမယ့် ဒီဇိုင်းမျိုး ဖန်တီးခဲ့တယ်၊
Miller House ကို ပြည်သူပိုင် အဖြစ် လှူဒါန်းလိုက်တဲ့အခါမှာ အိမ်ရဲ့ မူလ ကနဦးဒီဇိုင်းကို မပျောက်ပျက်အောင် ထိမ်းသိမ်း မွှမ်းမံမူ ပြုခဲ့ပါတယ်။






ရေးသားသူ။ ။ ဗိသုကာ နှစ်

Plus House, Japan


 
Plus House လို့ ခေါ်တွင်တဲ့ အိမ်လေးဟာ ဂျပန်နိုင်ငံ၊ Izu-San မှာ တည်ရှိတယ်၊ Mount Fuji Architects Studio က ဒီဇိုင်း ပြုလုပ်တည်ဆောက်တယ်၊
ဆင်ခြေလျှောတောင်စောင်းလေးပေါ်မှာ တည်ဆောက်ထားပြီး အိမ်ရဲ့ တောင်ဖက်အခြမ်းကနေ ပစိဖိတ်သမုဒ္ဒရာကို လှမ်းမြင်ရတယ်၊

ချယ်ရီပင်တွေ၊ ၀က်သစ်ချပင်တွေ ခပ်ရိုင်းရိုင်းပေါက်လေ့ရှိတဲ့ မြေနေရာမှာ လေးတောင့်တုံးနှစ်ခုကို အပေါင်းလက္ခဏာသဏ္ဍာန် တောင့်မှန်ကျကျ ချထားခြင်းအားဖြင့် ဗိသုကာလက်ရာတခုကို ဖြစ်လာစေတယ်၊

အောက်ထပ်မှာ အိပ်ခန်း၊ ရေချိုးခန်းတွေကို သီးသန့် ရှိနေစေတယ်၊ လက်ရှိတည်ရှိနေတဲ့ မြေအနေအထားထဲမှာ တစိပ်တပိုင်း မြုပ်နှံထားတယ်၊ အောက်ထပ်ကအခန်းတွေနဲ့ သူ့အမိုးပေါ်က ကပြင်ကနေ မိုးကောင်းကင်နဲ့ ပင်လယ်ဆီကို ကျယ်ကျယ်ပြန့်ပြန့် လှမ်းပြီးမြင်နိုင်တယ်၊

အထက်ပိုင်းအထပ်မှာ ဧည့်ခန်း၊ မီးဖိုခန်းတွေရှိပြီး တောင်ကြောလေးပေါ်မှာ လေးတောင့်တုံးတခုအနေနဲ့ ခွတင်ထားတယ်။
ရေးသားသူ။ ။ ဗိသုကာ နှစ်

The Black House







အာဂျင်တီးနား ဗိသုကာ Andres Remy Arquitectos က ဒီဇိုင်းပြုလုပ်တဲ့ အိမ်ဖြစ်ပါတယ်၊
အာဂျင်တီးနားမှာ တည်ရှိတယ်၊ (၂၀)မီတာအကျယ်၊ (၅၀) မီတာအလျားရှိတဲ့ အိမ်လေးဟာ ကလေးငယ်တွေ မရှိသေးတဲ့ ဇနီးမောင်နှံနှစ်ဦးနေထိုင်ဖို့ အိမ်လေးဖြစ်ပါတယ်၊
အိမ်ကို ဒီဇိုင်းစပြီး စဉ်းစားခဲ့စဉ်ကပဲ လူအများအသုံးပြုနိုင်တဲ့နေရာ၊ ကိုယ်ပိုင်သီးသန့်နေရာ စသည်ဖြင့် ခွဲထားတယ်၊
မီးဖိုခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အိပ်ခန်းစသဖြင့် အခန်းနေရာ (Space) တွေကို ရေကန် (Reflecting Pool) တွေနဲ့ ဒီဇိုင်းပြုလုပ် ဖွဲ့စည်းထားပေးတာဟာ ဒီအိမ်ရဲ့ အနှစ်သာရပါ၊
အိမ်ရဲ့ အတွင်းခန်းကနေ သဘာဝ ရေကန်ကြီးဆီကို မြင်ကွင်းတွေရဖို့လည်း ပေးထားတယ်၊





တဖန် သဘာဝမှာ ရှိပြီးသားရေကန်ကြီး (Lake) ကို မြင်နိုင်ရုံမျှမက အိမ်ရဲ့ ပရ၀ုဏ်ထဲထိ ရေကန်ငယ်လေးကို ထည့်သွင်းထားပြန်တယ်၊
တဖန်အဲဒီ ရေကန်ငယ်လေးတွေနဲ့ပဲ အခန်းနေရာတွေကို ခွဲခြားပြီး ဆက်စပ်ပေးထားတယ်၊
မီးဖိုခန်း၊ ထမင်းစားခန်းက တဖက်၊ ဧည့်ခန်းက တဖက် အလယ်မှာ ရေကန်ငယ်လေးက ပိုင်းခြားထားတယ်၊ ရေကန်လေးပေါ်ကနေ မှန်ချပ်ကြမ်းပြင်ခင်းထားပြီး တံတားသဖွယ် အခန်းတွေကို ဆက်သွယ်ထားတယ်၊ ကိုယ်လျှောက်သွားရာအောက်ခြေမှာ ရေတွေက စီးနေတာမျိုး ဖြစ်စေတယ်၊

(၁၀) မီတာအကျယ်၊ (၅) မီတာအလျား ရှိတဲ့ ဧည့်ခန်းက အပြင်ဖက် ရေကန်ကို မျက်နှာပြုထားတယ်၊ မှန်ချပ်ကာ ပြတင်းနံရံကြီးက ပြင်ပ မြင်ကွင်းကို အနားသပ်ဘောင်ခတ်ထားတယ်၊

အဲဒီရေကန်တိမ်တိမ်လေးတွေဟာ အိမ်တွင်းထဲကို သွယ်ဝိုက်အလင်းပြန်စေဖို့လည်း ဖြစ်တယ်၊

အပေါ်ထပ်မှာလည်း အခန်းကို ခွဲပြီးဖွဲ့စည်းထားတယ်၊ အိပ်ခန်းကြီး၊ ကလေးများအိပ်ခန်း၊ ၀ရံတာ စသည်ဖြင့်၊ အနာဂါတ်ကလေးများအတွက်အခန်းကလည်း ရေကန်ကြီးဆီကို မျက်နှာပြုထားတယ်၊

တဖက်မှာ အိပ်ခန်းကြီး၊ ရေကန်ကြီးဆီကို မြင်ကွင်း အကောင်းဆုံးရနိုင်တဲ့နေရာ၊ အောက်ထပ်က အခန်းတွေကို စီးမိုးထားပြီး လေပေါ်မှာ ၀ဲနေတဲ့ အစွန်းရှည် ထုတ်ထားတယ်၊

အနက်ရောင် အိမ်ကြီးလို့ ခေါ်တွင်ရလောက်စေတဲ့ အကြောင်းရင်းနဲ့ အိမ်ရဲ့အပြင်ဖက်က အနက်ရောင် ဖြစ်နေပေမယ့် အတွင်းဖက်မှာတော့ အဖြူရောင်၊ တက်ကြွစေမယ့် အရောင်တချို့ကိုလည်း သုံးထားတယ်၊ ဥပမာ လှေကားနေရာမျိုး။

 
ကိုးကား။

ရေးသားသူ။ ။ ဗိသုကာ နှစ်

Saltzman House



ဗိသုကာရစ်ချတ်မိုင်ယာ (Richare Meier) ရဲ့ လက်ရာ ဖြစ်ပါတယ်၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ (၁၉၆၇-၁၉၆၉) ခုနှစ်က တည်ဆောက်ခဲ့တာပါ၊

ကွန်ကရစ်နဲ့ မှန်ကို အသုံးပြုပြီး တည်ဆောက်ခဲ့တဲ့ ဒီဆော့လ်ဇ်မန် အိမ်ဟာ ဥရောပအစောပိုင်းမှာ ခေတ်စားခဲ့တဲ့ အပိုအလိုမရှိ၊ အခြေခံကျကျ ဒီဇိုင်းသော့ချက် (Design Concept) နဲ့သာ ဒီဇိုင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်၊

ပုံစံကို ကြည့်မယ်ဆိုရင် လူလျှောက်လမ်းတံတားနဲ့ ဆက်သွယ်ထား ထုသွင်နှစ်ခု၊ အဲဒီထုသွင်တွေကို ထင်ရှားအောင် တိုင်တွေနဲ့ ထောက်မထားတဲ့ ပုံစံပါ၊

ထုသွင်ရဲ့ တောင့်တွေမှာ ကျယ်ပြန့်တဲ့ အကွေးပုံသဏ္ဍာန်နဲ့ ဖြေထားတယ်၊

ရှည်လျားသေးသွယ်တဲ့ ပြတင်းနဲ့ အရွယ်စုံတဲ့ လေးတောင့်ကျကျ ပြတင်းတွေဟာ ထုသွင်ကနေ ဖဲ့ထုတ်ထားတဲ့ (Substraction) ပုံစံဖြစ်အောင် ပြုလုပ်ထားတယ်၊

မိုင်ယာရဲ့ ဒီအိမ် ဒီဇိုင်းဟာ (၁၉၂၀) ခုနှစ်ဝန်းကျင်မှာ တည်ဆောက်ခဲ့တဲ့ ဗိသုကာ လီကော်ဗူးဆေး ဒီဇိုင်းပြု တည်ဆောက်ခဲ့တဲ့ အိမ်တွေရဲ့ လွှမ်းမိုးမူ ပါဝင်တယ်လို့ ဆိုကြပါတယ်။



Reference;



ရေးသားသူ။ ။ ဗိသုကာ နှစ်


Skybox House



ဒိန်းမတ်နိုင်ငံ၊ ဇီးလန်ရဲ့ မြောက်ဘက်ကမ်းရိုးတန်း တစ်နေရာမှာ ရှိတဲ့ အိမ်လေးပဲ ဖြစ်ပါတယ်၊ (၇၅) စတုရန်းမီတာသာ ရှိတဲ့ အိပ်ခန်းနှစ်ခန်းပါ အိမ်လေးဟာ (၁၂၀၀) စတုရန်းမီတာကျယ်တဲ့ မြေကွက်အတွင်းမှာ တည်ဆောက်ထားတယ်၊ အဲဒီ မြေထဲမှာ သက်ကယ်ပစ္စည်းနဲ့ တည်ဆောက်ထားတဲ့ အိမ်လေးတစ်လုံး နဂိုကတည်းက တည်ရှိနေခဲ့ပြီး သစ်ပင်အုပ်တွေနဲ့ ၀န်းရံထားတယ်၊


ဒီ Skybox House လေးက အိပ်ခန်းနှစ်ခန်းသာ ပါရှိတဲ့ အိမ်လေးပဲ ဖြစ်တယ်၊ ဧည့်ခန်းကို အိပ်ခန်းတွေနဲ့ သပ်သပ်ခွဲထားတဲ့ ပုံစံမျိုးပေးထားတယ်၊ အိမ်အသေးလေး ဆိုပေမယ့် ကောင်းမွန်တဲ့ ဗိသုကာလက်ရာဖြစ်တဲ့ နေရာ ဖွဲ့စည်းထားပုံနဲ့ အလင်းရောင်၊ လေ၀င်လေထွက် ပေးထားပုံက ထူးခြားတယ်၊ မျက်နှာကျက် အနိမ့်အမြင့်ကစားထားပြီး အလင်းရောင်နဲ့ လေ၀င်လေထွက်ကို အမိုးပေါ်ကနေ ပေးထားတယ်၊ မျက်နှာကျက်အမိုးပေါ်မှာ တပ်ထားတဲ့ မှန်အဖွင့် တစ်ခုဟာ အိမ်ရဲ့ ပဉ္စမမျက်နှာစာလို့ ဆိုနိုင်ပါတယ်၊



(balloon frame) နဲ့ တည်ဆောက်ထားတဲ့ အိမ်လေးဟာ ကွန်ကရစ်ကြမ်းခင်းပေါ်မှာ တင်ထားပြီး နံရံတွေကို (၃၀x၃၀) မီလီမီတာ ရှိတဲ့ ၀က်သစ်ချသားနဲ့ ၀န်းပတ်ထားတယ်၊ (iron sulphates) နဲ့ အသားကို မည်းနက်ခိုင်ခန့်စေတယ်၊ ၀က်သစ်ချသားကြမ်းခင်း ခင်းထားတယ်၊ အမိုး၊ နံရံ၊ ကြမ်းခင်းတွေကို mineral wools နဲ့ insulation လုပ်ထားတယ်၊

(၂၀၀၉) ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး Primus architects ဗိသုကာအဖွဲ့က ဒီဇိုင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ။ ။ ဗိသုကာ နှစ်




Slit House



သေးသွယ်တဲ့ အမြောင်း (slit) တွေကပဲ ဒီအိမ်ရဲ့ ဒီဇိုင်းမှာ တမူထူးနေလို့ Slit House လို့ ခေါ်တွင်ပါတယ်၊ အိမ်တခုလုံးမှာ ပြတင်းရယ်လို့ မပါပဲ အမြောင်းလေး အခုခြောက်ဆယ်ကိုပဲ ပြတင်းအဖြစ်၊ အဖွင့် အဖြစ်နဲ့ ဒီဇိုင်းလုပ်ထားတာပါ၊

အိမ်တခုလုံးမှာ ပြတင်းပေါက် မပါဝင်ပါဘူး၊ (၁၀၅) မီတာ အလျားရှိတဲ့ နံရံတစ်လျှောက်ကို (၂၂) စင်တီမီတာ အကျယ်သာရှိတဲ့ အမြောင်းလေးတွေကနေ အလင်းဝင်စေတယ်၊ တချို့က အတည့်၊ တချို့က အစောင်း။

ဗိသုကာလက်ရာ အရည်အသွေး၊ ဒီအိမ်ရဲ့ ဒီဇိုင်းအနှစ်သာရဟာ ဒီ သေးသွယ်တဲ့ အမြောင်းတွေပဲ ဖြစ်ပါတယ်၊
“ဒီလို ဒီဇိုင်းအတွေးမျိုးကို တခြားသော ဗိသုကာလက်ရာတွေမှာ သိပ်သတိမထားမိဘူး” လို့ ဒီအိမ်ကို ဒီဇိုင်း ရေးဆွဲသူ ဗိသုကာနှစ်ဦးက ပြောပါတယ်၊

ဒီလို slit ကို ပြုလုပ်ပေးထားတာကြောင့် လူနေ အိမ်ခြေ သိပ်သည်းတတ်တဲ့ ဂျပန်ပြည်မှာ သီးသန့်ဖြစ်မူ (Privacy) ကို ကောင်းကောင်း ပေးနိုင်ပါတယ်၊ အိမ်အတွင်းကို ဂရုမထားမိနိုင်စေတဲ့အပြင် သဘာဝအလင်းရောင်ကို ကောင်းကောင်းပေးနိုင်ပါတယ်၊

အိမ်လေးက ဂျပန်ပြည်ရဲ့ မြို့ဟောင်းလေးမှာ တည်ရှိတယ်၊ ပတ်ဝန်းကျင်မှာ လုံးချင်းအိမ်လေးတွေ စီတန်းလျှက်ရှိတယ်၊ အိမ်လေးရဲ့ မြေကွက် ပန္နက်ပုံက ဒီဇိုင်းပြုလုပ်ဖို့ အနည်းငယ်တော့ စဉ်းစားရစေတယ်၊ အလျား (၅၀) မီတာ၊ အနံ (၇.၅) မီတာ သာရှိပါတယ်၊ ကျဉ်းမြောင်းတဲ့ မျက်နှာစာနှစ်ဖက်က အနောက်ဖက်မှာ လမ်းရှိပြီး အရှေ့ဖက်မှာ မြစ်ရှိနေပါတယ်၊
လေးမီတာ မြင့်တဲ့ နံရံနဲ့ ဒီရှည်လျားသေးငယ်တဲ့ မြေနေရာတခုလုံးကို ကာရန်လိုက်ရပါတယ်၊ ဒီကွန်ကရစ်နံရံတွေကို slit တွေနဲ့ အဖွင့်ပေးထားလိုက်ပါတယ်၊ slit တွေက အတွင်းထဲကို (Privacy) ဖြစ်စေပါတယ်၊

အလင်းရောင်လည်း ကောင်းကောင်းပေးနိုင်တဲ့ ဒီ အဖွင့်မြောင်းတွေက နေ့အခါမှာ အချိန်နဲ့အမျှ အလင်းရောင်ကျရောက်မူ အမျိုးအမျိုး ပြောင်းလဲနေတယ်၊ မိနစ်တိုင်း၊ ရက်တိုင်း၊ ရာသီတိုင်း အပြောင်းအလဲ ရှိနေတယ်၊

ဒီလို နံရံကြားက အလင်းရောင် ၀င်ရောက်စေမူက ရှေးဂျပန်ရိုးရာ အိမ်တွေက ပေးတဲ့ အနှစ်မျိုးပဲ ဖြစ်ပါတယ်၊ ရှေးတုန်းက ကျွမ်းဝင်ခဲ့တဲ့ အိမ်ဆိုတဲ့ သဘောတရားနဲ့ အခုခေတ်ပေါ် အနုပညာရဲ့ အလှ ပသာဒ (Aesthetics) ကို ပေးနေတယ်၊ လူနေအိမ်ခြေ ထူထပ်တဲ့ကြား ဒီအိမ်လေးက နေထိုင်သူကို ပုံစံတမျိုးဖြစ်စေပါတယ်။

ဒီအိမ်လေးက အသက်ရှစ်ဆယ် အဖွားကြီးတဦးနေထိုင်ဖို့ပါ၊ ဖန်တီးပေးထားတဲ့ ဗိသုကာလက်ရာ (space) နဲ့ အလင်းဖျော့ဖျော့၊ ပြီးတော့ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ အိမ်ရဲ့ အချိုးစကေးလ်၊

ရှည်လျားသေးသွယ်ပေမယ့် အိမ်လေးကို နေချင်စဖွယ် ဖွဲ့စည်းထားတယ်၊ ဧည့်ခန်းတခုရဲ့ အလယ်မှာ ကြီးမားတဲ့ ထမင်းစားစားပွဲက မိသားစုဝင်နဲ့ ဧည့်သည်တွေ စုစည်းနေလို့ရပါတယ်၊ (slit) တွေက နေ ဖြတ်စီးပြီး ရောက်လာတဲ့ အလင်းရောင်က အဲဒီအခန်းကို ထပ်မံ ဖွဲ့စည်းလိုက်တယ်၊

အိပ်ခန်းနဲ့ ဧည့်ခန်းကို အဖြူရောင်ဆေးသုတ်ထားပြီး အားမများတဲ့ အလင်းတန်းတွေက အဲဒီအခန်းတွေကို ရောက်လာစေတယ်၊
အိမ်လေးကို နောင်အခါမှာ အသုံးပြုဖို့လည်း အစကတည်းက စဉ်းစားထားတယ်၊ တည်းခိုခန်းငယ်လေး အဖြစ် သုံးလို့ရတယ်၊ ဒါ့အပြင် အတွင်းနံရံတွေကိုပါ ဖြုတ်ချလိုက်ရင် စည်းဝေးခန်းမတခုအဖြစ် အသုံးပြုလို့ရပါတယ်၊

ဒီ Slit House လေးဟာ မြေနေရာအရရော၊ အိမ်ပိုင်ရှင်ရဲ့ တောင်းဆိုမူအရရောနဲ့ သင့်တော်တဲ့ ဒီဇိုင်းကို ရွေးချယ်ပြုလုပ်ခဲ့တာလို့ ဗိသုကာတွေက ပြောပါတယ်၊

အမြဲ ရွေ့လျားနေတဲ့ နေမင်းကြီးရဲ့ အလင်းရောင် အမျိုးမျိုးက ဒီ Slit တွေကနေ ၀င်ရောက်လာအောင် ဖန်တီးပေးခဲ့တာပါ၊
အလင်းက မရပ်ပဲ အမြဲ ရွှေ့လျားနေတဲ့ အရာမျိုးမို့ ညရောက်လာရင်တော့ အိမ်ရ့ အတွင်းထဲကနေ ဖြတ်စီးလာတဲ့ artificial light ရဲ့ အလှအပကို မြင်တွေ့ရမှာပါ၊

ညမှာပျောက်သွားတဲ့ သဘာဝအလင်းရောင်က နောက်တစ်ရက် နေ့သစ်ရဲ့ မနက်မှာတော့ နေခြည်နုနုကစလို့ အလင်းပြန်ပေါ်လာခဲ့တဲ့ ရသတွေကို ပြန်လည် တွေ့ရမှာ မဟုတ်ပါလား။

အိမ်လေးက Shiga, Japan မှာ တည်ရှိတယ်။
ဗိသုကာ နှစ်ဦးက Anna Nakamura and Taiyo Jinno (Eastern Design Office)






ရေးသားသူ။ ။ ဗိသုကာ နှစ်


ဖတ်ခဲ့တဲ့ စာမျက်နှာ တချို့