Showing posts with label Pritzker Architecture Prize. Show all posts
Showing posts with label Pritzker Architecture Prize. Show all posts

Tuesday, 10 April 2012

2007 Pritzker Architecture prize Laureate

Richard Rogers

၂ဝဝ၇ ခုနှစ် အတွက်ပရစ်စကာဆုရှင်အဖြစ် အင်္ဂလန်နိုင်ငံသား ဗိသုကာ ရစ်ချတ်ရော်ဂျာကို ရွေးချယ်လိုက်တဲ့ အကြောင်း မတ်လ (၂၇) ရက်က ကြေငြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်မှာ အသက် (၇၃)နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ဆုအဖြစ် အမေရိကန်ဒေါ်လာတစ်သိန်းနဲ့ ကြေးတံဆိပ်တစ်ခုကို ချီးမြှင့်လိုက်ပါပြီ။

ဒီနှစ်အတွက်တော့ ဆုပေးပွဲ အခမ်းအနားကို အင်္ဂလန်မှာပဲ ကျင်းပဖြစ်ခဲ့တယ်။ နှစ်စဉ် ဆုပေးပွဲအခမ်းအနားကို ကမ္ဘာတစ်ဝှန်းက သမိုင်းဝင်နေရာနဲ့ ထင်ရှားတဲ့ ခေတ်သစ်ဗိသုကာလက်ရာ အဆောက်အဦးနေရာတွေမှာ ကျင်းပနေကျ ဖြစ်ပေမယ့် ဒီနှစ်တော့ လန်ဒန်မှာပဲ ပြုလုပ်ဖြစ်တယ်။

ဆုရှင်ကို မရွေးချယ်မှီကတည်းက အခမ်းအနားပြုလုပ်မယ့်နေရာကို ရွေးချယ်ပြီးသားဖြစ်နေခဲ့တယ်လို့ ဟိတ်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ သောမတ်စ်ဂျေပရစ်စကာက ဆိုပါတယ်။ နေရာကတော့ ၁၆၁၉ ခုနှစ်တုန်းကတည်ဆောက်ခဲ့ပြီး အင်နီဂိုဂျုံးစ် ဒီဇိုင်းလုပ်ခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စားသောက်ပွဲခန်းမကြီးထဲမှာပါပဲ။

၁၉၇၉ခုနှစ် ကစပြီး ပရစ်စကာဆုကို နှစ်စဉ်တစ်ဦး သို့မဟုတ် နှစ်ဦးရွေးချယ်ပေးပြီးလာခဲ့တာ ရစ်ချတ်ရော်ဂျာဟာ သုံးဆယ့်တစ်ဦးမြောက် ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံသားအဖြစ် ၁၉၈၁ခုနှစ်မှာ ဂျိန်းစတာလင်၊ ၁၉၉၉ခုနှစ်မှာ နော်မန်ဖို့စတာ၊ ၂ဝဝ၄ ခုနှစ်မှာ အမျိုးသမီးဗိသုကာ ဇဟာဟာဒစ် တို့ကိုရွေးချယ်ခဲ့ပြီးတဲ့နောက် ရစ်ချတ်ရော်ဂျာဟာ စတုတ္ထမြောက်ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာလို့ ဆိုလိုက်ရင်ပဲ သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ ဒီဇိုင်းတွေဖြစ်တဲ့ ပြင်သစ်က ပွန်ပီဒိုစင်တာ(၁၉၇၁-၇၇)၊ လန်ဒန်မှာရှိတဲ့ လွိုက်အဆောက်အအုံ (၁၉၇၈-၈၆)၊ ထောင်စုနှစ်ဒုံး (၁၉၉၆-၉၉)၊ ပြီးတော့ မက်ဒရစ်မှာရှိတဲ့ ဘာရာဂျာလေဆိပ် (၁၉၉၇-၂ဝဝ၅) တို့ကိုတွဲဖက်မြင်ယောင်ကြမှာပါပဲ။

ဘာရာဂျာလေဆိပ် ပုံကြမ်း၊  မက်ဒရစ် (၁၉၉၇-၂ဝဝ၅)၊

 


ဘာရာဂျာလေဆိပ်အတွင်းမြင်ကွင်း

 The Millennium Dome, London (1996-99)

လန်ဒန်မှာ ရစ်ချတ်ရော်ဂျာပါတနာရှစ်ဆိုပြီး ဒီဇိုင်းရုံးရှိတဲ့အပြင် ဘာစီလိုနာ၊ မက်ဒရစ် နဲ့ ဂျပန်၊တိုကျိုမှာလည်း ရှိပါသေးတယ်။ ဝါရှင်တန်ဒီစီမှာ လည်း ရုံးတာဝါတစ်လုံးကိုလည်း တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့မိဘအိမ်ဖြစ်တဲ့ ဝင်ဘလင်ဒန်အိမ်ကို တည်ဆောက်ပေးခဲ့တယ်။ ဝေလပြည်နယ် ကားဒစ်မှာ အမျိုးသားအင်ဘီစီအဆောက်အအုံ၊ တိုကျိုမှာ နီပွန်တယ်လီဗေးရှင်းရုံးချုပ်၊ ဒါ့အပြင်ကိုးရီးယားမှာလည်း ပရော့ဂျက် အတော်များများ ရှိပါတယ်။

အမျိုးသားအင်ဘီစီအဆောက်အအုံ၊ဝေးလ်စ် (၁၉၉၈-၂ဝဝ၅)

ရော်ဂျာရဲ့ အဆောက်အဦးတွေဟာ အမျိုးအစားစုံလင်ပြီး နေရာအတော်များများမှာ ဖြန့်ကျက်တည်ရှိနေတယ်။ သူဒီဇိုင်းလုပ်ခဲ့တဲ့ အဆောက်အဦးအားလုံးဟာ အသုံးပြုမယ့်သူတွေကို အလေးပေး၊ ဂရုထားတာကိုတွေ့ရတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ သူဟာ တစ်ခြားအဖွဲ့တွေနဲ့ ပရောဂျက်ကြီးငယ်တွေကို တွဲဖက်ဒီဇိုင်းလုပ်ခဲ့တော့လည်း တသမတ်သော အဲဒီစိတ်ထားနဲ့ ဒီဇိုင်းလုပ်ခဲ့တယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။

ရစ်ချတ်ရော်ဂျာဟာ သူချစ်မြတ်နိုးလှတဲ့ ဗိသုကာပညာကို အသစ်အသစ်သော ဆောက်လုပ်ရေးပစ္စည်းတွေ၊ တည်ဆောက်ရေးနည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး ဒီဇိုင်းလုပ်ခဲ့တယ်။ သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ တည်ဆောက်ပုံ နည်းစနစ်သစ်တွေနဲ့ဒီဇိုင်းတွေဟာ အလှအပအတွက် သက်သက်ပဲမဟုတ်ပဲ သက်ဆိုင်ရာအဆောက်အဦးရဲ့ ရည်ရွယ်ချက်ကိုလည်း ထင်ဟပ်စေတယ်။ အရေးပါလှတဲ့ ဗိသုကာပညာရဲ့ ဆောင်ရွက်ချက်တွေကို အဓိပ္ဓါယ်ပိုရှိအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ အဆောက်အဦးတွေဟာ အခုခေတ် ဗိသုကာတွေ အလေးထားရမယ့် စွမ်းအင်အသုံးလျှော့ချရေးနဲ့ စွမ်းအင်ထိန်းသိမ်းခြင်းခေါင်းစဉ်ရဲ့ သက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။

မီနာမီရာမရှီယိုကျောင်း၊ဂျပန် (၁၉၉၅-၂ဝဝ၃)

ရစ်ချတ်ရော်ဂျာကို ၁၉၃၃ခုနှစ်မှာ အီတလီပြည်၊ ဖလောရင့်မှာ မွေးခဲ့ပြီး၊ လန်ဒန်မှာ ဗိသုကာပညာကို သင်ယူတတ်မြောက်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်မှာလည်း မဟာဗိသုကာဘွဲ့ကို ထပ်ပြီးရယူခဲ့သေးတယ်။

အဲဒီအချိန်တုန်းက ဗိသုကာ ပေါလ်ရုဒေါ့ကဌာနမှုး၊ နော်မန်ဖို့စတာက သူ့ရဲ့ပါတနာ၊ ပြီးတော့ ဂျိန်းစ်စတာလင်က သူ့ရဲ့ ဆရာတွေထဲကတစ်ယောက်။ ယေးလ်မှာရှိနေတုန်းက ရော်ဂျာဟာ ဖရန့်လွိုက်ရိုက်ရဲ့ ဒီဇိုင်းတွေကို အတော်စိတ်ဝင်စားခဲ့သေးတယ်။ ရိုက်ဟာသူ့ရဲ့ ပထမဦးဆုံးဘုရားသခင် ဖြစ်ခဲ့ပါတယ် လို့ ရော်ဂျာကပြောပါတယ်။ သူနဲ့ သူ့ပါတနာတွေဟာ ရိုက်ရဲ့ဒီဇိုင်းအဆောက်အအုံတွေ ရှိတဲ့နေရာအတော်များများကို ခရီးထွက်ပြီး ကြည့်ရှုလေ့လာခဲ့တယ်၊ မီးလ်ဗင်ဒါရိုးနဲ့ လူးဝစ်စ်ခန်းတို့ရဲ့ ဒီဇိုင်းတွေလည်းပါတယ်။

ယေးလ်ကပြီးသွားတော့လည်း နာမည်ကြီးဗိသုကာတွေဖြစ်တဲ့ စကစ်မိုး၊ အိုဝင်နဲ့ မက်ရင်၊ ပြီးတော့ ရုဒေါ့ချင်ဒလား၊ ချားစ်နဲ့ ရေးအိန်းစ် စသည်တို့ရဲ့အဆောက်အအုံတွေပါမကျန် လည့်လှည်ပြီး ဗိသုကာပညာရဲ့အနှစ်သာရတွေကို ကိုယ်တိုင်ခံစားရယူခဲ့ပြန်ပါတယ်။

The Antwerp Law Courts, Belgium,1999

The Leadenhall Building (2002-2006)

အစပိုင်းမှာတော့ ဒီဇိုင်းအဖွဲ့ငယ်လေးဖွဲ့ပြီးတော့ အိမ်ဒီဇိုင်းတွေနဲ့ ပရိုက်တစ်စ်အရင်လုပ်ခဲ့တယ်။ ရင်ဇိုပီယာနိုနဲ့ တွဲဖက်ဒီဇိုင်းလုပ်ခဲ့ရတဲ့ ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ပွန်ပီဒိုစင်တာဟာ သူတို့နှစ်ဦးစလုံးကို ကမ္ဘာ့ဗိသုကာလောကရဲ့ ဇာတ်ခုံပေါ်ကိုရောက်ရှိစေခဲ့တာပဲ ဖြစ်ပါတယ်။ လွိုက်အဆောက်အဦးကို ပြီးစီးပြီးတဲ့နောက်ပိုင်းမှာ ရော်ဂျာဟာ အင်္ဂလန်တွင်မှာမက ကမ္ဘာတစ်လွှားကပါ အသိအမှတ်ပြုခဲ့ရတဲ့ ဗိသုကာတဦးဖြစ်လာခဲ့ပါတယ်။

ပွန်ပီဒိုစင်တာပြင်သစ်(၁၉၇၁-၇၇)၊
ဗိသုကာပညာကဏ္ဍဟာ နိုင်ငံရဲ့ နိုင်ငံရေး၊လူမှုရေး ကျိုးကြောင်းရလဒ်ပေါ်မှာ အလွန်ပဲ အခြေခံတဲ့ပညာရပ်ဆိုတာကို ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာဟာ ဗိသုကာပညာဆိုတာ လူမှုရေးအနုပညာရဲ့ အနှစ်ပဲဆိုတာ သူ့ရဲ့အလုပ်နဲ့ပြသခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ရာသက်ပန်ခံယူချက်ဖြစ်တဲ့ ဗိသုကာတစ်ဦးဟာ အကောင်းဆုံးကမ္ဘာ သားတစ်ဦးဖြစ်ရမယ်ဆိုတာဖြစ်ကြောင်းလည်းပြသနေပါတယ်။ သူ့ရဲ့အဆောက်အဦးအားလုံးကိုကြည့်ရင် အဲဒီလို ထင်ပေါ်နေတဲ့ အရည်အချင်းကို တွေ့ရလို့ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ရွှေဦးခင် ဇူလိုင်၊ ၂ဝဝ၇

Sunday, 8 April 2012

2011 Pritzker Architecture Prize Laureate

Eduardo Souto de Moura


ဗိသုကာပညာရပ်အတွက် အမြင့်ဆုံး ဂုဏ်ပြုဆုဟု ဆိုကြသော ဗိသုကာပညာ ပရစ်စကာဆုအတွက် ၂၀၁၁ ခုနှစ် ဆုရှင် အဖြစ် ပေါ်တီနိုင်ငံသား ဗိသုကာ Eduardo Souto de Moura အရွေးခံခဲ့ရပါသည်၊



သူသည် သူ၏ မွေးရပ် နိုင်ငံဖြစ်သော ပေါ်တူဂီတွင် အဓိက အလုပ်လုပ်ခဲ့သည်၊ လုံးချင်းအိမ်ယာ အမြောက်အများနှင့် ဘော်လုံးကွင်း ပွဲကြည့်စင်ကို ဒီဇိုင်းပြုလုပ်ခဲ့သည်၊ အခြားသော ပရစ်စကာဆုရှင် ဗိသုကာများကဲ့သို့ နိုင်ငံတကာတွင် ကျော်ကြားသူမဟုတ်သော်လည်း သူ၏ ဗိသုကာလက်ရာများသည် လေးစားလောက်စရာ ဖြစ်ပါသည်၊ (၁၉၉၂) တွင် ပရစ်စကာဆုရှင် ဖြစ်ခဲ့သော ဗိသုကာ Alvaro Siza ပြီးလျှင် Eduardo Souto de Moura သည် ဒုတိယမြောက် ပေါ်တူကီ နိုင်ငံသားဖြစ်သည်၊



သူ ဗိသုကာအဖြစ် စတင် ကာစတွင် Alvaro Siza ထံတွင် အလုပ်လုပ်ခဲ့သည်၊ သူ၏ လက်ရာများကို အကဲဖြတ်ရာတွင် ပေါ်တူနိုင်ငံ၌ (၂၀၀၄) တွင် တည်ဆောက်ပြီးစီးခဲ့သည့် စတေဒီယမ်၊ (၂၀၀၇) ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အထပ်မြင့် ရုံးအဆောက်အအုံ၊ (၂၀၀၈) ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် the Paula Rego Museum တို့ ပါဝင်သည်၊ ပရစ်စကာဆုရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များ၏ ဂုဏ်ပြုစကားများအရ ဗိသုကာ Eduardo Souto de Moura သည် နှစ်သုံးဆယ်စုအတွင်း လက်ရာများကို ကြည့်ပါက ယခုခေတ်ကို ကိုယ်စားပြုသည့်အပြင် ဗိသုကာရိုးရာဟန်ရဲ့ ပဲ့တင်ကိုလည်း ထင်ဟပ်ဆောင်ယူလာသည်၊



လက်ရှိဝန်းကျင်ကို အမြဲအလေးထား၍ နေရာ၊ အချိန်နှင့် အသုံးပြုမည့် အခြေအနေကို အခြေခံကျကျ အာရုံထားသည်ကြောင့် သူ၏ အကောင်းဆုံးလက်ရာများသည် ခေတ်သစ်လက်ရာများအဖြစ် ထင်ပေါ်နေသည် သာမက ဒေသရဲ့ အခြေအနေကိုပါ ထင်ရှားစေသည်၊ သူ၏ ၁၉၈၀ လက်ရာဟန်များကို ကြည့်လျှင် ခေတ်မမှီဟု ထင်ရသည်၊ သူသည် တခဏတွင်း ပေါ်ပေါက်သော လက်ရာများနောက်သို့ မလိုက်ခဲ့ပဲ သူ၏ ဟန်အတိုင်းသာ လုပ်ကိုင်ခဲ့သည်၊ သို့ကြောင့် အစောပိုင်းလက်ရာများသည် သာမာန်ဟု ထင်စရာ ရှိသော်လည်း ယင်း၏ ရဲရင့်သော လက်ရာဟန်ကို သတိပြုမိနိုင်သည်၊ သူ အောင်မြင်စွာ လုပ်ကိုင်ခဲ့သော လက်ရာများကို ကြည့်၍ အမျိုးအစား ကွဲပြားသော်လည်း ဘက်စုံ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခဲ့သည်ကို သိနိုင်သည်၊ လူနေအိမ်မှအစ မြို့ပြတည်ဆောက်မူတွင်လည်း ဒီဇိုင်းပြုလုပ်နိုင်သည်၊



၁၉၈၀ခုနှစ် အစောပိုင်းကာလ လက်ရာများတွင် လူနေအိမ် အမြောက်အများ ပါဝင်ခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် အမျိုးအစား ကျယ်ပြန့်လာသည်၊ (၂၀၀၀) ခုနှစ်တွင် တည်ဆောက်ခဲ့သော The Braga Municipal Stadium, Portugal သည် ကြီးမားသည့် အထိမ်းအမှတ် အဆောက်အအုံ ဖြစ်သည်၊ (၁၉၉၀) ခုနှစ်များတွင် ဒီဇိုင်းလုပ်ခဲ့ပြီး၊ ဆယ်စုနှစ်အကြာတွင် တည်ဆောက်ခဲ့သော The Burgo Tower, Portugal သည် အဆောက်အအုံနှစ်လုံးတွဲ ဖြစ်ပြီး တစ်လုံးက အလျားလိုက်၊ တစ်လုံးမှာ မျဉ်းမတ် တခုနှင့်တခု ဆက်စပ်နေပြီး မြေခင်း ရူခင်းနှင့်လည်း အပြန်အလှန် ထင်ဟပ်သည်၊ (၂၀၀၈) ခုနှစ်တွင် ပြီးစီးခဲ့သည့် the Paula Rego Museum မှာ ထုထည်ကြီးများအစုကို သစ်ပင်များကြားတွင် ဖြန့်ကျဲထားခြင်းမှာ အနုပညာဆန်လှသည်၊





Municipal Stadium, 2003


Paula Rego Museum, Portugal, 2008


ရိုးရိုးရှင်းရှင်း သူ၏ အဆောက်အအုံများသည် ဒေသ၊ မြေခင်း၊ မြေနေရာ၊ များနှင့် ယှက်နွယ်ဆက်စပ်ထားသည်မှာ ထင်ရှားသည်၊ တြီသြမေတြီပုံသဏ္ဍာန်များသာ ဖြစ်ပြီး ထုသွင်၊ ဟင်းလင်းပြင်၊ အလင်းနှင့် အမှောင်များကို အပြန်အလှန် ဖော်ထုတ်ခြင်းဖြင့် ဒီဇိုင်း ဖြစ်စေသည်၊

Burgo Tower, Portugal, 2007


Eduardo Souto de Moura သည် အစစ်အမှန် လှပသော အဆောက်အအုံပစ္စည်းများကို အသုံးပြုသော ဗိသုကာတစ်ဦးအဖြစ် သိသာသည်၊ အဆောက်အအုံပစ္စည်းများတွင် ကျွမ်းကျင်မူ၊ တည်ဆောက်ခြင်း နားလည်မူတို့ကို သူ၏ အဆောက်အအုံများတွင် တွေ့ရသည်၊ သူသည် နှစ်ထောင်ပေါင်းများစွာ အိုဟောင်းသော ကျောက်တုံးများကိုလည်း အသုံးပြုဖို့ ၀န်မလေးသကဲ့သို့ ဗိသုကာ မီးစ်ဗင်ဒါရိုး၏ ခေတ်ပေါ် အသေးစိပ်လက်ရာများကို ကြည့်၍လည်း စိတ်ကူးရယူတတ်သည်၊


Cinema House Manoel de Oliveira, Portugal, 2003


(၁၉၉၁) ခုနှစ်တွင် တည်ဆောက်ခဲ့သည့် the Culture Center တွင် ကော့ပါး၊ ကျောက်တုံး၊ ကွန်ကရစ်နှင့် သစ်သားများကို ရောစပ် အသုံးပြုထားသည့် သူ၏ ကျွမ်းကျင်မူကို သိနိုင်သည်၊




House in Serra da Arrabida, Portugal, 2002


House in Cascais, Portugal, 2002


Eduardo Souto de Moura သည် မထင်ပေါ်၊ မထင်ရှားလှသော ဗိသုကာ တယောက်သာ ဖြစ်ခဲ့ပါသည်၊ သူ၏လက်ရာများတွင် ဗိသုကာသဘောတရားများသည် တခဏ ကြည့်ရုံမျှဖြင့် မသိနိုင်၊ ကဗျာတပုဒ်ကို ဖတ်ရူသကဲ့သို့ ကဗျာဆရာက ပေးသည်ကို စိတ်ဖြင့် လိုက်ပြီး သိနိုင်ရန် နားထောင်ရန် အချိန်လိုသည်၊ သူ၏ လက်ရာများသည် ရိုးသည်၊ ရဲရင့်သည်၊ ထူးခြားသည် ပြီး နီးစပ်သော အာရုံကို ပေးသည်၊ သို့နှင့် သူသည် ဗိသုကာပညာ ပရစ်စကာဆုကို လက်ခံရရှိခဲ့ပါသည်။



ရေးသားသူ။ ။ဗိသုကာ နှစ်

Saturday, 7 April 2012

2010 Pritzker Architecture Laureates

(Kazuyo Sejima) & (Ryue Nishizawa)


၂၀၁၀ ခုနှစ်အတွက် ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံ ခဲ့ရသူများကတော့ ဂျပန်က ဗိသုကာနှစ်ဦးဖြစ်တဲ့ ခဇူယို ဆဲဂျီးမ (Kazuyo Sejima) နဲ့ ရုရိနီရှီးဇ၀ါ (Ryue Nishizawa) တို့ဖြစ်ပါတယ်၊ သူတို့နှစ်ဦးဟာ SANAA ဗိသုကာအဖွဲ့ရဲ့ တွဲဖက်ဗိသုကာတွေပဲ ဖြစ်ပါတယ်၊ သူတို့နှစ်ဦး ဒီဇိုင်းထုတ်ခဲ့တဲ့ အဆောက်အအုံတွေဟာ ဂျပန်နိုင်ငံမှာ အများအပြားတည်ဆောက်ပြီးစီးခဲ့ပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတစ်လွှားမှာလည်း အထင်ကရ အဆောက်အအုံတွေရှိပါတယ်၊ 

ထင်ရှားတဲ့ အဆောက်အအုံတွေကတော့ ဂျပန်မှာတည်ဆောက်ထားတဲ့ O-Museum (1999)၊ the 21st Century Museum of Contemporary Art (2004)၊ The glass Pavilion (2006) နဲ့ နယူးယောက်စီးတီးမှာ ရှိတဲ့ the New Museum of Contemporary Art (2007) တို့ ဖြစ်ပါတယ်။

 အဆောက်အအုံအားလုံးဟာ မီနီမာလစ်စင်ကိုပဲ အခြေခံထားပေမယ့် ထင်ရှားပေါ်လွင်တဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်၊ 

ဆဲဂျီးမဟာ ဒုတိယမြောက် အမျိုးသမီး ပရစ်စကာဆုရှင် ဖြစ်ပါတယ်၊ (၂၀၀၄) ခုနှစ်မှာ အီရတ်အမျိုးသမီး ဇာဟာ ဟာဒီး (Zaha Hadid)က အရွေးခံခဲ့ရတာပါ၊ ပြီးတော့ ဒီ (၂၀၁၀) အတွက် ဆုဟာ တတိယအကြိမ်မြောက် ဗိသုကာနှစ်ဦးကို ပူးတွဲပေးခြင်းပါ၊

(၁၉၉၈) ခုနှစ်မှာ ဘရာဇီးက ဗိသုကာ အော်စကာ နစ်မီးယား (Oscar Niemeyer) နဲ့ ယူနိုက်တစ်စတိတ်က ဗိသုကာ ဂေါ်ဒန်ဘန်းချက်ဖ် (Gordon Bunschaft) တို့ နှစ်ဦးတွဲနှင့် (၂၀၀၁) ခုနှစ်မှာ ဆွစ်လူမျိုး ဗိသုကာအတွဲ ဂျေဂွား ဟားဇောက်နဲ့ ပီးယတ်ဒီ မူရန် (Jacques Herzog and Pierre de Meuron)တို့ ရခဲ့တာ ဖြစ်ပါတယ်၊ ဒီနှစ်မှာတော့ အမျိုးသား အမျိုးသမီး ဗိသုကာ အတွဲကို ပေးခြင်းပါပဲ၊


ပရစ်စကာဂျူရီလူကြီးများက ဆဲဂျီးမနဲ့ နီရှီးဇ၀ါတို့ရဲ့ တစ်ဦးချင်းထက် တစ်ဆယ့်ငါးနှစ်တိုင် အတူ တွဲဖက်လုပ်ကိုင်ခဲ့တာ ကြောင့်လည်း ထင်ရှားတဲ့ ပရော့ဂျက်တွေ ပေါ်ပေါက်ခဲ့ရတာပါ လို့ အသိအမှတ် ပြုကြပါတယ်၊ သူတို့နှစ်ဦးဟာ ပရစ်စကာဆုရှင်ကြီးများဖြစ်တဲ့ ဗိသုကာ ပီတာဇန်ပ်သာ (၂၀၀၉) (Peter Zumthor)၊ ဗိသုကာ ဖရန့်ဂယ်ရီ (၁၉၈၉)(Frank Gehry)၊ ဂျပန်ဗိသုကာတွေဖြစ်ကြတဲ့ တာဒါအို အင်ဒို (၁၉၉၅) (Tadao Ando) နဲ့ ဖူမီဟီကို မားကီး (Fumihiko Maki)နဲ့ ကင်ဇိုတိုင်ဂီး (Kenzo Tange)တို့ဆီမှာလည်း ဗိသုကာအလုပ်များ တွဲဖက်လုပ်ကိုင်ဖူးခဲ့ပါတယ်၊


သူတို့ရဲ့ ထင်ရှားတဲ့ ပြတိုက်ဒီဇိုင်းလေးခုကို ကြည့်ရင် ယခုခေတ် အဆောက်အအုံ ဆောက်လုပ်ရေးပစ္စည်းတွေ ဖြစ်တဲ့ ကွန်ကရစ်၊ စတီးလ်နဲ့ မှန်များကိုသာ အသုံးပြုထားတယ်၊ သူတို့ အတွဲဟာ နေရာ၊ အဆောက်အအုံလိုအပ်ချက်ကို လိုက်ပြီး မှန်ကန် အသုံးတည့်အောင် ဒီဇိုင်းပြုနိုင်စွမ်းတယ်၊ အသုံးပြုမယ့်လူတွေ၊ သူတို့ရဲ့ လှုပ်ရှားမူတွေ ၊ ပြသမယ့် ပစ္စည်းတွေနဲ့ တည်ဆောက်မယ့် မြေခင်းနေရာကို ပုံဖော်နိုင်တယ်လို့ ဂျူရီအဖွဲ့က ကောက်ချက်ချပါတယ်။


O-Museum ဟာ ရှည်လျားတဲ့ ကျုပုံသဏ္ဍာန်ဖြစ်ပြီး ကွန်ကရစ်တိုင်တွေနဲ့ ထောက်မထားပါတယ်၊ အဆောက်အုံဟာ သစ်တော ဧရိယာတွင်းမှာ ရှိပြီး ဆယ့်လေးဆယ့်ငါးရာစုကတည်းက တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးလည်းတည်ရှိပါတယ်၊ ပြတိုက်ရဲ့ အ၀င်ခန်းမ လော်ဘီကနေပြီး အဲဒီ ရဲတိုက်ကြီးကို မြင်ကွင်းပေးထားပါတယ်၊


O-Museum, Nagano, Japan, 1999


the 21st Century Museum of Contemporary Art (2004) ကတော့ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အရွယ်အစားနဲ့ အမြင့် အမျိုးမျိုးရှိတဲ့ ကုဗတုံးပြခန်းတွေကို ဖွဲ့စည်းပေးထားပါတယ်၊ မှန်နံရံ ပတ်ပတ်လည်အတွင်းမှာ လျှောက်လမ်းပေးထားပြီး အတွင်းက ဖွဲ့စည်းထားတဲ့ နေရာများဆီသို့ ရောက်နိုင်ပါတယ်၊ အတွင်းမှာ courtyard လေးခုပါဝင်ပြီး မှန်နံရံနဲ့ ထပ်မံ ဖွဲ့စည်းထားပါတယ်၊ အခန်းအတော်များများကို skylights ပေးထားပြီး သဘာဝအလင်းရောင် လိုအပ်တဲ့အခါမှာ အသုံးပြုရန်အတွက်ပါ၊ (၁၉၉၉) ခုနှစ်မှာ စတင်တည်ဆောက်ပြီး (၂၀၀၄) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်၊


21st Century Museum of Contemporary Art, Ishikawa, Japan, 2004


The glass Pavilion (2006) ကတော့ ယူနိုက်တစ်စတိတ်မှာ တည်ရှိတာပါ၊ မှန်များနဲ့ ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းများကို ထိမ်းသိမ်းပြသရန် ဒီဇိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်၊ အဆောက်အအုံဒီဇိုင်းကိုယ်တိုင်ကလည်း မှန်နဲ့ပဲ တည်ဆောက်ထားပါတယ်၊ ကျယ်ပြန့်ပြီး ခပ်နိမ့်နိမ့် အဆောက်အအုံဟာ လေးတောင့်အခန်းများကို တခုနဲ့တခု ချိတ်ဆက်ထားတဲ့ ပုံသဏ္ဍာန်ပါ၊ မှန်နံရံကွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကပ်လျှက် အတွင်းခန်းများဟာ တစ်ခန်းနဲ့ တစ်ခန်း ထွင်းဖောက်မြင်နိုင်စေပါတယ်၊ အတွင်းမှာ courtyard ပါရှိပါတယ်၊

Glass Museum, Ohio, 2006


မက်ဟန်တန်မှာ တည်ရှိတဲ့ the New Museum of Contemporary Art (2007) ကတော့ မြို့ပြဧရိယာမှာ တည်ဆောက်တာ ဖြစ်တာကြောင့် မြင့်မား သေးသွယ်တဲ့ ပုံဏ္ဍာန်ပါ၊ မှန်တုံးများကို အထပ်ထပ်တင်ထားတဲ့ သဏ္ဍာန်ပါ၊ တခုနဲ့တခုအထပ်နေရာတွေမှာ terrace နဲ့ skylight တွေကို ဖွဲ့စည်းထားပေးပါတယ်၊


New Museum of Contemporary Art, New York, 2007


တခြားထင်ရှားတဲ့ အဆောက်အအုံများထဲမှာ ဂျာမနီမှာတည်ရှိတဲ့ Zollverein School of Management and Design ကလည်း ကုဗတုံး ပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်၊ မြို့ပြမဟုတ်တဲ့ ကျောက်မီးသွေးတွင်းတွေ တည်ရှိတဲ့ နေရာမှာ တည်ဆောက်ထားတာပါ၊ (၁၁၅ ပေ) မျက်နှာစာ ရှိတဲ့ ကုဗတုံးအဆောက်အအုံ ဒီဇိုင်းဟာ ပတ်ဝန်းကျင်မှာ တည်ရှိတဲ့ လူနေအိမ်တွေရယ်၊ ကြီးမားတဲ့ စက်ရုံတွေကြားမှာ ထင်ရှားနေပါတယ်၊ အမြင့်ချင်းမတူတဲ့ အထပ်လေးထပ်ရှိပြီး အရွယ်အစားချင်းမတူတဲ့ ပြတင်းတွေကနေ အလင်းရောင်နဲ့ ပတ်ဝန်းကျင် မြင်ကွင်းတွေကို ပေးပါတယ်၊ ပထမထပ်ကတော့ စုပေါင်းလေ့လာစရာ ခန်းမဖြစ်ပြီး နံရံကာထားချင်းမျိုးမရှိတဲ့ အဖွင့်ခန်းမပါ၊

Zollverein School of Management & Design, Germany, 2006


ဆွီဇာလန်မှာတည်ရှိတဲ့ Rolex Learning Center (2005) မှာ စာကြည့်တိုက်၊ ဘာသာစကားသင်ခန်းမများ၊ ရုံးခန်းများ၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်များပါဝင်ပါတယ်၊ အဆောက်အအုံရဲ့ ခေါင်မိုးနဲ့ ကြမ်းပြင်ဟာ လှိုင်းတွန့်သဏ္ဍာန် အနည်းငယ်ပါပါတယ်၊ လှိုင်းတွန်သဏ္ဍာန်အမိုးပြားအောက်မှ အ၀င်ခန်းမရှိပါတယ်၊ အတွင်းမှာ အရွယ်အစားနဲ့ ပုံသဏ္ဍာန်မတူတဲ့ courtyard ခုနစ်ခုတို့နဲ့ ဖွဲ့စည်းထားပါတယ်၊ အသုံးချပုံ မတူတဲ့အခန်းတွေကို အရွယ်အစားနဲ့ သဏ္ဍာန်မတူအောင် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်ပါတယ်၊ (၂၀၀၉) ခုနှစ်မှာ ပရော့ဂျက်ပြီးစီးခဲ့ပါတယ်၊


The Rolex Learning Centre, Switzerland, 2009


ဂျပန်မှာ တည်ရှိတဲ့ Naoshima Ferry Terminal ကလည်း ကြီးမားတဲ့ အမိုးပြားကြီးက မှန်နံရံကာ အသုံးချရန်အခန်းတွေကို အုပ်မိုးထားပါတယ်၊ ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ Christian Dior Building အပါအ၀င် ဂျာမနီနိုင်ငံမှ Vitra Factory Building နဲ့ ပြင်သစ်မှာရှိတဲ့ Louvre-Lens ပြတိုက်တို့ကလည်း ထင်ရှားပါတယ်။

ရေးသားသူ။ ။ဗိသုကာ နှစ်