Showing posts with label Famous Architects. Show all posts
Showing posts with label Famous Architects. Show all posts

Tuesday, 10 April 2012

Villa Mariea

မယ်ရစ်ယာစံအိမ် (၁၉၃၈-၃၉) Villa Mariea



နေထိုင်စရာအိမ်တစ်လုံးကို ဒီဇိုင်းဆွဲတဲ့အခါ လူတို့အတွက်ဖြစ်တဲ့ နေဖို့ စားဖို့၊အိပ်ဖို့ စတဲ့ အခြေခံလိုအပ်ချက်ကို နေချင်စဖွယ်ကောင်းအောင် ပုံစံရေးဆွဲပေးရခြင်းအပြင် သူရရှိနိုင်မယ့် နေရာပမာဏ၊ တည်ရှိရာနေရာအကျယ်အဝန်း၊ ပြီးတော့ နေထိုင်တဲ့သူတွေရဲ့နေထိုင်အသုံးပြုပုံကို လိုက်လို့ ဗိသုကာတို့ရဲ့ ဒီဇိုင်းဖန်တီးချက်တွေဟာ မတူကြတော့ဘူး။

ဒ‘ါ့အပြင် ဗိသုကာတစဦးချင်းစီရဲ့ ဗိသုကာပညာအသုံးချမှုအပေါ်မူတည်ပြီး အိမ်ရဲ့ဒီဇိုင်းပေါ်ထွက်လာရတယ်။ နေထိုင်သူတွေ အတွက် စိတ်ကျေနပ်မှု ရရှိရုံမျှနဲ့တင်လည်း ဒီဇိုင်းအောင်မြင်တယ်လို့မဆိုနိုင်သေးဘူး။

 အဆောက်အဦး ပေါ်ထွက်လာမယ့် သူ့ရဲ့ပါတ်ဝန်းကျင်အပေါ် လွှမ်းမှိုးနိုင်မှုနဲ့ လူအများကြည့်ရှုလို့ နှစ်သက်ခံရမှုပေါ်မှာလည်း မူတည်သေးတယ်။ ဒ‘ါကြောင့်တစ်ချို့သော ဗိသုကာတွေရဲ့ အကောင်းဆုံးလက်ရာ (masterpiece) ရယ်လို့ ထင်ပေါ်လာရခြင်းပေပဲ။ ကမ္ဘာကျော်တဲ့ တိုင်အောင် နာမည်ကြီးခဲ့တဲ့ အိမ်တွေအများကြီးရှိပါတယ်။ နှစ်ဆယ်ရာစုခေတ် ဗိသုကာကြီးတွေဖြစ်တဲ့ ဖရန့်လွိုက်ရိုက်ရဲ့ ရေတံခွန်ပေါ်ကအိမ် (ဖောလင်းဝါးတာ)း၊ မီးစ်ဗင်ဒါရိုးရဲ့ ဖရန့်ဝေါ့ဟောက်စ်၊ ဖီးလစ်ဂျွန်ဆင်ရဲ့မှန်အိမ်၊ ပြီးတော့ဂဲရစ် ရစ်ဗက်ရဲ့ သျှရိုဒါဟောက်စ် စသည်စသည်ဖြင့်ပေါ.။
ဖင်လန်နိုင်ငံသားဗိသုကာ အယ်လ်ဗာအားလ်တိုးရဲ့ အကောင်းဆုံးလက်ရာလို့ ကျော်ကြားတဲ့ မယ်ရစ်ယာစံအိမ် (villa Mariea) ကလည်း နေထိုင်ဖို့ သက်သက်ဖန်တီးခဲ့တာပါပဲ။ ဒ‘ါပေမယ့် သူ့ရဲ့ အိမ်ပါတ်ဝန်းကျင်မှာရှိတဲ့ တန်ဖိုးရှိလှတဲ့ အရာတွေကို အသုံးချထားတာတွေ၊ ဗိသုကာပညာမှာ ပါဝင်ရမယ့်အစိပ်အပိုင်းတွေကို အသုံးချထားတာတွေဟာ ဒ‘ီအိမ်မှာနေထိုင်မယ့် သူတွေအတွက်အသေးစိပ် စဉ်းစားပေးထားတာတွေက ပေါ်လွင်လှပါတယ်။

အားလ်တိုးဟာ မယ်ရစ်ယာစံအိမ်ကို ဒီဇိုင်းပြုလုပ်တဲ့အချိန်က ဖင်လန်ဒေသမှာ ရှိတဲ့ ရိုးရာအဆောက်အဦး ပုံသဏ္ဍာန်တွေကို ခေတ်သစ်ဟန်တွေနဲ့ ပေါင်းစပ်ပြီးဖန်တီးခဲ့တယ်။ ဂျပန်တွေရဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေ၊ ပြင်သစ်ရဲ့ကျက်သရေရှိစွာ လှပတဲ့ဟန်တွေကိုလည်း အထူးပြုယူပြီးဒီဇိုင်းပြုလုပ်ပြန်တယ်။ အားတိုးလ်ဟာ အသစ်အသစ်သောဒီဇိုင်းတွေကို အမြဲဖန်တီးလေ့ရှိတယ်။



မယ်ရစ်ယာစံအိမ်သို့ချဉ်းကပ်လမ်း မယ်ရစ်ယာစံအိမ်ကြီးကို ချဉ်းကပ်လိုက်တယ်ဆိုရင်ပဲ ဖြတ်ကနဲတွေ့ရမှာကတော့ အပင်တွေကြားမှာ ပေါ့ပေါ့ပါးပါးဟန်ရှိတဲ့ ခေတ်သစ်မော်ဒန် အဆောက်အဦး ဆိုတဲ့ အမြင်ကိုပေးလိမ့်မယ်။ ဒါပေမယ့် အနီးကပ်ကြည့်မယ်ဆိုရင်တော့ များပြားလှတဲ့ အသေးစိပ်လက်ရာတွေအပြင် ထူးထူးခြားခြားပြုလုပ်ထားတာတွေကို တွေ့ရအုံးမယ်။ ဝင်ပေါက်ရဲ့အမိုးကို စီစီရီရီ သိပ်သိပ်သည်းသည်းချထားတဲ့သစ်ပင်ရဲ့ ပင်စည်တွေနဲ့ ထောက်မထားတယ်။ အိမ်ရဲ့အတွင်းထဲကို အနည်းငယ်ပဲဝင်လိုက်ပြီး ဖြတ်ကနဲကြည့်လိုက်မယ်ဆိုရင်တော့ အပေါ်ထပ်ကို တက်မယ့်လှေကားဆီကို ဦးတည်နေမယ့် ဗိသုကာကဖန်တီးပေးထားတဲ့ တောအုပ်တစ်ခုကို ချက်ချင်းတွေ့ရမယ်။
 

မယ်ရစ်ယာစံအိမ်သို့အဝင်


အတွင်းလှေကား

ပြီးတော့ သူ့ရဲ့အနောက်မှာ ခမ်းနားလှပပြီး ကျယ်ဝန်းတဲ့ မြင်ကွင်းကို ရစေမယ့် အဖွင့်ကျယ်ကြီးဟာ ဥယျာဉ်ဆီကိုပေးလိမ့်မယ်။ ဥယျာဉ်ဟာ ဖင်လန်ဒေသရဲ့ ကန်နံဘေးမှာ တွေ့ရလေ့ရှိတဲ့ ရှုခင်းတွေရဲ့ပုံစံအသေးစားတွေနဲ့ဖန်တီးထားတယ်။

ကျောက်တုံးနံရံတွေနဲ့ အပူငွေ့ခန်းတစ်ခုကို ကန်အနီးမှာ ဖြည့်စွက်ဒီဇိုင်းလုပ်ထားပြန်သေးတယ်။ ပိုပြီးတော့ ပြည့်စုံသွားအောင် တောင်ပူစာအသေးလေးတစ်ခုနဲ့ဖြည့်လို့ပေါ့။ ဥယျာဉ်လေးဟာ အချိန်ဖြုန်းရုံမျှအတွက်ပဲမဟုတ်ပဲ ပျော်ရွှင်ကျေနပ်ဖွယ်ရာ ကောင်းစေတယ်။ အယ်လ် ပုံသဏ္ဍာန်ရှိတဲ့ အဆောက်အဦးဟာ courtyard တစ် ခုကိုသတ်မှတ်ဖွဲ့စည်းထားသလို ဖြစ်နေစေတယ်။ သစ်အသားနဲ့ ဆောက်ထားတဲ့ ရေပူငွေ့ခန်းရယ်၊ သစ်သားတိုင် ခြံစည်းရိုးလေးတွေရယ်ကြောင့်လည်း courtyardလေးကနေချင်စရာပိုဖြစ်ပြီး ရိုးရာအိမ်တွေမှာနေရတဲ့ ခံစားမှုကိုပေးစေတယ်။

 ဒီနေရာမှာ ထူးခြားတာတစ်ခုကတော့ နဂိုကရင်းနှီးပြီးဖြစ်တဲ့ ရိုးရာဟန် ခြံစည်းရိုးဟာ မြေကြီးပေါ်မှာ မဟုတ်ပဲ လေပေါ်မှာဖန်တီးထားခြင်းပဲ။ ထမင်းစားခန်းကနေ အပေါ်က ခေါင်မိုးကပြင်ထိအောင် ထောက်မထားတဲ့ တိုင်လေးတွေပေါ့။ အလျားလိုက်သစ်သားတွေကိုလည်း ရိုးရာအတိုင်းမဟုတ်ပဲ တစ်ခုနှင့်တစ်ချုအခေု လုပ်ထားတဲ့အတွက် float ဖြစ်နေတဲ့အလားပဲ။ တကယ်တော့ အဲဒါတွေကို အဖြူရောင်စတီးချောင်းလေးတွေနဲ့ မမြင်နိုင်အောင်ထောက်မထားတယ်။

အယ်လ် ပုံသဏ္ဍာန်မယ်ရစ်ယာစံအိမ်

ရေပူငွေ့ခန်းကိုလည်း ရင်းနှီးပြီးသားဖြစ်တဲ့ မြက်နဲ့ထင်းရှုးပင်အခေါက်ရောပြီးအမိုးမိုးထားတယ်။ အမိုးစောင်းမဟုတ်ပဲ အမိုးပြားဖြစ်အောင်မိုးထားတယ်။ စီစီရီရီထပ်ထားတဲ့ သစ်လုံးတွေဟာ သစ်သားဘုတ်ပြားအမြင်ကိုပေးတဲ့အတွက် ဂျပန်ဟန်အမြင်ကို ရစေတယ်။ တံခါးအောက်ပိုင်းမှာ ယက်လုပ်ထားတာတွေဟာ တကယ့်ဂျပန်ဟန်ပါပဲ။ အားလ်တိုးဟာ ဂျပန်ဗိသုကာလက်ရာတွေကို မက်မက်မောမော လက်ခံသူတစ်ယောက်ဖြစ်လို့လည်း ဂျပန်တို့ရဲ့ရိုးရှင်းတဲ့ တစ်ဆယ့်တစ်ခုနှစ်ရာစုလောက်က အီဒိုတီးဟောက်စ်တွေကို ရင်းရင်းနှီးနှီးသက်ဝင်စေခဲ့တယ်လေ။


ရိုးရာနဲ့မော်ဒန် ပေါင်းစပ်ထားတဲ့ ကြမ်းပြင် (terrace) ထမင်းစားခန်းကနေ ဆွဲဆန့်လာတဲ့ ကြမ်းပြင် (terrace) ဟာ အားလ်တိုးရဲ့ ရိုးရာနဲ့မော်ဒန် ပေါင်းစပ်ထားတဲ့ ဟန်တွေထဲကတစ်ခုဖြစ်တယ်။

အရှိအတိုင်းထားတဲ့ အဆောက်အဦး အကြမ်းထည်တွေဟာ အရင်ကတည်းကဟန်ကို အတုယူထားတာပဲဖြစ်တယ်။ စံအိမ်ရဲ့နေရာ အတော်တော်များများမှာ ရင်းနှီးပြီးသားမဟုတ်တဲ့ ဟန်တွေကို ဒီဇိုင်းလုပ်ထားတယ်။ သစ်တောအုပ်ကနေချဉ်းကပ်လာတယ်ဆိုရင်ပဲ အဖြူရောင်ထုထည်ကြီးတစ်ခုကို ဟန်ချက်ညီညီချထားလေတော့ တစ်ခဏတော့ စိတ်မှာတစ်မျိုးဖြစ်သွားစေလိမ့်မယ်။

 ဒါပေမယ့်လည်း ကျွန်းသစ်နဲ့ကျောက်တုံးကာထားတဲ့ ဧည့်ခန်းရယ်၊ အဝင်ဝကိုသစ်သားတိုင်နဲ့ ထူးခြားအောင်ဖွဲ့စည်းပေးထားတော့ သင်ချဉ်းကပ်လာတာနဲ့ သင့်အာရုံကိုဖမ်းစားသွားမှာပဲ။ အနီးကပ်ကြည့်ရင် ချောမွေ့တဲ့ အဖြူရောင်လိုမြင်ရမယ့် အုတ်နံရံကိုတွေ့မြင်ရမယ်။

  အားလ်တိုးဟာ စံအိမ်ကို အဖြူရောင် အတုံးကြီးဆိုတဲ့ အမြင်ကိုမဖြစ်ရလေအောင် နွယ်ပင်တွေတွယ်တက်ဖို့ တိုင်လေးတွေနဲ့ ဖွဲ့စည်းဒီဇိုင်းပြုလုပ်ပေးလိုက်တယ်၊ များသောအားဖြင့် မီးဖိုခန်းတောင့်က နံရံတွေမှာပေါ့။ အလားတူပဲ ထမင်းစားခန်းတောင့်နံရံတွေမှာ အပြာရောင်ကြွေပြားတွေတပ်ဆင်ထားတယ်။ ဒါကြောင့်မို့ မယ်ရစ်ယာစံအိမ်ကြီးဟာ အမျိုးသားဟန်၊ နိုင်ငံတကာဟန်၊ ခေတ်ပေါ်နဲကခေတ်ဟောင်း၊ မြင်နေကျနဲ့အသစ်အဆန်း တွေကို မိုးမတူပဲ အမျိုးမျိုးပေါင်းစပ်ပြထားတယ်လို့ ဝေဖန်ခံရတယ်လေ။

  စံအိမ်ရဲ့ပင်မဝင်ပေါက်ကို ရောက်ဖို့ canopy အောက်က ကျောက်တုံးအထစ်လေးတွေကနေ ဖြတ်လာခဲ့ရတယ်၊ ဒါဟာလည်းဂျပန်ဟန်တစ်ခုပဲမဟုတ်လား။ ကြီးမားတဲ့အဖွင့်ကျယ်နဲ့ဧည့်ခန်းဟာ အရင်က ခြံနဲ့ဝင်းနဲ့အိမ်ပုံစံမျိုးကို အခုမော်ဒန် ရဲ့လွတ်လပ်တဲ့ ပန္နက်ပုံစံကို ရောမွေထားခြင်းပါပဲ။

အားလ်တိုးဟာ မော်ဒန်အဆောက်အဦးရဲ့ မူတစ်ခုဖြစ်တဲ့ (grid structure) ကိုလက်ခံပြီးတော့ စံအိမ်ကို တည်ဆောက်တယ်၊ ဒါပေမယ့်လည်း သူ့ရဲ့ကနဦးအိုင်ဒီယာဖြစ်တဲ့ သစ်တောဟန်အလင်္ကာကိုပေးမယ့် အတွင်းခန်း ဖွဲ့စည်းမှုကိုတော့ အရဖန်တီးထားတယ်။ သူဟာ အိမ်ကို (structure) ဆိုတဲ့ခံစားမှု မျိုးကို မပေးချင်တာနဲ့ပဲ ပထမဦးဆုံး တိုင်တစ်လုံး သို့မဟုတ် နှစ်လုံးတွေကို ကြိမ်နွယ်တွေနဲ့ရစ်ပတ်ထုပ်တယ်၊ ပြီးတော့အမြင့်တွေမတူအောင် ပြုလုပ်ထားတယ်။ ဒါ့အပြင် ကြီးမားတဲ့ တောင့်ပြတင်းအနားတွေမှာ ထင်းရှုးခေါက်အမြောင်းတွေနဲ့ကာရံတယ်။

 ပြီးတော့ လှေကားနဲ့အဝင်နေရာတွေမှာ သစ်သားတိုင်အုပ်စုတွေကို လွတ်လပ်စွာချထားတယ်။ စံအိမ်ကြီးကို သစ်တောတွေနဲ့ရောယှက်သွားအောင် လုပ်ထားတာတစ်ခုကတော့ စတူဒီယိုမှာပဲ။ စတူဒီယိုကို သစ်ပင်စည်နှစ်ခွနဲ့ထောက်မထားတယ်၊ သစ်ပင်အခေါက်ပုံမျိုးဖြစ်အောင် ငွေရောင်ပင်စည်လုပ်ထားသေးတယ်။ မယ်ရစ်ယာစံအိမ်ကြီးကို အတွင်းကပဲ ကြည့်ကြည့် အပြင်ကပဲကြည့်ကြည့် ဗိသုကာက ဖန်တီးထားတဲ့ အစိပ်အပိုင်းအားလုံးဟာ အနုပညာမြောက်စွာ ဖန်တီးထားတာတွေ့ရမယ်။ အပြင်ဘက်က terrace ကိုဝန်းရံထားတဲ့ ကျောက်တုံးနံရံအနိမ့်လေးဟာ အလယ်ခေတ်က ဘုရားကျောင်းဝင်းက နံရံတွေလို ပြုလုပ်ထားတယ်လို့ဆိုကြပြန်တယ်။


အတွင်းက courtyard ကိုပေါ်လွင်အောင်ဖြည့်ပေးတဲ့ရေကန်

ရွှေဦးခင် ဇူလိုင်၊ ၂ဝဝ၇

2007 Pritzker Architecture prize Laureate

Richard Rogers

၂ဝဝ၇ ခုနှစ် အတွက်ပရစ်စကာဆုရှင်အဖြစ် အင်္ဂလန်နိုင်ငံသား ဗိသုကာ ရစ်ချတ်ရော်ဂျာကို ရွေးချယ်လိုက်တဲ့ အကြောင်း မတ်လ (၂၇) ရက်က ကြေငြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်မှာ အသက် (၇၃)နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ဆုအဖြစ် အမေရိကန်ဒေါ်လာတစ်သိန်းနဲ့ ကြေးတံဆိပ်တစ်ခုကို ချီးမြှင့်လိုက်ပါပြီ။

ဒီနှစ်အတွက်တော့ ဆုပေးပွဲ အခမ်းအနားကို အင်္ဂလန်မှာပဲ ကျင်းပဖြစ်ခဲ့တယ်။ နှစ်စဉ် ဆုပေးပွဲအခမ်းအနားကို ကမ္ဘာတစ်ဝှန်းက သမိုင်းဝင်နေရာနဲ့ ထင်ရှားတဲ့ ခေတ်သစ်ဗိသုကာလက်ရာ အဆောက်အဦးနေရာတွေမှာ ကျင်းပနေကျ ဖြစ်ပေမယ့် ဒီနှစ်တော့ လန်ဒန်မှာပဲ ပြုလုပ်ဖြစ်တယ်။

ဆုရှင်ကို မရွေးချယ်မှီကတည်းက အခမ်းအနားပြုလုပ်မယ့်နေရာကို ရွေးချယ်ပြီးသားဖြစ်နေခဲ့တယ်လို့ ဟိတ်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ သောမတ်စ်ဂျေပရစ်စကာက ဆိုပါတယ်။ နေရာကတော့ ၁၆၁၉ ခုနှစ်တုန်းကတည်ဆောက်ခဲ့ပြီး အင်နီဂိုဂျုံးစ် ဒီဇိုင်းလုပ်ခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စားသောက်ပွဲခန်းမကြီးထဲမှာပါပဲ။

၁၉၇၉ခုနှစ် ကစပြီး ပရစ်စကာဆုကို နှစ်စဉ်တစ်ဦး သို့မဟုတ် နှစ်ဦးရွေးချယ်ပေးပြီးလာခဲ့တာ ရစ်ချတ်ရော်ဂျာဟာ သုံးဆယ့်တစ်ဦးမြောက် ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံသားအဖြစ် ၁၉၈၁ခုနှစ်မှာ ဂျိန်းစတာလင်၊ ၁၉၉၉ခုနှစ်မှာ နော်မန်ဖို့စတာ၊ ၂ဝဝ၄ ခုနှစ်မှာ အမျိုးသမီးဗိသုကာ ဇဟာဟာဒစ် တို့ကိုရွေးချယ်ခဲ့ပြီးတဲ့နောက် ရစ်ချတ်ရော်ဂျာဟာ စတုတ္ထမြောက်ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာလို့ ဆိုလိုက်ရင်ပဲ သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ ဒီဇိုင်းတွေဖြစ်တဲ့ ပြင်သစ်က ပွန်ပီဒိုစင်တာ(၁၉၇၁-၇၇)၊ လန်ဒန်မှာရှိတဲ့ လွိုက်အဆောက်အအုံ (၁၉၇၈-၈၆)၊ ထောင်စုနှစ်ဒုံး (၁၉၉၆-၉၉)၊ ပြီးတော့ မက်ဒရစ်မှာရှိတဲ့ ဘာရာဂျာလေဆိပ် (၁၉၉၇-၂ဝဝ၅) တို့ကိုတွဲဖက်မြင်ယောင်ကြမှာပါပဲ။

ဘာရာဂျာလေဆိပ် ပုံကြမ်း၊  မက်ဒရစ် (၁၉၉၇-၂ဝဝ၅)၊

 


ဘာရာဂျာလေဆိပ်အတွင်းမြင်ကွင်း

 The Millennium Dome, London (1996-99)

လန်ဒန်မှာ ရစ်ချတ်ရော်ဂျာပါတနာရှစ်ဆိုပြီး ဒီဇိုင်းရုံးရှိတဲ့အပြင် ဘာစီလိုနာ၊ မက်ဒရစ် နဲ့ ဂျပန်၊တိုကျိုမှာလည်း ရှိပါသေးတယ်။ ဝါရှင်တန်ဒီစီမှာ လည်း ရုံးတာဝါတစ်လုံးကိုလည်း တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်နောက်ပိုင်းမှာ သူ့ရဲ့မိဘအိမ်ဖြစ်တဲ့ ဝင်ဘလင်ဒန်အိမ်ကို တည်ဆောက်ပေးခဲ့တယ်။ ဝေလပြည်နယ် ကားဒစ်မှာ အမျိုးသားအင်ဘီစီအဆောက်အအုံ၊ တိုကျိုမှာ နီပွန်တယ်လီဗေးရှင်းရုံးချုပ်၊ ဒါ့အပြင်ကိုးရီးယားမှာလည်း ပရော့ဂျက် အတော်များများ ရှိပါတယ်။

အမျိုးသားအင်ဘီစီအဆောက်အအုံ၊ဝေးလ်စ် (၁၉၉၈-၂ဝဝ၅)

ရော်ဂျာရဲ့ အဆောက်အဦးတွေဟာ အမျိုးအစားစုံလင်ပြီး နေရာအတော်များများမှာ ဖြန့်ကျက်တည်ရှိနေတယ်။ သူဒီဇိုင်းလုပ်ခဲ့တဲ့ အဆောက်အဦးအားလုံးဟာ အသုံးပြုမယ့်သူတွေကို အလေးပေး၊ ဂရုထားတာကိုတွေ့ရတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ သူဟာ တစ်ခြားအဖွဲ့တွေနဲ့ ပရောဂျက်ကြီးငယ်တွေကို တွဲဖက်ဒီဇိုင်းလုပ်ခဲ့တော့လည်း တသမတ်သော အဲဒီစိတ်ထားနဲ့ ဒီဇိုင်းလုပ်ခဲ့တယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။

ရစ်ချတ်ရော်ဂျာဟာ သူချစ်မြတ်နိုးလှတဲ့ ဗိသုကာပညာကို အသစ်အသစ်သော ဆောက်လုပ်ရေးပစ္စည်းတွေ၊ တည်ဆောက်ရေးနည်းစနစ်တွေနဲ့ ပေါင်းစပ်ပြီး ဒီဇိုင်းလုပ်ခဲ့တယ်။ သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ တည်ဆောက်ပုံ နည်းစနစ်သစ်တွေနဲ့ဒီဇိုင်းတွေဟာ အလှအပအတွက် သက်သက်ပဲမဟုတ်ပဲ သက်ဆိုင်ရာအဆောက်အဦးရဲ့ ရည်ရွယ်ချက်ကိုလည်း ထင်ဟပ်စေတယ်။ အရေးပါလှတဲ့ ဗိသုကာပညာရဲ့ ဆောင်ရွက်ချက်တွေကို အဓိပ္ဓါယ်ပိုရှိအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ အဆောက်အဦးတွေဟာ အခုခေတ် ဗိသုကာတွေ အလေးထားရမယ့် စွမ်းအင်အသုံးလျှော့ချရေးနဲ့ စွမ်းအင်ထိန်းသိမ်းခြင်းခေါင်းစဉ်ရဲ့ သက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။

မီနာမီရာမရှီယိုကျောင်း၊ဂျပန် (၁၉၉၅-၂ဝဝ၃)

ရစ်ချတ်ရော်ဂျာကို ၁၉၃၃ခုနှစ်မှာ အီတလီပြည်၊ ဖလောရင့်မှာ မွေးခဲ့ပြီး၊ လန်ဒန်မှာ ဗိသုကာပညာကို သင်ယူတတ်မြောက်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်မှာလည်း မဟာဗိသုကာဘွဲ့ကို ထပ်ပြီးရယူခဲ့သေးတယ်။

အဲဒီအချိန်တုန်းက ဗိသုကာ ပေါလ်ရုဒေါ့ကဌာနမှုး၊ နော်မန်ဖို့စတာက သူ့ရဲ့ပါတနာ၊ ပြီးတော့ ဂျိန်းစ်စတာလင်က သူ့ရဲ့ ဆရာတွေထဲကတစ်ယောက်။ ယေးလ်မှာရှိနေတုန်းက ရော်ဂျာဟာ ဖရန့်လွိုက်ရိုက်ရဲ့ ဒီဇိုင်းတွေကို အတော်စိတ်ဝင်စားခဲ့သေးတယ်။ ရိုက်ဟာသူ့ရဲ့ ပထမဦးဆုံးဘုရားသခင် ဖြစ်ခဲ့ပါတယ် လို့ ရော်ဂျာကပြောပါတယ်။ သူနဲ့ သူ့ပါတနာတွေဟာ ရိုက်ရဲ့ဒီဇိုင်းအဆောက်အအုံတွေ ရှိတဲ့နေရာအတော်များများကို ခရီးထွက်ပြီး ကြည့်ရှုလေ့လာခဲ့တယ်၊ မီးလ်ဗင်ဒါရိုးနဲ့ လူးဝစ်စ်ခန်းတို့ရဲ့ ဒီဇိုင်းတွေလည်းပါတယ်။

ယေးလ်ကပြီးသွားတော့လည်း နာမည်ကြီးဗိသုကာတွေဖြစ်တဲ့ စကစ်မိုး၊ အိုဝင်နဲ့ မက်ရင်၊ ပြီးတော့ ရုဒေါ့ချင်ဒလား၊ ချားစ်နဲ့ ရေးအိန်းစ် စသည်တို့ရဲ့အဆောက်အအုံတွေပါမကျန် လည့်လှည်ပြီး ဗိသုကာပညာရဲ့အနှစ်သာရတွေကို ကိုယ်တိုင်ခံစားရယူခဲ့ပြန်ပါတယ်။

The Antwerp Law Courts, Belgium,1999

The Leadenhall Building (2002-2006)

အစပိုင်းမှာတော့ ဒီဇိုင်းအဖွဲ့ငယ်လေးဖွဲ့ပြီးတော့ အိမ်ဒီဇိုင်းတွေနဲ့ ပရိုက်တစ်စ်အရင်လုပ်ခဲ့တယ်။ ရင်ဇိုပီယာနိုနဲ့ တွဲဖက်ဒီဇိုင်းလုပ်ခဲ့ရတဲ့ ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ပွန်ပီဒိုစင်တာဟာ သူတို့နှစ်ဦးစလုံးကို ကမ္ဘာ့ဗိသုကာလောကရဲ့ ဇာတ်ခုံပေါ်ကိုရောက်ရှိစေခဲ့တာပဲ ဖြစ်ပါတယ်။ လွိုက်အဆောက်အဦးကို ပြီးစီးပြီးတဲ့နောက်ပိုင်းမှာ ရော်ဂျာဟာ အင်္ဂလန်တွင်မှာမက ကမ္ဘာတစ်လွှားကပါ အသိအမှတ်ပြုခဲ့ရတဲ့ ဗိသုကာတဦးဖြစ်လာခဲ့ပါတယ်။

ပွန်ပီဒိုစင်တာပြင်သစ်(၁၉၇၁-၇၇)၊
ဗိသုကာပညာကဏ္ဍဟာ နိုင်ငံရဲ့ နိုင်ငံရေး၊လူမှုရေး ကျိုးကြောင်းရလဒ်ပေါ်မှာ အလွန်ပဲ အခြေခံတဲ့ပညာရပ်ဆိုတာကို ဖြစ်ပါတယ်။ ဗိသုကာရစ်ချတ်ရော်ဂျာဟာ ဗိသုကာပညာဆိုတာ လူမှုရေးအနုပညာရဲ့ အနှစ်ပဲဆိုတာ သူ့ရဲ့အလုပ်နဲ့ပြသခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ရာသက်ပန်ခံယူချက်ဖြစ်တဲ့ ဗိသုကာတစ်ဦးဟာ အကောင်းဆုံးကမ္ဘာ သားတစ်ဦးဖြစ်ရမယ်ဆိုတာဖြစ်ကြောင်းလည်းပြသနေပါတယ်။ သူ့ရဲ့အဆောက်အဦးအားလုံးကိုကြည့်ရင် အဲဒီလို ထင်ပေါ်နေတဲ့ အရည်အချင်းကို တွေ့ရလို့ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ရွှေဦးခင် ဇူလိုင်၊ ၂ဝဝ၇

Sunday, 8 April 2012

2011 Pritzker Architecture Prize Laureate

Eduardo Souto de Moura


ဗိသုကာပညာရပ်အတွက် အမြင့်ဆုံး ဂုဏ်ပြုဆုဟု ဆိုကြသော ဗိသုကာပညာ ပရစ်စကာဆုအတွက် ၂၀၁၁ ခုနှစ် ဆုရှင် အဖြစ် ပေါ်တီနိုင်ငံသား ဗိသုကာ Eduardo Souto de Moura အရွေးခံခဲ့ရပါသည်၊



သူသည် သူ၏ မွေးရပ် နိုင်ငံဖြစ်သော ပေါ်တူဂီတွင် အဓိက အလုပ်လုပ်ခဲ့သည်၊ လုံးချင်းအိမ်ယာ အမြောက်အများနှင့် ဘော်လုံးကွင်း ပွဲကြည့်စင်ကို ဒီဇိုင်းပြုလုပ်ခဲ့သည်၊ အခြားသော ပရစ်စကာဆုရှင် ဗိသုကာများကဲ့သို့ နိုင်ငံတကာတွင် ကျော်ကြားသူမဟုတ်သော်လည်း သူ၏ ဗိသုကာလက်ရာများသည် လေးစားလောက်စရာ ဖြစ်ပါသည်၊ (၁၉၉၂) တွင် ပရစ်စကာဆုရှင် ဖြစ်ခဲ့သော ဗိသုကာ Alvaro Siza ပြီးလျှင် Eduardo Souto de Moura သည် ဒုတိယမြောက် ပေါ်တူကီ နိုင်ငံသားဖြစ်သည်၊



သူ ဗိသုကာအဖြစ် စတင် ကာစတွင် Alvaro Siza ထံတွင် အလုပ်လုပ်ခဲ့သည်၊ သူ၏ လက်ရာများကို အကဲဖြတ်ရာတွင် ပေါ်တူနိုင်ငံ၌ (၂၀၀၄) တွင် တည်ဆောက်ပြီးစီးခဲ့သည့် စတေဒီယမ်၊ (၂၀၀၇) ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အထပ်မြင့် ရုံးအဆောက်အအုံ၊ (၂၀၀၈) ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် the Paula Rego Museum တို့ ပါဝင်သည်၊ ပရစ်စကာဆုရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များ၏ ဂုဏ်ပြုစကားများအရ ဗိသုကာ Eduardo Souto de Moura သည် နှစ်သုံးဆယ်စုအတွင်း လက်ရာများကို ကြည့်ပါက ယခုခေတ်ကို ကိုယ်စားပြုသည့်အပြင် ဗိသုကာရိုးရာဟန်ရဲ့ ပဲ့တင်ကိုလည်း ထင်ဟပ်ဆောင်ယူလာသည်၊



လက်ရှိဝန်းကျင်ကို အမြဲအလေးထား၍ နေရာ၊ အချိန်နှင့် အသုံးပြုမည့် အခြေအနေကို အခြေခံကျကျ အာရုံထားသည်ကြောင့် သူ၏ အကောင်းဆုံးလက်ရာများသည် ခေတ်သစ်လက်ရာများအဖြစ် ထင်ပေါ်နေသည် သာမက ဒေသရဲ့ အခြေအနေကိုပါ ထင်ရှားစေသည်၊ သူ၏ ၁၉၈၀ လက်ရာဟန်များကို ကြည့်လျှင် ခေတ်မမှီဟု ထင်ရသည်၊ သူသည် တခဏတွင်း ပေါ်ပေါက်သော လက်ရာများနောက်သို့ မလိုက်ခဲ့ပဲ သူ၏ ဟန်အတိုင်းသာ လုပ်ကိုင်ခဲ့သည်၊ သို့ကြောင့် အစောပိုင်းလက်ရာများသည် သာမာန်ဟု ထင်စရာ ရှိသော်လည်း ယင်း၏ ရဲရင့်သော လက်ရာဟန်ကို သတိပြုမိနိုင်သည်၊ သူ အောင်မြင်စွာ လုပ်ကိုင်ခဲ့သော လက်ရာများကို ကြည့်၍ အမျိုးအစား ကွဲပြားသော်လည်း ဘက်စုံ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခဲ့သည်ကို သိနိုင်သည်၊ လူနေအိမ်မှအစ မြို့ပြတည်ဆောက်မူတွင်လည်း ဒီဇိုင်းပြုလုပ်နိုင်သည်၊



၁၉၈၀ခုနှစ် အစောပိုင်းကာလ လက်ရာများတွင် လူနေအိမ် အမြောက်အများ ပါဝင်ခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် အမျိုးအစား ကျယ်ပြန့်လာသည်၊ (၂၀၀၀) ခုနှစ်တွင် တည်ဆောက်ခဲ့သော The Braga Municipal Stadium, Portugal သည် ကြီးမားသည့် အထိမ်းအမှတ် အဆောက်အအုံ ဖြစ်သည်၊ (၁၉၉၀) ခုနှစ်များတွင် ဒီဇိုင်းလုပ်ခဲ့ပြီး၊ ဆယ်စုနှစ်အကြာတွင် တည်ဆောက်ခဲ့သော The Burgo Tower, Portugal သည် အဆောက်အအုံနှစ်လုံးတွဲ ဖြစ်ပြီး တစ်လုံးက အလျားလိုက်၊ တစ်လုံးမှာ မျဉ်းမတ် တခုနှင့်တခု ဆက်စပ်နေပြီး မြေခင်း ရူခင်းနှင့်လည်း အပြန်အလှန် ထင်ဟပ်သည်၊ (၂၀၀၈) ခုနှစ်တွင် ပြီးစီးခဲ့သည့် the Paula Rego Museum မှာ ထုထည်ကြီးများအစုကို သစ်ပင်များကြားတွင် ဖြန့်ကျဲထားခြင်းမှာ အနုပညာဆန်လှသည်၊





Municipal Stadium, 2003


Paula Rego Museum, Portugal, 2008


ရိုးရိုးရှင်းရှင်း သူ၏ အဆောက်အအုံများသည် ဒေသ၊ မြေခင်း၊ မြေနေရာ၊ များနှင့် ယှက်နွယ်ဆက်စပ်ထားသည်မှာ ထင်ရှားသည်၊ တြီသြမေတြီပုံသဏ္ဍာန်များသာ ဖြစ်ပြီး ထုသွင်၊ ဟင်းလင်းပြင်၊ အလင်းနှင့် အမှောင်များကို အပြန်အလှန် ဖော်ထုတ်ခြင်းဖြင့် ဒီဇိုင်း ဖြစ်စေသည်၊

Burgo Tower, Portugal, 2007


Eduardo Souto de Moura သည် အစစ်အမှန် လှပသော အဆောက်အအုံပစ္စည်းများကို အသုံးပြုသော ဗိသုကာတစ်ဦးအဖြစ် သိသာသည်၊ အဆောက်အအုံပစ္စည်းများတွင် ကျွမ်းကျင်မူ၊ တည်ဆောက်ခြင်း နားလည်မူတို့ကို သူ၏ အဆောက်အအုံများတွင် တွေ့ရသည်၊ သူသည် နှစ်ထောင်ပေါင်းများစွာ အိုဟောင်းသော ကျောက်တုံးများကိုလည်း အသုံးပြုဖို့ ၀န်မလေးသကဲ့သို့ ဗိသုကာ မီးစ်ဗင်ဒါရိုး၏ ခေတ်ပေါ် အသေးစိပ်လက်ရာများကို ကြည့်၍လည်း စိတ်ကူးရယူတတ်သည်၊


Cinema House Manoel de Oliveira, Portugal, 2003


(၁၉၉၁) ခုနှစ်တွင် တည်ဆောက်ခဲ့သည့် the Culture Center တွင် ကော့ပါး၊ ကျောက်တုံး၊ ကွန်ကရစ်နှင့် သစ်သားများကို ရောစပ် အသုံးပြုထားသည့် သူ၏ ကျွမ်းကျင်မူကို သိနိုင်သည်၊




House in Serra da Arrabida, Portugal, 2002


House in Cascais, Portugal, 2002


Eduardo Souto de Moura သည် မထင်ပေါ်၊ မထင်ရှားလှသော ဗိသုကာ တယောက်သာ ဖြစ်ခဲ့ပါသည်၊ သူ၏လက်ရာများတွင် ဗိသုကာသဘောတရားများသည် တခဏ ကြည့်ရုံမျှဖြင့် မသိနိုင်၊ ကဗျာတပုဒ်ကို ဖတ်ရူသကဲ့သို့ ကဗျာဆရာက ပေးသည်ကို စိတ်ဖြင့် လိုက်ပြီး သိနိုင်ရန် နားထောင်ရန် အချိန်လိုသည်၊ သူ၏ လက်ရာများသည် ရိုးသည်၊ ရဲရင့်သည်၊ ထူးခြားသည် ပြီး နီးစပ်သော အာရုံကို ပေးသည်၊ သို့နှင့် သူသည် ဗိသုကာပညာ ပရစ်စကာဆုကို လက်ခံရရှိခဲ့ပါသည်။



ရေးသားသူ။ ။ဗိသုကာ နှစ်

Saturday, 7 April 2012

2010 Pritzker Architecture Laureates

(Kazuyo Sejima) & (Ryue Nishizawa)


၂၀၁၀ ခုနှစ်အတွက် ပရစ်စကာဆုရှင် အဖြစ် အရွေးချယ်ခံ ခဲ့ရသူများကတော့ ဂျပန်က ဗိသုကာနှစ်ဦးဖြစ်တဲ့ ခဇူယို ဆဲဂျီးမ (Kazuyo Sejima) နဲ့ ရုရိနီရှီးဇ၀ါ (Ryue Nishizawa) တို့ဖြစ်ပါတယ်၊ သူတို့နှစ်ဦးဟာ SANAA ဗိသုကာအဖွဲ့ရဲ့ တွဲဖက်ဗိသုကာတွေပဲ ဖြစ်ပါတယ်၊ သူတို့နှစ်ဦး ဒီဇိုင်းထုတ်ခဲ့တဲ့ အဆောက်အအုံတွေဟာ ဂျပန်နိုင်ငံမှာ အများအပြားတည်ဆောက်ပြီးစီးခဲ့ပြီး ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတစ်လွှားမှာလည်း အထင်ကရ အဆောက်အအုံတွေရှိပါတယ်၊ 

ထင်ရှားတဲ့ အဆောက်အအုံတွေကတော့ ဂျပန်မှာတည်ဆောက်ထားတဲ့ O-Museum (1999)၊ the 21st Century Museum of Contemporary Art (2004)၊ The glass Pavilion (2006) နဲ့ နယူးယောက်စီးတီးမှာ ရှိတဲ့ the New Museum of Contemporary Art (2007) တို့ ဖြစ်ပါတယ်။

 အဆောက်အအုံအားလုံးဟာ မီနီမာလစ်စင်ကိုပဲ အခြေခံထားပေမယ့် ထင်ရှားပေါ်လွင်တဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်၊ 

ဆဲဂျီးမဟာ ဒုတိယမြောက် အမျိုးသမီး ပရစ်စကာဆုရှင် ဖြစ်ပါတယ်၊ (၂၀၀၄) ခုနှစ်မှာ အီရတ်အမျိုးသမီး ဇာဟာ ဟာဒီး (Zaha Hadid)က အရွေးခံခဲ့ရတာပါ၊ ပြီးတော့ ဒီ (၂၀၁၀) အတွက် ဆုဟာ တတိယအကြိမ်မြောက် ဗိသုကာနှစ်ဦးကို ပူးတွဲပေးခြင်းပါ၊

(၁၉၉၈) ခုနှစ်မှာ ဘရာဇီးက ဗိသုကာ အော်စကာ နစ်မီးယား (Oscar Niemeyer) နဲ့ ယူနိုက်တစ်စတိတ်က ဗိသုကာ ဂေါ်ဒန်ဘန်းချက်ဖ် (Gordon Bunschaft) တို့ နှစ်ဦးတွဲနှင့် (၂၀၀၁) ခုနှစ်မှာ ဆွစ်လူမျိုး ဗိသုကာအတွဲ ဂျေဂွား ဟားဇောက်နဲ့ ပီးယတ်ဒီ မူရန် (Jacques Herzog and Pierre de Meuron)တို့ ရခဲ့တာ ဖြစ်ပါတယ်၊ ဒီနှစ်မှာတော့ အမျိုးသား အမျိုးသမီး ဗိသုကာ အတွဲကို ပေးခြင်းပါပဲ၊


ပရစ်စကာဂျူရီလူကြီးများက ဆဲဂျီးမနဲ့ နီရှီးဇ၀ါတို့ရဲ့ တစ်ဦးချင်းထက် တစ်ဆယ့်ငါးနှစ်တိုင် အတူ တွဲဖက်လုပ်ကိုင်ခဲ့တာ ကြောင့်လည်း ထင်ရှားတဲ့ ပရော့ဂျက်တွေ ပေါ်ပေါက်ခဲ့ရတာပါ လို့ အသိအမှတ် ပြုကြပါတယ်၊ သူတို့နှစ်ဦးဟာ ပရစ်စကာဆုရှင်ကြီးများဖြစ်တဲ့ ဗိသုကာ ပီတာဇန်ပ်သာ (၂၀၀၉) (Peter Zumthor)၊ ဗိသုကာ ဖရန့်ဂယ်ရီ (၁၉၈၉)(Frank Gehry)၊ ဂျပန်ဗိသုကာတွေဖြစ်ကြတဲ့ တာဒါအို အင်ဒို (၁၉၉၅) (Tadao Ando) နဲ့ ဖူမီဟီကို မားကီး (Fumihiko Maki)နဲ့ ကင်ဇိုတိုင်ဂီး (Kenzo Tange)တို့ဆီမှာလည်း ဗိသုကာအလုပ်များ တွဲဖက်လုပ်ကိုင်ဖူးခဲ့ပါတယ်၊


သူတို့ရဲ့ ထင်ရှားတဲ့ ပြတိုက်ဒီဇိုင်းလေးခုကို ကြည့်ရင် ယခုခေတ် အဆောက်အအုံ ဆောက်လုပ်ရေးပစ္စည်းတွေ ဖြစ်တဲ့ ကွန်ကရစ်၊ စတီးလ်နဲ့ မှန်များကိုသာ အသုံးပြုထားတယ်၊ သူတို့ အတွဲဟာ နေရာ၊ အဆောက်အအုံလိုအပ်ချက်ကို လိုက်ပြီး မှန်ကန် အသုံးတည့်အောင် ဒီဇိုင်းပြုနိုင်စွမ်းတယ်၊ အသုံးပြုမယ့်လူတွေ၊ သူတို့ရဲ့ လှုပ်ရှားမူတွေ ၊ ပြသမယ့် ပစ္စည်းတွေနဲ့ တည်ဆောက်မယ့် မြေခင်းနေရာကို ပုံဖော်နိုင်တယ်လို့ ဂျူရီအဖွဲ့က ကောက်ချက်ချပါတယ်။


O-Museum ဟာ ရှည်လျားတဲ့ ကျုပုံသဏ္ဍာန်ဖြစ်ပြီး ကွန်ကရစ်တိုင်တွေနဲ့ ထောက်မထားပါတယ်၊ အဆောက်အုံဟာ သစ်တော ဧရိယာတွင်းမှာ ရှိပြီး ဆယ့်လေးဆယ့်ငါးရာစုကတည်းက တည်ဆောက်ထားတဲ့ ရဲတိုက်ကြီးလည်းတည်ရှိပါတယ်၊ ပြတိုက်ရဲ့ အ၀င်ခန်းမ လော်ဘီကနေပြီး အဲဒီ ရဲတိုက်ကြီးကို မြင်ကွင်းပေးထားပါတယ်၊


O-Museum, Nagano, Japan, 1999


the 21st Century Museum of Contemporary Art (2004) ကတော့ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အရွယ်အစားနဲ့ အမြင့် အမျိုးမျိုးရှိတဲ့ ကုဗတုံးပြခန်းတွေကို ဖွဲ့စည်းပေးထားပါတယ်၊ မှန်နံရံ ပတ်ပတ်လည်အတွင်းမှာ လျှောက်လမ်းပေးထားပြီး အတွင်းက ဖွဲ့စည်းထားတဲ့ နေရာများဆီသို့ ရောက်နိုင်ပါတယ်၊ အတွင်းမှာ courtyard လေးခုပါဝင်ပြီး မှန်နံရံနဲ့ ထပ်မံ ဖွဲ့စည်းထားပါတယ်၊ အခန်းအတော်များများကို skylights ပေးထားပြီး သဘာဝအလင်းရောင် လိုအပ်တဲ့အခါမှာ အသုံးပြုရန်အတွက်ပါ၊ (၁၉၉၉) ခုနှစ်မှာ စတင်တည်ဆောက်ပြီး (၂၀၀၄) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်၊


21st Century Museum of Contemporary Art, Ishikawa, Japan, 2004


The glass Pavilion (2006) ကတော့ ယူနိုက်တစ်စတိတ်မှာ တည်ရှိတာပါ၊ မှန်များနဲ့ ပြုလုပ်ထားတဲ့ အနုပညာပစ္စည်းများကို ထိမ်းသိမ်းပြသရန် ဒီဇိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်၊ အဆောက်အအုံဒီဇိုင်းကိုယ်တိုင်ကလည်း မှန်နဲ့ပဲ တည်ဆောက်ထားပါတယ်၊ ကျယ်ပြန့်ပြီး ခပ်နိမ့်နိမ့် အဆောက်အအုံဟာ လေးတောင့်အခန်းများကို တခုနဲ့တခု ချိတ်ဆက်ထားတဲ့ ပုံသဏ္ဍာန်ပါ၊ မှန်နံရံကွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကပ်လျှက် အတွင်းခန်းများဟာ တစ်ခန်းနဲ့ တစ်ခန်း ထွင်းဖောက်မြင်နိုင်စေပါတယ်၊ အတွင်းမှာ courtyard ပါရှိပါတယ်၊

Glass Museum, Ohio, 2006


မက်ဟန်တန်မှာ တည်ရှိတဲ့ the New Museum of Contemporary Art (2007) ကတော့ မြို့ပြဧရိယာမှာ တည်ဆောက်တာ ဖြစ်တာကြောင့် မြင့်မား သေးသွယ်တဲ့ ပုံဏ္ဍာန်ပါ၊ မှန်တုံးများကို အထပ်ထပ်တင်ထားတဲ့ သဏ္ဍာန်ပါ၊ တခုနဲ့တခုအထပ်နေရာတွေမှာ terrace နဲ့ skylight တွေကို ဖွဲ့စည်းထားပေးပါတယ်၊


New Museum of Contemporary Art, New York, 2007


တခြားထင်ရှားတဲ့ အဆောက်အအုံများထဲမှာ ဂျာမနီမှာတည်ရှိတဲ့ Zollverein School of Management and Design ကလည်း ကုဗတုံး ပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်၊ မြို့ပြမဟုတ်တဲ့ ကျောက်မီးသွေးတွင်းတွေ တည်ရှိတဲ့ နေရာမှာ တည်ဆောက်ထားတာပါ၊ (၁၁၅ ပေ) မျက်နှာစာ ရှိတဲ့ ကုဗတုံးအဆောက်အအုံ ဒီဇိုင်းဟာ ပတ်ဝန်းကျင်မှာ တည်ရှိတဲ့ လူနေအိမ်တွေရယ်၊ ကြီးမားတဲ့ စက်ရုံတွေကြားမှာ ထင်ရှားနေပါတယ်၊ အမြင့်ချင်းမတူတဲ့ အထပ်လေးထပ်ရှိပြီး အရွယ်အစားချင်းမတူတဲ့ ပြတင်းတွေကနေ အလင်းရောင်နဲ့ ပတ်ဝန်းကျင် မြင်ကွင်းတွေကို ပေးပါတယ်၊ ပထမထပ်ကတော့ စုပေါင်းလေ့လာစရာ ခန်းမဖြစ်ပြီး နံရံကာထားချင်းမျိုးမရှိတဲ့ အဖွင့်ခန်းမပါ၊

Zollverein School of Management & Design, Germany, 2006


ဆွီဇာလန်မှာတည်ရှိတဲ့ Rolex Learning Center (2005) မှာ စာကြည့်တိုက်၊ ဘာသာစကားသင်ခန်းမများ၊ ရုံးခန်းများ၊ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်များပါဝင်ပါတယ်၊ အဆောက်အအုံရဲ့ ခေါင်မိုးနဲ့ ကြမ်းပြင်ဟာ လှိုင်းတွန့်သဏ္ဍာန် အနည်းငယ်ပါပါတယ်၊ လှိုင်းတွန်သဏ္ဍာန်အမိုးပြားအောက်မှ အ၀င်ခန်းမရှိပါတယ်၊ အတွင်းမှာ အရွယ်အစားနဲ့ ပုံသဏ္ဍာန်မတူတဲ့ courtyard ခုနစ်ခုတို့နဲ့ ဖွဲ့စည်းထားပါတယ်၊ အသုံးချပုံ မတူတဲ့အခန်းတွေကို အရွယ်အစားနဲ့ သဏ္ဍာန်မတူအောင် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်ပါတယ်၊ (၂၀၀၉) ခုနှစ်မှာ ပရော့ဂျက်ပြီးစီးခဲ့ပါတယ်၊


The Rolex Learning Centre, Switzerland, 2009


ဂျပန်မှာ တည်ရှိတဲ့ Naoshima Ferry Terminal ကလည်း ကြီးမားတဲ့ အမိုးပြားကြီးက မှန်နံရံကာ အသုံးချရန်အခန်းတွေကို အုပ်မိုးထားပါတယ်၊ ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ Christian Dior Building အပါအ၀င် ဂျာမနီနိုင်ငံမှ Vitra Factory Building နဲ့ ပြင်သစ်မှာရှိတဲ့ Louvre-Lens ပြတိုက်တို့ကလည်း ထင်ရှားပါတယ်။

ရေးသားသူ။ ။ဗိသုကာ နှစ်

Friday, 6 April 2012

Charles Gwathmey

အဖြူရောင်များ ( The Whites) သို့မဟုတ် နယူးယောက်ငါးဦး (The Newyork Five) ဟုတင်စားခေါ်ဝေါ်နိုင်သော ထင်ရှားလှသော ဗိသုကာငါးဦးအုပ်စုမှ တဦးဖြစ်သူ ချားစ်ဂွာ့မေလ် (Charles Gwathmey) မှာ ပြီးခဲ့သော သြဂုတ်လ (၃)ရက်က ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။ 

ငါးဦးအဖွဲ့မှ ဂျွန် John Hejduk မှာမူ (၂၀၀၀) ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ဂွာ့မေလ်သည် အသက် (၇၁) နှစ်တွင်ကွယ်လွန်ခြင်းဖြစ်သည်။ 

(၁၉၆၆) ခုနှစ်တွင် မိဘများအတွက် တည်ဆောက်ပေးခဲ့သော အိမ်ဒီဇိုင်း (Gwathmey’s House) သည် ထင်ရှားလှသည်။ ထို့နောက် ဗိသုကာ ဖရန့်လွိုက်ရိုက် (Frank Lloyd Wright) နှင့်တွဲဖက်၍ ဒီဇိုင်းပြုလုပ်သော Guggenheim Museum အပြင် ဗိသုကာ ပေါလ်ရုဒေါ့ (Paul Rudolph) နှင့်အတူ ဒီဇိုင်းပြုလုပ်သော Art and Architecture Building at Yale University အဆောက်အအုံများသည်လည်း ကျော်ကြားပါသည်။ 

အဖြူရောင်ငါးဦးအဖွဲ့မှ ကျန်ခဲ့သော ဗိသုကာများဖြစ်သည့် Michael Graves, Peter Eisenman, Richard Meier တို့သည် ဂွာ့မေလ်နှင့်အတူ အဖြူရောင်အဖွဲ့ကို စတင်ခဲ့ကြပုံများကို ပြန်လည် အောင်းမေ့ပုံဖော်နေကြသည်၊ ဗိသုကာ လီကော်ဗူးဆေး၏ ရှင်းလင်းသော ဗိသုကာလက်ရာဟန်များကို အရယူကာ အဖြူရောင်အဆောက်အအုံများကိုသာ အများဆုံးတည်ဆောက်ခဲ့ကြသူများအဖြစ် ကျော်ကြားခဲ့သူများဖြစ်သည်။ 

(၁၉၆၀) ခုနှစ်အလယ်လောက်တွင်မှ စ၍ နယူးယောက်တွင် နေထိုင်ကြကာ ဆရာများ၊ ဗိသုကာများအဖြင့် အသက်မွေးခဲ့ကြသည်။ အထူးသဖြင့် ခေတ်သစ်ဗိသုကာပညာ (Modern Architecture)ကို ဖော်ကျူးနိုင်သူများအဖြင့် ထင်ရှားလှသည်။ 

“ကျွန်တော်တို့ဟာ တဦးရဲ့အလုပ်မှာ တဦးပါဝင်ခဲ့ကြသလို တဦးရဲ့အလုပ်ကို တဦးက လေးလေးစားစားရှိခဲ့ကြတယ်နော်” ဟု မိုင်ယာ (Richard Meier) က ပြန်ပြောင်းအောင်းမေ့စကားဆိုသည်၊ “ကျွန်တော်တို့တွေဟာ စနေနေ့နံနက်တိုင်းမှာ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြတယ်” ဟု ဆက်ပြောပါသည်။ 

အဲဒီတုန်းက ဂွာ့မေလ်က ပြောခဲ့ပါသေးသည်၊ “ကျွန်တော်တို့တွေက ကိုယ့်အလုပ်ကိုယ်စီကို ကိုယ့်လုပ်ဖော်ကိုင်ဖက်ရှေ့မှာ ဂျူရီအစစ်ပြန်ခံကြတယ်” ဟု။ 

အဖြူရောင်ငါးဦးအဖွဲ့သည် ဗိသုကာဖီးလစ်ဂျွန်ဆင်ဦးဆောင်သည့် ဗိသုကာအဖွဲ့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ Gwathmey, Richard Meier, Peter Eisenman နှင့် Steven Hall တို့သည် (၂၀၀၂) တွင် WTC အဆောက်အအုံဒီဇိုင်းကိုလည်း ရေးဆွဲခဲ့ကြသေးသည်။ 

John Hejduk နှင့် Charles Gwathmey တို့ ကွယ်လွန်ခဲ့ပြီးနောက် Micheal Graves က သံဝေဂရစွာ ပြောကြားသည်မှာ“ကျွန်တော်တို့ နယူးယောက်ငါးဦးက တဖြည်းဖြည်း လျော့လာပြီ၊ ဖြစ်လာမှာပဲလေ၊ ကျွန်တော်တို့တွေလည်း အိုမင်းလာသလောက် ကျွန်တော်တို့ အဖွဲ့ကလည်း သေးငယ်လာရပြီပေါ့” “ကျွန်တော်တို့တွေဟာ ကြီးမြတ်တဲ့ အဖွဲ့ဖြစ်ခဲ့ပါတယ်၊ အခုလည်း ကြီးမြတ်နေဆဲပါပဲလေ”

ရေးသားသူ။ ။ဗိသုကာ နှစ်

Sunday, 1 April 2012

Phillip Johnson

နှစ်ဆယ်ရာစု ဗိသုကာပညာရပ်အကြောင်းကို ပြောမည်ဆိုလျှင် ဖီးလစ်ဂျွန်ဆင်၏ အကြောင်းမပါလျှင် မပြည့်စုံ နိုင်ပေ။

 ထူထဲသောမျက်မှန်ကိုင်း အနက်ရောင်ကြီးနှင့် သူ၏ပုံရိပ်မှာ အမေရိကန် ဗိသုကာလောက၏ ထင်ရှားသော အမှတ်အသားအဖြစ် ဆယ်စုနှစ် အတော်ကြာတည်ရှိခဲ့သည်။ သူ၏ သက်တမ်း တစ်လျှောက်တွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ ထင်ရှားသော အဆောက်အအုံများစွာကို ဒီဇိုင်းထုတ်ခဲ့ပြီး အင်တာနေရှင်နယ်စတိုင်လ်၊ ပို့စ်မော်ဒန်နစ်ဆင် နှင့် ဒီကော်စထရပ်တီဗီဆင် စသော အယူအဆများ အမေရိကန် ဗိသုကာနယ်ပယ်၌ ဖြစ်ပေါ် လာစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

 ဖီးလစ်ဂျွန်ဆင် ကို (၁၉၀၆) ခုနှစ်တွင် အိုဟိုင်းယိုးပြည်နယ်၊ ကလစ် လန်း ၌ မွေးဖွားခဲ့သည်၊ ဟားဗတ်တက္ကသိုလ်၌ သမိုင်း နှင့် အတွေး အခေါ် ဘာသာရပ်များကို လေ့လာခဲ့ပြီး သူ၏ ကျောင်းသားဘ၀ တစ်လျှောက် ဥရောပကို အကြိမ်ကြိမ် ခရီးထွက်ခဲ့သည်၊ ထိုခရီးစဉ်များတွင် ပါသီနွန် အပါအ၀င် ရှေးဟောင်း အဆောက်အအုံများစွာ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ဗိသုကာပညာရပ်ကို တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့သည်။

(၁၉၂၈) ခုနှစ်တွင် ဂျွန်ဆင်သည် ဂျာမန်ဗိသုကာပညာရှင် မီးစ်ဗင်ဒါရိုးနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် မီးစ်သည် (၁၉၂၉) ဘာစီလိုနာပြပွဲအတွက် ဂျာမန်ပါဗီလီယန် ကို ဒီဇိုင်းထုတ်နေချိန်ဖြစ်သည်။ ယင်းတွေ့ဆုံမူသည် ဂျွန်ဆင်၏ ဘ၀ အတွက် များစွာအရေးပါခဲ့ပြီး သူ၏ဗိသုကာမျက်စိကို ဖွင့်ပေးခဲ့သည်။ (၁၉၃၀)ခုနှစ်တွင် ဗိသုကာ သမိုင်း ဘာသာ ရပ်ဖြင့် ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

ထိုနောက် နယူးယောက်မြို့ရှိ ခေတ်သစ်အနုပညာပြတိုက် တွင် ဗိသုကာ ဌာနကို ဖွင့်လှစ်ကာ ထိုဌာန၏ ပထမဦးဆုံး ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။(၁၉၃၂) ခုနှစ်၌ ဂျွန်ဆင်သည် သူ၏ မိတ်ဆွေနှစ်ဦးနှင့်အတူ “The International Style: Architecture since 1922” ဟူသောအမည်ဖြင့် ပြပွဲတစ်ခုကို ခင်းကျင်းပြသခဲ့သည်၊ ထိုပြပွဲတွင် မီးစ်ဗင်ဒါရိုး၊ လီကော်ဗူးဆေး၊ ဝေါ်တာဂရိုးပီးယတ်စ် စသော ဥရောပ ဗိသုကာ အကျော်အမော်တို့၏ လက်ရာများပါဝင်ခဲ့ပြီး အမေရိကန်လူထုကို မော်ဒန်ဗိသုကာလက်ရာ နှင့်စတင်မိတ်ဆက်ပေးခဲ့သည်။ 

(၁၉၄၀) ခုနှစ်တွင် ဂျွန်ဆင်သည် ဟားဗတ်သို့ နောက်တစ်ကြိမ် ပြန်သွားကာ မာဆယ်ဗရူးဝါး၏ လက်အောက်တွင် ဗိသုကာပညာရပ်ကို ဆည်းပူးခဲ့သည်၊ (၁၉၄၃) တွင် ဗိသုကာဘွဲ့ရရှိခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ခ်ျမြို့ တွင် (၁၉၄၆) ခုနှစ်အထိ ဗိသုကာအဖြင့် အသက်မွေးခဲ့သည်။ ထိုနောက် နယူးယောက်မြို့သို့ ပြန်လာပြီး Moma တွင် ဗိသုကာဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။

ဂျွန်ဆင်၏ ပထမဦးဆုံးနှင့် အကျော်ကြားဆုံးလက်ရာမှာ ကော်နယ်တီကပ်ပြည်နယ်၊ နယူးကင်နန်ရှိ သူ၏ကိုယ်ပိုင်အိမ် မှန်အိမ် (Glass House) ဖြစ်သည်၊ အိမ်၏လေးဘက်လေးရံကို မှန်ချပ်များဖြင့် ကာရံထားပြီး အခင်းကို အုတ်နီခဲ ခင်းကာ မြေပြင်မှ ဆယ်ပေခန့် မြှင့်ထားသည်။ အတွင်းခန်းကို ဗိရိုပုလေးများဖြင့် ပိုင်းခြားထားသည်၊ အုန်နံရံများဖြင့် ကာရံထားသော ရေချိုးခန်းသည် တစ်အိမ်လုံးတွင် ကြမ်းပြင်မှ မျက်နှာကျက်အထိရောက်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

မီးစ်ဗင်ဒါရိုး၏ ဖရန့်ဝေါ့ဟောက်စ်ကို အခြေခံထားသည့် ထိုမှန်အိမ်လေးသည် နှစ်ဆယ်ရာစု မော်ဒန်ဗိသုကာလောက၏ အကျော်ကြားဆုံးလက်ရာများတွင် တစ်ခုအပါအ၀င်ဖြစ်သည်၊ ဂျွန်ဆင်၏ ထင်ရှားသော နောက်ထပ်လက်ရာတစ်ခုသည် သုံးဆယ့် ကိုးထပ်အမြင့်ရှိသည့် ဆီးဂရန် အဆောက်အအုံ ဖြစ်သည်၊ ထိုအဆောက်အအုံကို မီးစ်ဗင်ဒါရိုးနှင့်အတူတဲ့၍ ဒီဇိုင်းထုတ်ခဲ့သည်၊ အဆောက်အအုံ၏ အချိုးအစားကျနမူ၊ အသုံးပြုသည့် တည်ဆောက်ရေးပစ္စည်း၏ လှပ ခမ်းနားမူတို့ကြောင့် နယူးယောက် တိုင်းစ် သတင်းစာမှာ နှစ်ဆယ်ရာစု၏ အရေးပါဆုံး အဆောက်အအုံအဖြစ် မှတ်ချက်ပေးခဲ့သည်။

ထိုအဆောက်အအုံ ဆောက်လုပ် ပြီးစီး သွား သည် နှင့်အတူ ဂျွန်ဆင်၏ ဗိသုကာပညာရှင်ဘ၀တွင် အပြောင်းအလဲအဖြစ် အရွယ်အစား ကြီးမားသော ပရော့ဂျက်ကြီးများကို လုပ်ကိုင် လာခဲ့ရတော့သည်။


Seagram Building


PPG Place

ဂျွန်ဆင်၏ အစောပိုင်းလက်ရာများတွင် မီးစ်၏ လွှမ်းမိုးမူများရှိခဲ့သော်လည်း နောက်ပိုင်းတွင် အင်တာနေရှင်နယ် စတိုင်လ် ကို ငြီးငွေ့လာဟန်ရှိသည်၊ crystalline structure များ၊ အရောင်ပြန်သည့်မှန်ချပ်များကို အသုံးပြုကာ ဒီဇိုင်းပြုလုပ်လာသည်။ ပစ်(ခ်)ဘတ်မြို့ရှိ PPG Place နှင့် ကယ်လီဖိုးနီးယားပြည်နယ် Garden Grave ရှိ Crystal Cathedral တို့မှာထင်ရှားသည့် လက်ရာများဖြစ်သည်။

Crystal Cathedral




(၁၉၆၇) ခုနှစ်မှစ၍ ဂျွန်ဘားဂီး နှင့်အတူတွဲကာ IDS Tower အပါအ၀င် Office Tower အများအပြားကို ဒီဇိုင်း ထုတ် ခဲ့သည်။


AT & T Building

 
(၁၉၈၄) ခုနှစ်တွင် ဂျွန်ဆင်နှင့်ဘားဂီးတို့သည် AT & T Building ကို ဒီဇိုင်းထုတ်ခွင့်ရခဲ့သည်၊ အဆောက်အအုံတွင် အသုံးပြုထားသည့် Stone Cladding များနှင့် အဆောက်အအုံ၏ ထိပ်ပိုင်းပုံသဏ္ဍာန် (Broken-pediment top) တို့ကြောင့် ဆောက်လုပ်ပြီးပြီးချင်းမှာပင် ဝေဖန်အငြင်းပွားစရာဖြစ်ခဲ့သည်။ အသုံးပြုသည့် ပစ္စည်းများသည် အဆောက်အအုံ၏ အသုံးပြုပုံ၊ စတွက်ချာ ဖွဲ့စည်းပုံတို့နှင့် မလိုက်ဖက်ပဲ အလှအပအတွက် သက်သက်သာဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်၊ ဝေဖန်သူတစ်ချို့ကမူ ထိုအဆောက်အအု့ကို ပထမဦးဆုံး ပို့စ်မော်ဒန်နစ်ဆင် အဆောက်အအုံအဖြင့် ရူမြင်ကြသည်။ ထိုခေတ်၏ ဗိသုကာအတွေးအခေါ်ကို ပြောင်းလဲစေခဲ့သော အဆောက်အအုံလည်းဖြစ်သည်။ 

ဂျွန်ဆင်သည် (၁၉၇၈) တွင် အေအိုင်အေ၏ ရွှေတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး (၁၉၇၉) ခုနှစ်တွင် ပရစ်စကာဆုကို ပထမဦးဆုံးရရှိခဲ့သူလည်းဖြစ်သည်။ 

ဖီးလစ်ဂျွန်ဆင်သည် (၂၀၀၅) ခုနှစ် ဇန်န၀ါရီလတွင် သူ၏ကျော်ကြားသော မှန်အိမ်၌ပင် ကွယ်လွန်ခဲ့သည်၊ ကွယ်လွန်ချိန်တွင် သူ၏အသက်သည် (၉၈) နှစ်ရှိခဲ့ပြီဖြစ်ပါသည်။ 

ရေးသားသူ။ ။ ဗိသုကာ သုံး

I.M.Pei


I.M.Pei သည် အဆောက်အအုံနှင့် သဘာဝ ပတ်ဝန်းကျင်တို့၏ ပေါင်းစပ် ဖွဲ့စည်းမူကို နှစ်သက်သူဖြစ်သည်။ အထူးသဖြင့် Light and Shadow တို့၏ ရောယှက်ဖြစ်တည်မူကို နှစ်သက်၏။ ထို့ပြင် ကျဉ်းမြောင်းသည့် ဗိသုကာပညာရပ်ဆိုင်ရာ အယူအဆ ပြဿနာများဖြင့် သူ့ကိုယ်သူ ကန့်သတ်ရန် ငြင်းဆန်ခဲ့သူဖြစ်သည်။
 

I.M.Pei ဟု လူသိများသည့် Ieoh Ming Pei ကို (၁၉၁၇) ခုနှစ်တွင် တရုတ်နိုင်ငံ ကန်တုံမြို့တွင် မွေးဖွားခဲ့သည်။ သူ၏ ဖခင်မှာ ထင်ရှားသည့် ဘဏ်လုပ်ငန်းရှင် တဦးဖြစ်သည်။ အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်၊ (၁၉၃၅) ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး ဗိသုကာပညာရပ် ကို လေ့လာခဲ့သည်။(၁၉၄၀) ခုနှစ်တွင် MIT မှ ဗိသုကာဘွဲ့ကို ရရှိခဲ့သည်။ 

ထို့နောက် ဒုတိယကမ္ဘာစစ်ကြောင့် တရုတ်နိုင်ငံသို့ မပြန်ဖြစ်သေးပဲ (၁၉၄၂) ခုနှစ်တွင် “ Harvard Graduate School of Design” သို့တက်ရောက်ပြီး ဗိသုကာ ဝေါ်လ် တာ ဂရိုးပီးယတ်စ် (Walter Gropius) ၏ လက်အောက်တွင် ဆက်လက်လေ့လာခဲ့သည်။ (၁၉၄၆) ခုနှစ်တွင် မဟာဗိသုကာဘွဲ့ကို ရရှိခဲ့ပြီး သူ၏ စာတမ်း ဒီဇိုင်းပရော့ဂျက် နှင့်ပတ်သက်၍ ဂရိုးပီးယတ်စ် က “ကျွန်ုပ်တွေ့ဘူးသမျှ ကျောင်းသာလက်ရာတွေထဲမှာ အကောင်းဆုံးပဲ” ဟု ချီးကျူးပြောကြားခဲ့သည်။ 

(၁၉၄၈) ခုနှစ်တွင် Webb & Knapp ကုမ္မဏီတွင် ဗိသုကာဆိုင်ရာဒါရိုက်တာ အဖြစ် တာဝန်ယူခဲ့သည်။Pei သည် (၁၉၅၄) ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့ပြီး (၁၉၅၅)တွင် I.M.Pei & Associate ကို တည်ထောင်ခဲ့သည်။ သူ၏ အစောပိုင်းလက်ရာများတွင် မီးစ်ဗင်ဒါရိုး ၏ လွှမ်းမိုးမူများရှိခဲ့သော်လည်း ကော်လိုရာဒို ပြည်နယ်ရှိ “ National Centre for Atmosphere Research” အဆောက်အဦးမှစ၍ သူ၏ ကိုယ်ပိုင်ဟန် ပေါ်ထွက်လာခဲ့သည်။

Pei ၏ဘ၀ တလျှောက် ပြတိုက် (Museum) အဆောက်အအုံများစွာကို ဒီဇိုင်းထုတ်ခဲ့ပြီး ယင်းတို့အနက် ၀ါ ရှင်တန် ဒီစီ မြို့တော်ရှိ National Gallery of Art ၏ အရှေ့ဘက်ခြမ်း အဆောက်အအုံ (East Wing) မှာ အထင်ရှားဆုံး ဖြစ်သည်။ ထိုအဆောက်အအုံ၏ ဖွဲ့စည်းပုံတွင် တြိဂံပုံအပိုင်း နှစ်ပိုင်းပါဝင်ပြီး ပထမတပိုင်းတွင် Gallery များပါဝင် သည်။ နောက်တပိုင်းတွင် အုပ်ချုပ်ရေးနှင့် သုတေသနဌာနများ ပါဝင်သည်။ ထိုတြိဂံပုံအပိုင်းနှစ်ခု၏ အလယ်တွင် skylight ရရှိသည့် အလယ်ဟင်းလင်း (courtyard) တည်ရှိပြီး တိုင်မပါသည့် လျှောက်လမ်းများဖြင့် တံတားသဖွယ် ဆက်သွယ်ထားသည်။ ထိုအဆောက်အအုံ၏ လှပခမ်းနားမူကြောင့် ဗိသုကာဝေဖန်ရေးဆရာမ Ada Louise Huxtable က “Pei ဟာ အမေရိကားရဲ့အတော်ဆုံး ဗိသုကာပညာရှင်ပါပဲ” ဟုပြောခဲ့ဖူးသည်။

National Gallery of Art


National Gallery of Art

 
Pei ၏ တခြားသော ခေတ်ပြိုင် ဗိသုကာများနှင့် ကွာခြားချက်မှာ ဗိသုကာဆိုင်ရာပတ်ဝန်းကျင်ကို အလေးထားခြင်း ဖြစ်သည်၊ ဥပမာ East Wing အဆောက်အအုံ၏ အရောင်နှင့်အမြင့်မှာ လက်ရှိပင်မအဆောက်အအုံ အဟောင်းနှင့် ကွာခြားမူမရှိလှပေ။ ဖီလဒဲဖီးယားပြည်နယ်တွင် (၁၉၅၀) ခုနှစ်က တည်ဆောက်ခဲ့သည့် လူနေတိုက်ခန်း အဆောက် အအုံတွင် ထိုဒေသထွက် အုတ်အမျိုးစားကိုသာ အသုံးပြုထားသည်။ 

ထို့ပြင် ဘေဂျင်းမြို့တွင် (၁၉၈၃)ခုနှစ်က တည်ဆောက်ခဲ့သည့် Fragrant Hill hotel နှင့် ထိုင်ဝမ်တွင် (၁၉၆၄) ခုနှစ်က တည်ဆောက်ခဲ့သည့် Luce Chapel အဆောက်အအုံတို့တွင် အရှေ့တိုင်းဗိသုကာပညာ၏ Form နှင့် Detail များကို အသုံးပြုထားပေသည်။

 (၁၉၈၀) ၀န်းကျင်ခုနှစ်များတွင် Pei သည် “Curtain Glass Construction” ဖြင့် အထူးနာမည်ကျော်ကြားခဲ့သည်၊ ထိုအချက်ကို ပဲရစ်မြို့ရှိ လုဝ်ပြတိုက် (Louvre Museum) က ထပ်မံသက်သေပြခဲ့သည်၊ (၁၉၈၇) ခုနှစ်တွင် လုဝ်ပြတိုက်ကို ပြင်ဆင်တိုးချဲ့မူအတွက် ဒီဇိုင်းပြုလုပ်ခွင့်ကို ရရှိခဲ့သည်။ ပြတိုက်၏ အဓိကအ၀င်ဝ အသစ်အဖြင့် ကြီးမားသည့် ပိရမစ်ပုံ မှန်အဆောက်အုံတခုကို Pei က ဒီဇိုင်းရေးဆွဲခဲ့သည်၊ ထိုပိရမစ်သည် ပင်မဆောင် သုံးခုရှိ ပြခန်းများကို သွားရောက်ရန် အဓိက လမ်းကြောင်းအဖြစ် ဆက်သွယ်ပေးထားပြီး Courtyard အောက်ရှိ ကြီးမားသည့် နေရာ (space) ကို သဘာဝအလင်းရောင် ရရှိစေသည်။

Lourve


I.M.Pei ၏ အခြားထင်ရှားသည့် လက်ရာများတွင် ဟောင်ကောင်ရှိ “The Bank of China”၊ ကလယ်ဗာလန်းရှိ “Rock and Roll Hall of Fame Museum၊ ဘော်စတွန်အနီးရှိ “John Fitggerald Kennedy Library”၊ တရုတ်နိုင်ငံရှိ “Frangrant Hill Hotel နှင့် Suzhou Museum”၊ ဂျပန်နိုင်ငံရှိ “Miho Museum” နှင့် ကာတာရှိ “Museum of Islamich art” တို့ပါဝင်သည်။


Bank of China


Rock and Roll Hall of Fame Museum

I.M.Pei သည် ဗိသုကာပညာရပ်ဆိုင်ရာ ဆုတံဆိပ်များစွာကို ချီးမြှင့်ခြင်းခံရပြီး (၁၉၇၉) ခုနှစ်တွင် အေအိုင်အေ၏ ရွှေတံဆိပ် (Gold Medal)၊ (၁၉၈၁) ခုနှစ်တွင် French Academie d’Architecture ၏ Gold Medal နှင့် (၁၉၈၃) ခုနှစ်တွင် ပရစ်စကာဆုတို့ကို ရရှိခဲ့သည်။

 I.M.Pei သည် (၁၉၉၀) ခုနှစ်တွင် သူ၏အလုပ်မှ အနားယူခဲ့သည်။ အားလပ်ချိန်များတွင် ပန်းဥယျာဉ် စိုက်ပျိုးခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။ I.M.Pei တွင် သားသမီးလေးယောက် ရှိသည့်အနက် သားနှစ်ယောက်မှာ ဗိသုကာပညာရှင် အဖြစ် သူ၏လုပ်ငန်းကို ဆက်လက် ဦးဆောင်လုပ်ကိုင်လျှက်ရှိပါသည်။

ရေးသားသူ။ ။ ဗိသုကာ သုံး