Showing posts with label Architecture essay. Show all posts
Showing posts with label Architecture essay. Show all posts

Saturday, 7 April 2012

2010 Mexican Pavilion, Shanghai

2010 Mexican Pavilion, Shanghai
အဆောက်အအုံဒီဇိုင်းတခုဟာ လိပ်ပြာလေးတစ်ကောင် ပျံသန်းလာရာကနေ ဖြစ်နိုင်တယ်၊ ဟိုး ရှေးရှေးခေတ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ အဆောက်အအုံတွေရဲ့ အုတ်အပိုင်းအစတွေ ပျံသန်းလာရာကနေ ဖြစ်နိုင်တယ်၊ စိန်းလန်းသော မြေခင်းအလှအပကို ဖွဲ့စည်းပေးနိုင်တဲ့ မြက်ပင်တွေ ပျံသန်းလာရာကနေလည်း ဖြစ်နိုင်ပါတယ်၊ လိပ်ပြာ၊ မြက်ခင်းပြင်နဲ့ အုတ်အပိုင်းအစတွေကို ပျံသန်းစေတဲ့ လူတစ်ယောက် သို့မဟုတ် ဖန်တီးရှင် ဗိသုကာတွေရဲ့ နုလုံးသားကနေ စီးဆင်းလာတဲ့ အတွေးတစ်ချက်ဟာ လှပသော အဆောက်အအုံတစ်လုံးကို ဖြစ်ပေါ်လာစေနိုင်ပါတယ်၊ 

Papalotes ဆိုတဲ့ မက်ဆီကန် (Nahuatl လူမျိုး) တွေရဲ့ ဝေါဟာရက လိပ်ပြာ (butterfly) လို့ အဓိပ္ပါယ်ရတဲ့အပြင် စွန် (Kite) ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါသတဲ့၊ နေသာတတ်တဲ့ နွေနေ့ရက်တွေတိုင်း ကောင်းကင်ထက်မှာ စွန်တွေကို ပျံဝဲစေတာ ကမ္ဘာတစ်ဝှန်းလုံးရဲ့ ကလေးတွေရဲ့ အကြိုက်ဆုံး ပျော်စရာ ကစားနည်းပါ၊ စွန်လွတ်တတ်တဲ့ အရွယ် မဟုတ်တောင် စွန်လွှတ်ဖူးတဲ့ ငယ်ငယ်တုန်းက ကလေးလေး ဘ၀ကို ပြန်ပြီး အမှတ်ရ နေတတ်ကြမှာပါ၊ 

စွန် ဆိုတဲ့ ပုံရိပ်ကို ထင်ဟပ်ပေးနိုင်မယ့် အဆောက်အအုံဒီဇိုင်းတစ်ခု (Pavilion တစ်ခု) ကို World Expo 2010, Shanghai မှာ တွေ့နိုင်ပါတယ်၊ အဆောက်အအုံဆိုပေမယ့် ကြည့်လိုက်ရင် မြေကြီးပေါ်မှာ ထီးထီးပေါ်နေမယ့် အဆောက်အအုံမရှိပါဘူး၊ စတုရန်းမီတာ (၄၀၀၀) ကို ဖြန့်ခင်းထားတဲ့ မြက်ခင်းပြင်ပေါ်မှာ ပျံသန်းနေမယ့် ရာပေါင်းများစွာသော အရောင်စုံတဲ့ စွန်တွေကိုပဲ တွေ့ရမှာပါ၊

Pavilion ကို လာတဲ့ ဧည့်သည်တွေဟာ အမိုးလို အရိပ်ပေးနိုင်မယ့် စွန်တွေရဲ့အောက်မှာ စာဖတ်တာမျိုး ပစ်ကနစ် ခင်းကျင်းတာမျိုးအပြင် သက်တောင့်သက်သာ အနားယူ နိုင်ကြမှာပါ၊ ဧည့်သည်တွေဟာ ရိုးရာ စွန်တွေကို ၀ယ်ယူ လွှတ်ပေးနိုင်တော့ ကလေးဘ၀ အောက်မေ့ဖွယ်တွေကို ပြန်တမ်းတနိုင်တာပေါ့၊ အဲဒီမှာ စွန်လုပ်ပုံလုပ်နည်းလေးတွေကိုတောင် တခါတည်း လေ့လာ ပြုလုပ်ပေးနိုင်တယ်၊

အဲဒီ စွန်တောကြီးဟာ မက်ဆီကိုနိုင်ငံကို ကိုယ်စားပြုတဲ့ Pavilion ပါ၊ ကုန်းမြေလျှောလေးပေါ်မှာ (၁၃၅) ခုသော စွန်တွေက ပျံသန်းနေတယ်၊ လျှပ်တပြက် ကြည့်လိုက်ရင် လူ (၁၃၅) ယောက်က စွန်တွေကို တပြိုင်တည်း လွှတ်တင်နေတာလိုလိုမျိုးပါ၊ ပတ်ဝန်းကျင်ကို အန္တရယ်မပြုတဲ့ ပလတ်စတစ်ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ စွန်တွေဟာ အနီရောင်၊ ပန်းရောင်၊ အစိမ်းရောင်၊ အ၀ါရောင် ပြီးတော့ အပြာရောင်တွေနဲ့ ဒီ Pavilion ကို အရောင်စုံတောက်ပနေစေတယ်၊  

အဆောက်အအုံတွေမှာ သဘာဝအရောင်တွေကို အသုံးပြုတတ်ကြတာ မက်ဆီကန်လူမျိုးတွေရဲ့ အစဉ်အလာတစ်ခုလည်း ဖြစ်ပါတယ်၊ စွန်တွေဟာ ပျံသန်းခြင်းကို ကိုယ်စားပြုတဲ့အပြင် မက်ဆီကိုနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမူတွေကို ပေါင်းစည်းပေးနိုင်တဲ့ အင်အားတစ်ရပ်၊ စွန်ဆိုတာ တရုတ်နိုင်ငံရဲ့ မူလအစဖြစ်ပြီး မက်ဆီကိုနိုင်ငံမှာ ခေတ်စားတဲ့ ယဉ်ကျေးမူတစ်ရပ်တဲ့၊ 

ဒီ ၂၀၁၀ အိတ်စ်ပိုရဲ့ Theme ကိုက Better City, Better Life မဟုတ်လား၊ ဒီ မက်ဆီကန် Pavilion ရဲ့ Theme က လည်း “Living Better” တဲ့၊ ပတ်ဝန်းကျင် အနာဂါတ်မှာ တည်ဆောက်မယ့် အဆောက်အအုံတွေကို ထင်ဟပ်ပြနိုင်တဲ့ ဒီဇိုင်းပါလို့ ဒီ Pavilion ရဲ့ ဗိသုကာ Edgar Ramirez က ပြောပါတယ်၊ မြင်ခင်းပြင် ရင်ပြင်ကျယ်ကြီးဟာ ဒီ Pavilion ရဲ့ အနှစ်ပါ၊ ဒီ Pavilion မှာ ရင်ပြင်ကျယ်ကြီးပဲ ရှိတာ မဟုတ်ပါဘူး၊ ရင်ပြင်ကြီးအောက်မှာ မက်ဆီကိုနိုင်ငံကို ကိုယ်စားပြုမယ့် ပြကွက်တွေကို ခင်းကျင်းပြနိုင်တဲ့ ပြခန်းတွေပါတဲ့ နှစ်ထပ်အဆောက်အအုံ ရှိပါတယ်၊

မက်ဆီကိုနိုင်ငံရဲ့ ယဉ်ကျေးမူတွေ၊ မြေခင်းအလှအပတွေ၊ လက်ရှိ မက်ဆီကိုနိုင်ငံရဲ့ မြို့တော်ကြီးတွေ၊ ရှေးခေတ် မေယာလူမျိုးတွေရဲ့ ထွန်းကားခဲ့တဲ့ မြို့ပြနိုင်ငံအကြောင်းတွေကို ပြသမယ့် ပြခန်းတွေပါ၊ မေယာယဉ်ကျေးမူ ရဲ့ အထွတ်အမြတ်ထားရာတွေကိုတောင် ပြသထားမှာပါ၊ အဓိက ပြခန်းမှာ မက်ဆီကိုနိုင်ငံရဲ့ ဖြစ်တည်ထွန်းကားလာပုံ အဆင့်ဆင့်ကို အစဉ်အတိုင်း ကြည့်ရူသွားနိုင်အောင် ပြသထားပါတယ်။ 

ရေးသားသူ။ ။ဗိသုကာ နှစ်

Tuesday, 3 April 2012

Shopping Facilities


ဗိသုကာကျောင်းသားတွေဟာ Shopping Design project ကို ပဉ္စမနှစ်မှာ ဒီဇိုင်းထုတ်ပြုလုပ်ခွင့်ရကြတယ်။ 

ကျွန်တော်တို့ ပဉ္စနှစ်မှာတော့ စာသင်ချိန်နည်းတဲ့အတွက် အဲဒီပရောဂျက် လုပ်ခွင့်မရခဲ့ဘူး၊ ကျွန်တော်တို့နဲ့ တနှစ်တည်း သူငယ်ချင်းတွေက ဆဌမနှစ် (နောက်ဆုံးနှစ်)အတွက် စာတမ်း (Thesis) တင်ဖို့ အဲဒီပရော့ဂျက်ကို ဒီဇိုင်းလုပ်ပြီးတင်ကြတော့ ဂျူရီမှာ ဆရာကြီးတွေ ၀ိုင်းဝန်း ဆွေးနွေးပေးတာကို ကြားနာခဲ့ရတာတော့ ရှိခဲ့တယ်။ 

ဆရာမကြီး ဒေါ်မင်းသက်မွန် ဌာနမူး ဖြစ်စဉ်တုန်းကပေါ့၊ အပြင်မှာ လက်တွေ့အောင်မြင်နေတဲ့ ဗိသုကာကြီးတွေနဲ့ ဆရာဟောင်းတွေကို စုစည်းဖိတ်ကြားပြီး ဌာနမှာ စာလာသင်စေခဲ့တယ်၊  

အဲဒီထဲမှာ ကမ္ဘာကျော် ဖက်ရှင်ကုမ္မဏီကြီးတခုရဲ့ အကြံပေးဗိသုကာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာဦးမော်လင်းက Shopping facility နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ Shopping facility နဲ့ ပတ်သက်ပြီး ဆက်လေ့လာဖြစ်တယ်၊ ကျွန်တော်နားလည်ထားသလောက် ပြောပြရမယ် ဆိုရင်တော့……………….။ 

ဗိသုကာတွေအတွက် shopping design ဟာ Memorial and Symbolic architecture နဲ့ Residential architecture ပြီးရင် အခက်ခဲဆုံး အဆောက်အအုံအမျိုးအစားပဲ။ ကြိုတင်ရည်ရွယ်ထားတဲ့ လူတန်းစားတရပ်အတွက် ရည်ရွယ်ထားတဲ့ တိကျတဲ့ ပစ္စည်းအမျိုးအစားပဲ ရောင်းမယ်ဆိုတဲ့ သီးသန့်ဆိုင်အတွက် ပြနာအရမ်းမရှိပေမယ့် ဆိုင်ပေါင်းများစွာ၊ အမျိုးအစားပေါင်းများစွာ ပါဝင်ဖို့လိုတဲ့ shopping ကို ဒီဇိုင်းတွေဟာ အင်မတန် ရူပ်ထွေးခက်ခဲလှတယ်။ 

ကြိုတင်တွက်ချက်ထားလို့မရတဲ့ လူဦးရေ၊ အမျိုးအစား၊ အတန်းအလွှာတွေဟာ ကြိုတင်တွက်ထားလို့မရတဲ့ အချိန်ကာလအပိုင်းအခြားတွေမှာ၊ ကြိုတင်တွက်မထားနိုင်တဲ့ ပစ္စည်းအမျိုးအစား၊ အရေအတွက်တွေကို လာဝယ်နိုင်တယ်။ ကြိုတင်ပြင်ဆင်ထားတာထက်ပိုတဲ့ ၀န်ဆောင်မူတွေကို ပေးရတတ်သလို ကြိုတင်တွက်မထားနိုင်တဲ့ ဈေးဝယ်သူတွေရဲ့ ပြသနာတွေကို ဖြေရှင်းပေးရတတ်တယ်။

ရာသီ၊ အချိန်ကာလ၊ စီးပွားရေးအခြေအနေ စသည်ဖြင့်အကြောင်းများစွာကို အခြေခံပြီး ဆိုင်ရဲ့ အပြင်အဆင် အခင်းအကျင်းပုံစံ အားလုံးကို လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ပြောင်းလဲနေရတယ်။ ပြီးတော့ လူအများနဲ့ ကုန်ပစ္စည်းမျိုးစုံ၊ အချိန်ပြည့်ဝင်ထွက်နေတဲ့အတွက် သူတို့ရဲ့ လုံခြုံရေးကိုလည်း အချိန်ပြည့်လုပ်ဆောင်နေရတယ်။ 

အဲဒီလို ဈေးဝယ်သူ၊ ဈေးရောင်းသူ၊ ရောင်းကုန်ပစ္စည်း၊ စီမံခန့်ခွဲသူတွေအားလုံးအတွက် အဆင်ပြေပြီး ရောင်းဝယ်လုပ်ငန်း အဆင်ပြေ လည်ပတ်နိုင်တဲ့ ပုံစံဒီဇိုင်းတခုဖြစ်ဖို့ဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒီဇိုင်းထုတ်ခြင်းအခြေခံShopping ဆိုတာ ဈေးရောင်းတဲ့နေရာတခု၊ Shopping ကို ဒီဇိုင်းလုပ်တယ်ဆိုတာ ဈေးရောင်းကောင်းစေတဲ့ အဆောက်အအုံတခုကို ဒီဇိုင်းလုပ်ရတာပေါ့၊ ကိုယ့်ရဲ့ဒီဇိုင်းနဲ့ ဈေးပိုရောင်းကောင်းအောင် လုပ်ဖို့ဟာ shopping designer ရဲ့ တာဝန်ပေါ့။

အဲဒီလို ဗိသုကာဒီဇိုင်းနဲ့ ဈေးပိုရောင်းရအောင် လုပ်တယ်ဆိုတာ တင်စားပြောတာပါ၊ ဟိုအရင်တုန်းက ဈေးဆိုင်ထဲဝင်လာတဲ့ သူတွေကို ဆိုင်ထဲမှာ မဖြစ်မနေ လှည့်ပတ်ကြည့်ရအောင် လျှောက်လမ်းတွေကို loop လုပ်ထားပြီး အချိန်ဆွဲပြီး ဈေးဝယ်ဖြစ်အောင်လုပ်တယ်၊ ဒါပေမယ့် အဲဒါဟာ ဆိုင်ထဲဝင်လာသူတွေကိုသာ ၀ယ်ဖြစ်အောင် လုပ်နိုင်တယ်လေ၊ နောက်ပိုင်းကျတော့ ဆိုင်အပြင်မှာ ဖြတ်သွားဖြတ်လာ လူတွေကို ဆိုင်ထဲဝင်လာအောင် ဆွဲဆောင်နိုင်ဖို့ ဆိုင်ရဲ့ အပြင်မျက်နှာစာဒီဇိုင်းအတွက် စဉ်းစားလာကြတယ်။ ဆိုင်ရဲ့ဝင်ပေါက်တွေကိုလည်း ဆိုင်ရှေ့က လမ်းသွားလမ်းလာတွေ အလွယ်တကူဝင်လို့ရအောင်၊ ၀င်ချင်အောင်၊ ၀င်ဖြစ်အောင် ပုံစံလုပ်လာကြတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဆိုင်ထဲဝင်လာသူတွေကို ဈေးဝယ်ဖြစ်အောင် ဆိုင်အပြင်နားကလူတွေ ဆိုင်ထဲဝင်လာဖြစ်အောင် လုပ်ရုံမကဘဲ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေကိုပါ ဆွဲဆောင်နိုင်ဖို့ ကြိုးစားလာကြတယ်။  

အဲဒီအတွက် ဆိုင်ထဲမှာ ပစ္စည်းဝယ်ဖို့အပြင် စိတ်ကျေနပ် နှစ်သိမ့်မူပေးနိုင်မယ့် အခြား facility တွေပါ ထည့်သွင်းလာကြတယ်၊ လက်ရှိမှာတော့ ဈေးဝယ်သူ တဦးတည်းမဟုတ်ပဲ တမိသားစုလုံး လှည့်ပတ်ဈေးလည်နိုင်အောင် စီစဉ်လာကြတယ်။ 

အခြေခံ ယေဘူယျအားဖြင့် Shopping ရဲ့ဒီဇိုင်းကို အပြင်မျက်နှာစာ Expression နဲ့ အတွင်းပိုင်း Interior Layout လို့ နှစ်ပိုင်းခွဲနိုင်တယ်၊ အပြင်မျက်နှာစာဟာ ပတ်ဝန်းကျင်က လူတွေကို ဆွဲဆောင်ဖို့အတွက် အဓိကစဉ်းစားကြတယ်၊ အဲဒီလို စဉ်းစားရာမှာ ဈေးဝယ်မယ့်သူအမျိုးအစား၊ အဆင့်အတန်း၊ ဆိုင်တည်နေရာနဲ့ ပတ်ဝန်းကျင်အခြေအနေ၊ အနီးအနားမှာရှိတဲ့ ဆိုင်တွေရဲ့ အကွာအဝေး၊ အရေအတွက်နဲ့ ကိုယ်ရောင်းမယ့် ပစ္စည်းအမျိုးအစား ပမာဏပေါ် မူတည် အခြေခံပြီး ပုံစံထုတ်ကြတယ်။

ဥပမာ ဈေးဝယ်မယ့်သူက အရမ်းချမ်းသာတဲ့၊ ပညာအရမ်းတတ်တဲ့ ဒါမှမဟုတ် အရမ်းအဆင့်မြင့်တဲ့ (ဥပမာပေးရရင် အစိုးရပိုင်း၊ နိုင်ငံရေးပိုင်း) စသည်ဖြင့် အထက်လွှာ လူနည်းစုတွေအတွက်ပဲဆိုရင် ဆိုင်ရဲ့ သွင်ပြင်ကလည်း သူတို့လာချင်အောင် ခမ်းနားတဲ့၊ ကြီးကျယ်တဲ့၊ (ဒီဆိုင်ထဲကို လာရတာကိုပဲ ဂုဏ်ယူစရာကောင်းလောက်တဲ့) ဒီဇိုင်းမျိုးဖြစ်ရမယ်ပေါ့။  

အများအားဖြင့် အဲဒီလိုဖြစ်အောင် ဒီဇိုင်းထုတ်ရာမှာ အရမ်းအနုစိပ်တဲ့ လက်ရာတွေပါတဲ့ ရှေးဟန်နဲ့ အရမ်းခေတ်မှီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အီလက်ထရောနစ်စကရင်တွေနဲ့ စသည်ဖြင့် show window တွေနဲ့ ဒီဇိုင်း လုပ်ကြတယ်။ အားလုံးဟာ ကြီးမားတဲ့ ဒီဇိုင်းတွေများတယ်၊ အတွင်းက ဈေးဝယ်နေတဲ့ သူရဲ့ privacy ကို အဓိက ဦးစားပေးလို့ အလုံပိတ် ဖြစ်တာများတယ်။ လူအများစု ဈေးဝယ်သူကို ရည်ရွယ်ရင်တော့ လူအများစုဆိုင်ထဲကို အလွယ်တကူဝင်ဖြစ်အောင်၊ အကြိမ်ရေများများဝင်ဖြစ်အောင် ဆိုင်ရဲ့သွင်ပြင်ဟာ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့၊ သီးသန့်မဆန်တဲ့ပုံစံ ဖြစ်ရမယ်၊ အဲဒီလို ပုံစံမျိုးရဖို့အတွက် ဒီဇိုင်နာဟာ အတွင်းက active ဖြစ်နေတဲ့ ဈေးဝယ်တဲ့ လူပ်ရှားသွားလာ ရူပ်ထွေးနေတာတွေကို ပေါင်းကူးဆက်စပ်ပေးနိုင်ဖို့ စဉ်းစားခဲ့ကြတယ်၊

လေအေးပေးစက် အပြည့်တပ်ထားရလို့ အလုံဖြစ်နေပေမယ့် အချို့နေရာတွေမှာ မှန်ချပ်ကြီးတွေနဲ့ အတွင်းအပြင်ကို ဆက်စပ်ပေးတတ်ကြတယ်။ အတွင်းကပစ္စည်းတွေကို အပြင်မှာ show window တွေနဲ့ ချပြပြီးလည်း ဒီဇိုင်းလုပ်တတ်တယ်။ တခါတရံမှာ ကြီးကျယ်လှတဲ့ အဆောက်အအုံရဲ့ စကေးလ်ကို လျော့ချဖို့၊ pattern တွေ အများကြီးထည့်ပြီးလည်း လူတွေရဲ့ စိတ်မှာ သီးသန့်မဆန်အောင် လုပ်တတ်ကြတယ်။ လူတွေရဲ့ စကေးလ်နဲ့ အဆောက်အအုံမျက်နှာစာရဲ့ စကေးလ်ကို ကွာဟမူ မရှိအောင် လုပ်ယူရတာပေါ့။ 

ရှင်းလင်းတိကျတဲ့ design concept နဲ့ ရဲရင့်တဲ့ ဒီဇိုင်းနာအချို့ဟာ အတွင်းနဲ့အပြင်ကို ဆက်စပ်ပေးနိုင်ဖို့ ဆိုင်တခုလုံးကို ထွင်းဖောက်မြင်နိုင်တဲ့ မှန်အကြည်တွေနဲ့သာ ကာရန်ထားတဲ့ပုံစံမျိုးတွေလဲ လုပ်တတ်ကြတယ်။ အချို့ကတော့ အတွင်းဈေးရောင်းတဲ့ နေရာကို ကျယ်ကျယ်ပြန့်ပြန့် လိုချင်လို့ အခြား ၀န်ဆောင်မူတွေ အားလုံးဘေးကိုပို့ပြီး အပြင်က အဲဒီ ၀န်ဆောင်မူတွေကို မြင်နေရအောင်လည်း ပုံထုတ်တတ်ကြတယ်။ ဒါပေမယ့် မှန်အကြည်နဲ့ ဆိုင်တခုလုံးကာထားတာကတော့ မြန်မာပြည်လို ပူပြင်းတဲ့ဒေသမှာ လေအေးပေးစက်ဖိုးကုန်ကျတာ၊ ပြင်းထန်တဲ့ မိုးနဲ့လေကို ကာကွယ်ရတာ စတဲ့ နောက်ဆက်တွဲ ပြသနာဖြေရှင်းရတာတွေက ထည့်သွင်း စဉ်းစားရမယ့် အချက်တွေပေါ့။ သူများလုပ်လို့ ကိုယ်လိုက်လုပ်တာတော့ မဖြစ်သင့်ဘူးပေါ့။

အချို့နေ့စဉ်သုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းလို အများအပြားရောင်းတဲ့ ဆိုင်တွေမှာကြတော့ အဲဒီနေ့စဉ်သုံးပစ္စည်းရဲ့ အခြေအနေနဲ့ လိုက်ဖက်တဲ့ အသွင်အပြင်ရအောင် ဈေးပေါတယ်လို့ အမြင်ရအောင် အနုစိတ်လက်ရာမပါ၊ လက်ရာခပ်ကြမ်းကြမ်း၊ material, texture ခပ်ကြမ်းကြမ်း၊ pattern ခပ်ကျဲကျဲနဲ့ လူတွေနဲ့ ရင်းနှီးပြီးသား အဆောက်အအုံသုံးပစ္စည်း၊ ပုံစံခပ်တုံးတုံးမျိုးကို ဖန်တီးတတ်ကြတယ်။ ကြီးမားတဲ့ Shopping တခုကို ဒီဇိုင်းလုပ်ရာမှာ အခြား အဆောက်အအုံကြီးတွေကို ဒီဇိုင်းလုပ်သလိုပဲ သူတို့ရဲ့ တည်နေရာနဲ့ ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရတယ်၊ 

အဆောက်အအုံနဲ့ မြေကွက်၊ ပတ်ဝန်းကျင်အဆောက်အအုံတွေပေါ် မူတည်ပြီး ကိုယ့်ဆိုင်ရှေ့ကနေ ဆိုင်ကို ဘယ်လိုမြင်ရမလဲ၊ လမ်းပေါ်ကနေကြည့်ရင် ဘယ်လို၊ ဘယ်လောက်၊ ဘယ်အပိုင်းကို ဘယ်လောက်ထင်ရှားအောင် မြင်ရသလဲ၊ ဘယ်နေရာကကြည့်ရင် ဘယ်အပိုင်းကို မြင်ရသလဲ စတာတွေပေါ် မူတည်ပြီး ဘယ်အပိုင်းကို မြင်ရမယ့် ဘယ်နေရာက လူတွေကိုတော့ ဘယ်လိုဆွဲဆောင်နိုင်အောင် ဒီဇိုင်းလုပ်မလဲ။ အဝေးကလူဆိုရင် Form ၊ color၊ massive တွေနဲ့ ဆွဲဆောင်နိုင်လား၊ ခပ်လှမ်းလှမ်းက လူဆိုရင် အဆောက်အအုံရဲ့ ပြင်ပဒီဇိုင်း အသေးစိတ်တွေ (pattern, material, texture) တွေနဲ့ ဆွဲဆောင်မလား၊ အနီးကလူတွေကို အနုစိတ်လက်ရာတွေနဲ့ စွဲဆောင်မလား စသည်ဖြင့် ယေဘူယျဆွဲဆောင်နိုင်ပါတယ်။

ဒါပေမယ့် ကိုယ့်ရောင်းကုန်က ရှင်းလင်းတဲ့ ပုံစံနဲ့ လိုက်ဖက်တာဆိုရင် ရှင်းလင်းတဲ့ သွင်ပြင်လက္ခဏာကို ပုံစံလုပ်ရမှာပေါ့။Shopping အမျိုးအစား၊ ယေဘူယျအရွယ်အစားနဲ့ ရှိသင့်တဲ့နေရာတွေကို Time Saver Standard for Building Types, Metric Hand Book တွေကနေ ယူပြီးဖော်ပြလိုက်ပါတယ်။

အတွင်းအခင်းအကျင်းဒီဇိုင်းနဲ့ အခြား services structure စတာတွေကို ဆက်လက်တင်ပြဖို့ ရှိပါတယ်။

Shopping အမျိုးအစားများ ယေဘူယျအားဖြင့် လေးမျိုးခွဲနိုင်ပါတယ်။

1) Retail

2) Supermarket

3) Market/ Bazzar

4) Shopping Center

 ၁။ Retail shop တွေဟာ ဖက်ရှင်နဲ့ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းတွေကို အဓိကထားရောင်းတဲ့ ဆိုင်တွေဖြစ်တယ်။ ဆိုင်တွေမှာ ရောင်းတဲ့ ပစ္စည်း၊ ဆိုင်နေရာနဲ့ အရွယ်အစားပေါ်မူတည်ပြီး Convenient store, Specitality, Varity store & Departmental store ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်ကြတယ်။

Convenient store က အကြောင်းအရာတခုကြောင့် တနေရာကို ရောက်နေတဲ့အခါ အဲဒီနေရာနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေကို အလွယ်တကူ ၀ယ်ယူလို့ရတဲ့ ဆိုင်ခန်းငယ်လေးကို ခေါ်တာပါ၊ များသောအားဖြင့် ပစ္စည်းတွေ ခင်းကျင်းပြထားပြီး ကိုယ်ကြိုက်တဲ့ ပစ္စည်းရွေးပြီး ငွေရှင်းတဲ့နေရာမှာ သွားရောက်ငွေရှင်းရတဲ့ ဆိုင်ငယ်ပါ။ ဥပမာ ဓါတ်ဆီဆိုင်နားမှာရှိတဲ့ ကားနဲ့ပတ်သက်တဲ့ ပစ္စည်းရောင်းတဲ့ ဆိုင်လေးတွေပေါ့။ 

Specitality store ကတော့ တူညီတဲ့ ပစ္စည်းအမျိုးအစားကို ဆိုင်ခန်းတွေတွဲပြီး ရောင်းချလေ့ရှိပါတယ်၊ ဥပမာ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ပေါ့၊ ဟိုတယ်တွေ၊ ခရီးသွားတွေ သွားလာတတ်တဲ့ နေရာတွေမှာ အတွေ့ရများတယ်။Varity store ကတော့ အပေါ်ကဆိုင်တွေလိုအပြင် ဘဏ်ဝန်ဆောင်မူ၊ အစားအသောက်တန်း စသည်ဖြင့် မျိုးစုံပါဝင်တဲ့ အလယ်အလတ် shopping တွေကို ဆိုလိုတာပါ၊ Metric Hand Book ထဲမှာ စတုရန်းပေ ၁၀၀၀၀၀ နဲ့ ၁၅၀၀၀၀ ကြားမှာရှိတယ်လို့ပြောပါတယ်၊ များသောအားဖြင့် တစ်ထပ်၊ နှစ်ထပ်ထိရှိတတ်ပါတယ်။

အဲဒီဆိုင်တွေထက် ပိုကြီးပြီး ပိုစုံတဲ့ ပစ္စည်းရောင်းတဲ့ဆိုင်ကိုတော့ Departmental store လို့ခေါ်ကြတယ်၊ သူတို့မှာကားရပ်နားဖို့နေရာတွေ ပါဝင်တာကြောင့် အဓိကလမ်းမကြီးတွေမှာ ရှိတယ်။ Departmental store တွေဟာ ကြီးမားပြီး အရေအတွက်ရော၊ အမျိုးအစားစုံလင်တဲ့အတွက် ဈေးဝယ်တဲ့ ပုံစံတွေလဲ စုံလင်တယ်။ ဒါကြောင့် သူ့ရဲ့ပုံစံဟာ အထပ်နိမ့်ကနေ အထပ်များစွာ ပါဝင်တဲ့ အဆောက်အအုံတွေ ဖြစ်နိုင်တယ်။ ဆိုင်ခန်းတခုချင်း သီးသန့်စီမံခန့်ခွဲတာ ဖြစ်နိုင်သလို စတိုးကြီးတခုလုံးကို အဖွဲ့အစည်းတခုက စုစည်းစီမံတာလည်း ဖြစ်နိုင်တယ်။

 ၂။ Supermarket တွေဟာ စားသောက်ကုန်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းနဲ့ နေ့စဉ်အိမ်သုံးပစ္စည်းတွေကို ရောင်းတဲ့ဆိုင်တွေပါ၊ နေ့စဉ် သုံးပစ္စည်းရောင်းတာဖြစ်တဲ့အတွက် နေ့စဉ်ပစ္စည်း အ၀င်အထွက်၊ လူအ၀င်အထွက်ကလည်း များလှပါတယ်။ ဒါကြောင့်လည်း အဲဒီဆိုင်တွေဟာ ကိုယ်တိုင်ရွေး၊ ကိုယ်တိုင်ယူ၊ ငွေရှင်းစနစ်ကို ကျင့်သုံးတာများပါတယ်။ အခြေခံလူသုံးကုန်ပစ္စည်းတွေဖြစ်လို့လည်း လူပေါင်းစုံရှိတာများပါတယ်၊ ကိုယ်တိုင်ရွေးပြီး လက်တွန်းခြင်းလှည်းနဲ့ ဈေးဝယ်ကြတာဖြစ်လို့ တစ်ထပ်သာ ရှိတတ်ပါတယ်၊ မဖြစ်မနေ ခွဲရရင်လည်း အချို့ဝန်ပေါ့၊ ၀န်ပွတွေကို အပေါ်ထပ်မှာထားတတ်ကြပါတယ်။

ဒီလိုဆိုင်မျိုးမှာ structural grid, general light က အရေးပါပါတယ်။ ဒီဆိုင်ကိုတော့ ဆိုင်ကြမ်းခင်းဧရိယာတင်မကပဲ၊ နေ့စဉ်ပစ္စည်းအ၀င်အထွက်၊ ငွေအ၀င်အထွက်ပေါ်မှာ မူတည်ပြီးလည်း ဆိုင်အရွယ်အစားအခေါ်အဝေါ်ကို သတ်မှတ်ကြတယ်။convenient store, 24 hour store, kitchen mart စတဲ့ဆိုင်ငယ်တွေဟာ ရပ်ကွက် လူနေအိမ်တွေကြားမှာ ရှိတတ်တယ်၊

 Supermarket ကတော့ အဲဒီဆိုင်တွေထက် ကြီးပြီး ဧရိယာ စတုရန်းပေ ၁၀၀၀၀ ကနေ ၂၅၀၀၀ လောက်ရှိတတ်တယ်။ အဆင်သင့်စားသောက်လို့ရတဲ့ ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေပါရောင်းတယ်။

Hypermarket တွေကတော့ စားသောက်ကုန်တွေအပြင် အိမ်သုံးပစ္စည်းတွေကို ပိုရောင်းလာလို့ ငါးဆယ်ရာနူန်းစီလောက် ရှိကြတယ်၊ ပိုလည်းကြီးပြီး ဧရိယာ စတုရန်းပေ ၂၀၀၀၀၀ ၀န်းကျင်လောက်ရှိတယ်။ မြို့နယ်တွေမှာ တခုစီလောက်ပဲရှိတတ်တယ်၊ လမ်းမကြီးတွေရဲ့ဘေးမှာ ရှိပြီး ကားအ၀င်အထွက် Parking တွေ ပါတတ်တယ်။ ကိုယ်တိုင်ပစ္စည်းယူပြီး ငွေရှင်းကောင်တာမှာ သွားရှင်းရတဲ့အခါ ငွေရှင်းကောင်တာတွေဟာ တနေရာထဲမှာ စုထားတတ်တယ်၊ ဒါကြောင့် ဆိုင်ရဲ့ မျက်နှာစာလည်း ငွေရှင်းကောင်တာတွေအတွက် လိုတဲ့ အကျယ်နဲ့ ဆိုင်ဝင်ပေါက်အတွက် လုံလောက်တဲ့ အကျယ်ရှိဖို့လိုတယ်။

၃။ Shopping Center ၊ အထက်ပါဆိုင်တွေအားလုံးကို တနေရာထဲမှာ စုထားပြီး Entertainment Facility, Bank, Relaxation စသည်ဖြင့် အခြား Facility တွေများစွာပါတဲ့ ဆိုင်ခန်းစုကြီးကို Shopping Center လို့ခေါ်ပါတယ်။ အရွယ်အစားပေါ်မူမတည်ပဲ ဆိုင်ခန်းတွေရဲ့ စုပေါင်းပုံစံနဲ့ အမျိုးအစား၊ နေရာ အနေအထားပေါ် မူတည်ပြီး Shopping Mall, Shopping Complex, Retail Park, Regional Shopping Center စသည်ဖြင့်ခေါ်ဝေါ်ကြတယ်၊

မိသားစုလိုက် အပန်းဖြေအနားယူရာ၊ ရုပ်ရှင်ရုံကြီးတွေ၊ ကလေးကစားကွင်းတွေ စသည်ဖြင့် စုံလင်စွာပါရှိပါတယ်။

၎။ Market/ Bazzar တွေကတော့ ယခင်ရိုးရာကတည်းကရှိခဲ့တဲ့ ဈေးတွေပေါ့၊ open market, wet market စသည်ဖြင့် ခေါ်ကြတယ်။ မြို့ကြီးတွေမှာတော့ အခိုင်အမာတည်ဆောက်ထားတဲ့ ဆိုင်ခန်းတွေပါဝင်တဲ့ ဈေးကြီးတွေရှိတယ်၊ သူ့ရဲ့ထူးခြားချက်က ဆိုင်ခန်းတခန်းချင်းစီမှာ အတွင်းဝင်ဈေးဝယ်လို့မရပဲ ဈေးဝယ်သူက လိုချင်တဲ့ ပစ္စည်းပြော၊ ဈေးရောင်းတဲ့သူက ပစ္စည်းရှာပေး၊ ရွေးပေး၊ ပြီးတော့ ငွေကိုလည်း တခါတည်းရှင်းလိုက်ရတာ၊ personal services ပေးတဲ့ဆိုင်တွေပေါ့။ ဆိုင်ခန်းတခန်းချင်းစီကို တဦးချင်းစီ သီးခြားပိုင်ဆိုင်ကြပြီး သီးခြားစီမံခန့်ခွဲကြတယ်၊  

အချို့နယ်ဒေသတွေမှာ open market တွေဟာ ယာယီဆိုင်ခန်းတွေ လက်တွန်းလှည်းတွေနဲ့ ဆိုင်ခန်းတွေကို ဖွင့်တယ်၊ မြို့ထဲမှာလည်း ညဈေးတွေနဲ့ လမ်းပေါ်ပျံကျဈေးတွေဟာ open market တွေပေါ့၊ wet market တွေကတော့ ဟင်းသီးဟင်းရွက်၊ သားငါးတွေ အဓိကရောင်းတဲ့ ဆိုင်ခန်းတွေပါတဲ့ဆိုင်တွေပေါ့၊ ဆိုင်ခန်း သတ်သတ်မှတ်မှတ် ရှိတတ်သလို ယာယီ open market တွေလည်းရှိတတ်ပါတယ်။ 

ရေးသားသူ။ ။ဗိသုကာ တစ်

Monday, 2 April 2012

Basic Architecture & Me (Part II)

လူအများစုအတွက်တော့ အိမ်လေးတလုံးကို ဒီဇိုင်းလုပ်တာ သာမာန်လောက်ပဲဖြစ်မယ်၊ လွယ်ကူကောင်းလွယ်ကူနိုင်မယ်။ ကျွန်တော်ကတော့ ကျောင်းသားဘ၀ထဲက အခြားအဆောက်အအုံ အမျိုး အစားတွေကိုပဲ စိတ်ကျေနပ်အောင် လုပ်နိုင်ခဲ့ပြီး အိမ်ဒီဇိုင်းနဲ့ ပတ်သက်ပြီး အားနည်းခဲ့တယ်။ ပတ်ဝန်းကျင်မှာ ရှိနှင့်ပြီးသားအိမ်တွေရဲ့ လွှမ်းမှိုးမူကို အလွန်အမင်းခံခဲ့ရတဲ့ ကျွန်တော့်အနေနဲ့တော့ ဒါဟာ အင်မတန် ခက်ခဲ့တဲ့ ဒီဇိုင်းတခုပါပဲ။ 

အိမ်တလုံးကို Function ပြေလည်ရုံတခုထဲ မဟုတ်ပဲ အမြင်မှာလည်း ကိုယ်လိုချင်တဲ့ Appearance ရဖို့ Expression ကို ပေးနိုင်ဖို့အတွက် ကျောင်းပြီးစတုန်းက အလုပ်အကိုင် မည်မည်ရရ မရှိပဲ အိမ်ဒီဇိုင်းတွေပဲ နှစ်နဲ့ချီ လေ့ကျင့်ရေးဆွဲနေခဲ့ရတယ်။ 

•အိမ်တလုံးကို ကြည့်လိုက်ရင် Solid ဆိုတဲ့ Effect ရဖို့ တံခါးတွေနဲ့ အခြား အဖွင့် ( Opening) တွေကို အပြင်က မမြင်ရအောင် ဒီဇိုင်းလုပ်တာမျိုး။

•ကျောင်းမှာ သင်ခဲ့ရတဲ့ ဒီဇိုင်း Elements တွေထဲက Plane ဆိုတဲ့ Effect ကို ပေးတဲ့ အိမ်ပုံစံ တခုရဖို့ အမိုးတွေ ကြမ်းခင်းတွေကို အတတ်နိုင်ဆုံး ဖျောက်ပြီး နံရံချပ်တွေကို ဦးစားပေးပြီး၊ နံရံတွေ တခုနဲ့တခု ဆက်တဲ့နေရာမှာ Box Effect ဖြစ်မသွားအောင် ဂရုတစိုက် စဉ်းစားရင်း ပုံစံလုပ်ခဲ့တာမျိုး၊

•အပြင်နံရံတွေကို တတ်နိုင်သမျှ မေးမှိန်အောင် လုပ်ပြီး ကြမ်းခင်းနဲ့ အမိုးတွေကိုပဲ ထင်ရှားအောင် ဒီဇိုင်းလုပ်၊ အရေးကြီးတဲ့ အတွင်းပိုင်းက နံရံ အချို့ကိုပဲ Solid Wall တွေ ပေးခဲ့တာမျိုး၊

•အမိုးနဲ့ ကြမ်းခင်းတွေကို Plane တွေအဖြင့် ထင်ရှားစေအောင်လုပ်ပြီး နံရံတွေကို အမိုးနဲ့ ကြမ်းခင်းကြား ဆက်စပ်တဲ့ Design Element တွေအဖြစ် သုံးကြည့်ခဲ့တာမျိုး၊

•အတန်းထဲမှာ သင်ခဲ့ရတဲ့ Box တွေ Plane တွေအပြင် Line တွေကိုပါ စုံအောင် သုံးပြီး အနည်းငယ် ပိုအနုစိပ်တဲ့ ဒီဇိုင်းမျိုး၊ ဒါ့အပြင်

•အနည်းငယ် ပေါ့ပါးဟန်ရှိတဲ့ တိုင်တွေနဲ့ ကြမ်းခင်းတွေ၊ အမိုးတွေကို ဦးစားပေး ဒီဇိုင်းလုပ်တာမျိုး စသည်ဖြင့် အိမ်ရဲ့ အဂါင်္ရပ်တွေဖြစ်တဲ့ အမိုးတွေ၊ နံရံတွေ ကြမ်းခင်းတွေ၊ တိုင်တွေကို ကျောင်းမှာ သင်ရတဲ့ Box တွေ Plane တွေအပြင် Solid တွေ Void (Opening) တွေ Line တွေနဲ့ အစားထိုးပြီး အမျိုးမျိုး လေ့ကျင့်ဒီဇိုင်းလုပ်ခဲ့တယ်။

 အဲဒီလိုနဲ့ ရစ်ချတ်မီယာ (Richard Mier) ရဲ့ Church 2000 (Jubilee Church) လိုဒီဇိုင်းတွေ၊ တာဒါအိုအင်ဒို (Tadao Ando) ရဲ့ အိမ်တွေ၊ ကျွန်တော် သိပ်နှစ်သက်ခဲ့တဲ့ ရစ်ချတ်နျှူတာ (Richard Neutra) ရဲ့ အိမ်တွေ၊ အိုင်အင်ပေး (I.M.Pei) ရဲ့ တြီသြမေတြီထုသွင်တွေ၊ ကိုကြည့်ပြီး ကူးဆွဲ လေ့ကျင့် ဖြစ်ခဲ့ပါတယ်။

Church 2000, Richard Mier

အဲဒီလို နှစ်နှစ်လောက်ကြာအောင် လေ့ကျင့်ခဲ့ပြီးတဲ့အခါမှာ အိမ်တစ်လုံးကို ဘယ်လို Effect မျိုးလိုချင်ရင် ဘယ်လို Design Element တွေနဲ့ ဘယ်နည်းတွေ သုံးပြီး လုပ်ရမယ်၊ ပြီးတော့ Design element တွေ တခုနဲ့တခု ဘယ်လို တွဲဆက် အသုံးပြုရမယ်ဆိုတာတွေကို အတော်လေး နားလည်လာခဲ့ပါတယ်။

(၂၀၀၀) ခုနှစ်နောက်ပိုင်းမှာ ကျောင်းဆရာ ၀င်လုပ်ဖြစ်တဲ့အခါမှာတော့ အိမ်တစ်လုံး ဒီဇိုင်းလုပ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အခြား သဘောတရားတွေ အကြောင်း ပိုသိလာခဲ့တယ်။

အိမ်တစ်လုံးမှာ ပါဝင်နေကျ အခြေခံလိုအပ်တဲ့ Functional Requirement တွေနဲ့ အမိုး၊ နံရံ၊ အခင်း၊ အဖွင့် (opening) ဆိုတဲ့ အခြေခံ အဆောက်အအုံအဂါင်္ရပ်အပြင် အမျိုးမျိုးသော ရာသီဥတု ဒဏ်က ကာကွယ်ပေးနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကနေ လုံခြုံမူ (privacy) ပေးနိုင်ဖို့ ထည့်သွင်းစဉ်းစားရတဲ့ (design elements) တွေ၊ လူတွေရဲ့နေ့စဉ်ဘ၀တွေကို စက်ရုပ်တွေလို ပုံသွင်းထားသလို ဒီအခန်းမှာထိုင်၊ ဒီအခန်းမှာစား၊ ဒီအခန်းမှာအိပ်ဆိုတဲ့ အခန်းတွေနဲ့ ဖွဲ့စည်းထားတာအပြင် အခြေခံလုပ်ရမယ့် အလုပ်တွေထက်ပိုတဲ့ လူ့စိတ်ကို ကျေနပ်မူပေးနိုင်မယ့် အလုပ်တွေလုပ်နိုင်ဖို့၊ လူတွေရဲ့ စိတ်ကိုပြောင်းလဲ ကျေနပ်မူ၊ ဖျော်ဖြေမူနဲ့ သက်တောင့်သက်သာရှိမူ ပေးနိုင်ဖို့ Flexible ဖြစ်စေမယ့် Space တွေနဲ့ အဲဒီလို Space တွေ ပေးနိုင်မယ့် (design elements) တွေ အကြောင်း။

အိမ်ဟာ Luxury House ဆိုရင် သူ့မှာ ပါဝင်သင့်တဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဇိမ်ခံနိုင်မယ့် နေရာ (ဥပမာ မြင်ကွင်းကောင်းတဲ့နေရာ၊ လွတ်လပ်တဲ့ Semi-Open Space တွေကို ထည့်သွင်းနိုင်ဖို့အတွက် ပုံမှန်လုပ်နေကျ Economy နဲ့ Function ဦးစားပေးတဲ့ Compact Design တွေအပြင် ပိုပြီး လွတ်လပ်တဲ့ Planing Configuration/ Spatial Organization တွေ အကြောင်း….. စသည်ဖြင့်ပေါ့။

အဲဒီလို အခြေခံလိုအပ်ချက်ထက်ပိုတဲ့ (design elements) တွေနဲ့ Luxury House တွေကို ဒီဇိုင်းလေ့ကျင့်ရတာဟာလဲ ကျွန်တော့်အတွက်တော့ အတော့်ကို ခက်ခဲခဲ့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းလုပ်တဲ့အခါမှာ ဆောက်လုပ်စရိတ် သက်သာစေဖို့နဲ့ တည်ဆောက်ရတာ လွယ်ကူဖို့ ဦးစားပေး စဉ်းစားတတ်တာ အကျင့်ပါနေလို့ပါပဲ။ အဲဒီတော့ အပို ကုန်ကျမယ့် နေရာ ဖန်တီးမူ အဆောက်အအုံပစ္စည်းတွေနဲ့ ပိုပြီး သပ်ရပ်အောင်၊ ကြာရှည်ပိုခံအောင်၊ ပိုစနစ်ကျအောင် လုပ်ရတဲ့ အသေးစိပ် ဗိသုကာလက်ရာ (Architectural Detailing) တွေကို လုပ်ဖို့အတွက်လည်း အများကြီး လေ့ကျင့်ဖို့ လိုအပ်ခဲ့ပါတယ်။ 

ရေးသားသူ။ ။ ဗိသုကာ တစ်

Basic Architecture & Me

ကျွန်တော် ဗိသုကာဘာသာရပ်ကို ယူပြီး အတန်းစတက်တုန်းက ဗိသုကာပညာဆိုတာ ဘယ်လိုမှန်း အသေအချာမသိခဲ့ဘူး၊ ကျွန်တော်သိတာက ပုံဆွဲချင်တာပဲ။ အထူးသဖြင့် အဆောက်အအုံပုံတွေပေါ့၊  

မန္တလေးစက်မူတက္ကသိုလ်မှာ ဒုတိယနှစ်မှာ ဗိသုကာအတန်းကို စတက်တော့ ကျွန်တော့အထင်နဲ့ အမြင် အတော်ကွာနေတာ တွေ့ခဲ့ရတယ်၊ အတန်းစစချင်းမှာ ဘာအဆောက်အအုံမှ မဆွဲရသေးဘူး၊

ဒုတိယနှစ်တစ်နှစ်လုံးပဲ စိတ်ကူးတဲ့ရာ ပန်းချီလိုလို (ပန်းချီဆွဲတာနဲ့လဲ မတူဘူး) ပုံတွေပဲဆွဲရတယ်။ ဒုတိယနှစ်ပြီးကာနီးမှ အမိုးမပါ၊နေကာ အဆောက်အအုံလေး ပထမဦးဆုံးစဆွဲရတယ်၊ အဲဒီအခါကျတော့မှ “အော်.. ငါတို့တက်နေ၊ သင်နေတာ ဗိသုကာ ပညာရပ် ဟုတ်မှာပါလေလို့ စိတ်အေးခဲ့ရတော့တယ်။

ဗိသုကာပညာဆိုတာ ဘာမှန်းမသိပဲ ယူခဲ့တဲ့ ကျွန်တော်၊ တစ်နှစ်လုံးလုံး ဗိသုကာပညာနဲ့ ဘယ်လို ပတ်သက်နေမှန်း ရေရေရာရာမသိပဲ လုပ်ခဲ့ရတဲ့ ပရော့ဂျက်တွေကြောင့် ပင်ပန်းစိတ်ညစ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ဒီဇိုင်းမိတ်ဆက်နဲ့ အခြေခံဒီဇိုင်း ကို သင်တဲ့ ဌာနမူးဆရာမကြီးနဲ့ အခြေခံပုံဆွဲဘာသာရပ်ကို သင်ပေးတဲ့ဆရာမရဲ့ စိတ်ရှည်စွာ အသေးစိပ်သင်ကြားလေ့ကျင့်ပေးခဲ့လို့ ဒီဇိုင်းဘာသာရပ်နဲ့တော့ ရင်းနှီးခဲ့တယ်၊ ကျွန်တော်မှတ်မိသလောက်ဆိုရင် အခြေခံပုံဆွဲ (Basic Drawing & Descritive Geometry) သင်ရတာ ဆွဲရတာ အရမ်းပင်ပန်းခဲ့တယ်၊

နေ့ရောညရော ဗိသုကာဌာနမှာ နေပြီး ဆွဲခဲ့ရတာတွေရှိတယ်၊ ညတွေမှာ ပုံဆွဲရင် ဆရာမတွေအားလုံးလာကြပြီး ကူစောင့်ပေး၊ ပြပေးတယ်၊ ကော်ဖီနဲ့မုန့်တွေတောင် ယူလာပြီး ပြသပေးတယ်၊ ပင်ပန်းပေမယ့်ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ကိုသင်ခဲ့တဲ့ ဆရာမက ဒေါ်ခင်မာဏီပါ၊ သူကပုံမဆွဲခင်မှာ ခဲတံချွန်တာတောင် ဓါးကိုဘယ်လိုကိုင်၊ ဘယ်လိုစချွန်၊ ဘယ်လောက် အတိုင်းအတာထိချွန်ဆိုပြီး အသေးစိပ်သင်ခဲ့တာပါ၊ အခုတော့ ဆရာမက ဆေးပင်စင်ယူသွားပါပြီ။

 အခြေခံဒီဇိုင်းဘာသာရပ် (Elementary Design) ကို သင်ပေးခဲ့တာက ကျွန်တော်တို့ ဌာနမူး ဆရာမကြီး ဒေါ်မင်းသက်မွန်ပါ၊ စကားပြောကောင်းတဲ့ ဆရာမ ၀၀လှလှကြီးပေါ့၊ ကျွန်တော်တို့တော့ တီချာကြီး လို့ခေါ်တယ်။ လမ်းလျှောက်တာ၊ စကားပြောတာ၊ အမူအယာအားလုံး အေးဆေးတည်ငြိမ်တဲ့ ဆရာမကြီးပါ။

ဆရာမကြီး ဘယ်လောက် စကားပြောကောင်း စာသင်ကောင်းသလဲဆိုရင် သူသင်ပေးခဲ့တဲ့ အချိန်တစ်ချိန်အတွင်းမှာပဲ သင်ခန်းစာတွေကို တစ်ခါတည်း ဒိုင်ဂျက်စ်လုပ်နိုင်ပြီး သူပြောပြတဲ့ နမူနာ၊ သူပေးခဲ့တဲ့ ဥပမာတွေနဲ့အတူ အတွေးဖြန့်ကျက်ပြီး “အော်.. ဆရာမကြီးပြောတာ ဒီလိုပါလား၊ ဒါပါလား၊ ဒီနေရာအတွက်ပါလား၊ ဒီလိုသုံးရပါလား၊ ဒီလိုလုပ်ရပါလား… စသည်ဖြင့် တခါတည်း ရှင်းရှင်းလင်းလင်း သိသွားခဲ့တာများးပါတယ်၊ ဒါပေမယ့် စာသင်အပြီး အဲဒီအတွက် ပရော့ဂျက်တင်ဖို့ ကိုယ်တိုင် ပုံဆွဲရပြီဆိုရင်တော့ အဲဒီတစ်ပတ်လုံး လူရော စိတ်ရော နှစ်ပြီး တခြားဘာမှ မလုပ်နိုင်အောင်ဖြစ်ရတတ်တယ်။

တစ်ခါတလေမှာ ဒီဇိုင်းတင်ရတော့မယ့်ရှေ့ရက်အထိ ဘာအိုင်ဒီယာမှ မရသေးလို့ ညတစ်နာရီလောက် မန်းချယ်ရီအဆောင်ရှေ့ သီချင်းသွားဆိုရင်းနဲ့ စိတ်ကူးရတတ်ပြီး ညမအိပ်ပဲ မြန်မြန်ပြီးအောင် ဆွဲပြီး တင်ခဲ့ရတာတွေတောင်ရှိတယ်၊ အဲဒီ ဒီဇိုင်းက အမှတ်အများဆုံးရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဗိသုကာဒီဇိုင်းတွေဟာ စိတ်လက်ပေါ့ပါးနေတဲ့အချိန်မှာ လုပ်ရင်ပိုပြီး ထိရောက်တယ်ဆိုတာသိခဲ့ရတယ်။

 အခြေခံဒီဇိုင်းဘာသာရပ်မှာ ကျွန်တော်တို့သင်ခဲ့ရတာတွေက အခြေခံဒီဇိုင်းအစိပ်အပိုင်းတွေဖြစ်တဲ့ အစက်၊ လိုင်း၊ ပြင်ညီနဲ့ ထုသွင်တွေ (Point, Line, Plane & Volume) ကနေစပြီး ဒီဇိုင်းစည်းမျဉ်းတွေဖြစ်တဲ့ Harmony& Contrast, Balance& Assymetry Balance, Dominant, Unity တွေပါတယ်၊ ပြီးတော့ အကြောင်းအရာ (Theme) တခုအပေါ်မှာ မိမိရရ ခံစားရူမြင်ပုံကို ပြန်လည်ပုံဖော်ရတဲ့ Expression စတဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်။ Expression ကို လေ့ကျင့်ခန်းခေါင်းစဉ်တခု သီးသန့်ထည့်ထားပေမယ့် လေ့ကျင့်ခန်းအားလုံးဟာ (Theme) ပေါ်မှာရှိတဲ့ မိမိရဲ့ခံစားရူမြင်ပုံကို ဒီဇိုင်းစည်းမျဉ်းတွေကို သုံးပြီး ပြန်လည်ပုံဖော်ရတာချည်းပါပဲ။

 ဒါကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ မြင်ရတဲ့ အရာတွေကို ပုံတူကူးဆွဲတာမျိုး မဟုတ်ရဘူး။ ဥပမာ Dominant ဆိုတဲ့ လေ့ကျင့်ခန်းလုပ်ရတယ်ဆိုပါတော့။ ကိုယ့်မှာရှိတဲ့ ဒီဇိုင်းအခြေခံ အစိပ်အပိုင်းက အစက်တွေ၊ လိုင်းတွေ၊ ပြင်ညီတွေနဲ့ ထုသွင်တွေပဲ၊ ဒါနဲ့တပြိုင်တည်း အရောင်အနုအရင့်၊ Texture အနုအကြမ်း၊ အလင်းအမှောင်စတာတွေကို သုံးပြီး ကိုယ့်စိတ်ထဲမှာ ခံစားပြီးပုံပေါ်လာတဲ့ Dominant ပုံရိပ်တခုကို ပြန်လည်ပုံဖော်ရတာပါ။ 

ဥပမာ ရွှေတိဂုံစေတီတော်ဟာ စေတီရံတွေအလည်မှာ Dominant ဖြစ်တယ်၊ ဒါပေမယ့် ပတ်ဝန်းကျင် အဆောက်အအုံတွေအလည်မှာ Dominant ဖြစ်တယ်ဆိုပြီး ဘုရားနဲ့ အရံစေတီတွေ၊ ပတ်ဝန်းကျင်က အဆောက်အအုံတွေကို ကူးဆွဲမယ်ဆိုရင် ဒါဟာလေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကို မရောက်ပါဘူး။

ရွှေတိဂုံစေတီဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဘယ်လို Dominant ဖြစ်နေတာလဲ၊ အရောင်ကြောင့်လား၊ ဒါဆိုရင် အဲဒီလို အရောင်နဲ့ Dominant ဖြစ်နေတဲ့ ပုံရိပ်တစ်ခုကို ဖော်ပြရမှာပါ။ ဒါမှမဟုတ် Composition ကြောင့်လား၊ စေတီကြီးက အလည်မှာရှိပြီး အရံစေတီတွေက ဘေးက ၀န်းရံထားလို့လား၊ ဒါဆိုရင်လည်း အဲဒီလို ဖွဲ့စည်းပုံရှိတဲ့ ပုံရိပ်တခုနဲ့ ဖော်ပြရမှာပါ။ ဒါ့အပြင် အမြင်ကြောင့်လား၊ အရွယ်အစားနဲ့ ထုထည်ကြောင့် Dominant ဖြစ်တာလား၊ သူ့ရဲ့ Profile Shape နဲ့လား၊ စတဲ့ အခြေခံဒီဇိုင်းစည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံစံမျိုးနဲ့ တင်ပြရမှာပါ။

 နောက်တခုက Expression ဆိုတဲ့ လေ့ကျင့်ခန်းအတွက် ရွှေတိဂုံစေတီနဲ့ပဲ ဥပမာပြောရမယ်ဆိုရင် ရွှေတိဂုံ ဘုရားကြီးရဲ့ အပေါ်ကိုချွန်တက်သွားတဲ့ Profile Shape နဲ့ ပတ်ဝန်းကျင်အနေအထားဟာ စေတီကြီးဟာ မိုးပေါ်ကို အဆုံးမရှိ ထိုးတက်သွားတက်တော့မယ် ဆိုတဲ့ ခံစားချက်မျိုးရတယ်ဆိုပါတော့၊ ကိုယ်သိတဲ့ Design Principle တွေသုံးပြီး အဲဒီလို ပုံရိပ်တခုကို ဖော်ပြရမှာပါ။

အဲဒီလိုနဲ့ အခြေခံဒီဇိုင်းအစိပ်အပိုင်းတွေနဲ့ အခြေခံဒီဇိုင်းစည်းမျဉ်းတွေကို အခြေခံဒီဇိုင်းတွေကို ဒုတိယနှစ် တစ်နှစ်လုံး ဒီဇိုင်းပရော့ဂျက်တွေလုပ်ခဲ့ရတယ်ဆိုပါတော့ဗျာ။

ဒုတိယနှစ်ပြီးခါနီးမှာတော့ အဆောက်အအုံလို့ဆိုနိုင်တဲ့ Sun Shelter Project ကိုဒီဇိုင်းလုပ်ခဲ့ကြရတယ်၊ Sun Shelter ဆိုတဲ့အတိုင်း အချိန်အတိုင်းအတာတခုမှာ တစုံတယောက်ကို နေဒဏ်ကနေ ကာကွယ် ပေးနိုင်ဖို့အတွက်ပါပဲ၊ အမိုးရယ် အကာရယ်လို့ခွဲခြားပြီး ဒီဇိုင်းလုပ်စရာမလိုပါဘူး၊ ကျောင်းဝင်းအတွင်း မှာလုပ်ရတဲ့ Sun Shelter ဆိုရင် ကျောင်းသားတွေအတွက်ပေါ့၊ သူတို့အားလပ်ချိန်မှာ ဘယ်လိုနေရာမျိုးမှာ ဘာတွေလုပ်တတ်ကြလဲ၊ စာဖတ်ဖို့လား၊ စုဝေးစားသောက်ဖို့လား၊ အဲဒီအချိန်မှာ နေက ဘယ်လိုအရပ်ကနေ ဘယ်လောက်စောင်းပြီး ပူစေလဲ၊ သူတို့အတွက် အသုံးပြုနိုင်ဖို့ စဉ်းစားပြီး နေမပူတဲ့ Space တခုကို ဖန်တီးပေးဖို့၊ နေကာပေးနိုင်ဖို့ Structure တခုကို ဒီဇိုင်းလုပ်ပေးရတာမျိုးပါ၊ နေကာဖို့ဆိုတဲ့ နေရာမှာ သတိထားရမှာက နေက အပေါ်တည့်တည့်က အမြဲပူ နေတာမဟုတ်ဘူး ဆိုတာပါ၊ ကိုယ်အသုံးပြုမယ့် အချိန်ပေါ်တည်ပြီး ပြောင်းနေတာဖြစ်ပါတယ်။ ဒါကြောင့်အမိုးပါခဲ့ရင် အရိပ်က အမိုးအောက်တည့်တည့်မှာ ရှိနေချင်မှရှိနေမှာပါ၊ အမိုးအောက်မှာ အရိပ်မရနိုင်ပဲ Space ကို လုပ်ထားပေးမယ် ဆိုရင် အသုံးတည့်တဲ့ ဒီဇိုင်းဖြစ်မှာ မဟုတ်ပါဘူး၊ နေရိပ်ရနိုင်မယ့် နေရာတွေကိုသာ အသုံးပြုကြမှာ ဖြစ်တဲ့အတွက် အဲဒီနေရာတွေမှာ ကြမ်းခင်းဒီဇိုင်းလုပ်ပေးဖို့လိုရင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ 

ဒါတွေက ကျွန်တော်ကျောင်းသားဘ၀က နားလည်ပြီး လုပ်ဆောင်ခဲ့တာတွေပါ၊ အဲဒီနောက် ကျောင်းဆရာ ဖြစ်လာတော့မှ ကျောင်းသားတွေကို ပြန်သင်ပေးရတဲ့အခါ ကျောင်းသားတွေကို ဒီဇိုင်းဆိုတာကို ဘယ်လို သင်ပေး ရမယ်ဆိုတာ စဉ်းစားမိသွားတာပါ။ ဒီဇိုင်း Theme တခုကို ကျောင်းသားတွေကို ဘယ်လို ခံစား နားလည်စေမလဲ ဆိုတာကို လေ့ကျင့်သင်ကြားပေးပြီး အဲဒီနားလည်ထားတဲ့ အကြောင်းအရာကို ပုံတခုအနေနဲ့ ပြန်ဖော်ပြနိုင်ဖို့အတွက် Design Principles တွေကို အဓိကလေ့ကျင့်သင်ကြားပေးခဲ့တာ ဆိုတာကို နားလည်သွားခဲ့ရခြင်းပါ။

 ဒါပေမယ့် အဲဒါတွေ လေ့ကျင့်ပြီးတော့ အဆောက်အအုံဒီဇိုင်းတွေလုပ်ရပြီလားဆိုတော့ မဟုတ်သေးဘူး၊ အဆောက်အအုံတခုမှာ တကယ်ကြုံတွေ့ရမယ့် Structure Frame နဲ့ Spatial Effect တွေကို လိုသလို ကိုယ်နှစ်သက်တဲ့ (ကိုယ့်စိတ်ကူးထဲမှာရှိတဲ့ပုံရိပ်) အတိုင်း ပုံဖော်လာဖို့ လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ်၊ လေ့လာရပါအုံးမယ်၊ ဒါကြောင့် ဒုတိယနှစ်လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့ ကျောင်းသားတွေအတွက် လေ့လာ ချင်တယ်ဆိုရင် ဗိသုကာစာရေးဆရာ Francis D.K Ching ရဲ့ ‘Form, Space & Order’ စာအုပ်နဲ့ Le Cobusier ရဲ့ An Analysis of Form စာအုပ်တို့ကို ညွှန်းပေးလိုက်ပါတယ်၊ ရှိပြီးသား Background Knowledge of Space & Structure ကို အများကြီး Extend လုပ်ပေးနိုင်ပါလိမ့်မယ်။ 

ရေးသားသူ။ ။ ဗိသုကာ တစ်

Saturday, 31 March 2012

Nature and Architecture


ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် သတင်းအချက်အလက်ကို တနေ့တခြားပိုမို၍ ဗဟိုပြုလာသည့်အလျောက် ဗိသုကာ ပညာရပ်သည်လည်း သတင်း အချက်အလက်၏ အစိတ်အပိုင်းတခု ဖြစ်လာသည်။ သတင်း အချက်အလက်များက ဖော်ပြသည့် ဗိသုကာပညာရပ်၏ တန်ဖိုးကို လစ်လျူရူ၍ကား မရနိုင်ပေ။ သို့သော် စိုးရိမ်စရာကောင်းသည့်အချက်မှာ လူအများ၏ အာရုံကို ဆွဲဆောင်ရန်သာ ကြိုးစားလာကြခြင်းဖြစ်သည်။ ရလာဒ်အဖြစ် ဗိသုကာပညာရပ်၏ အနှစ်သာရကို အလေးမထားကြတော့ပဲ အပေါ်ယံကြည့်ကောင်းသည့် အဆောက်အအုံဒီဇိုင်းများကို ပြုလုပ်လာကြတော့သည်။  

ဗိသုကာပညာရပ်သည် စီးပွားရေး၊ လူ့အဖွဲ့အစ္စည်းစသည်တို့နှင့် နီးနီးကပ်ကပ် ဆက်နွယ်နေပြီး လျင်မြင်သည့် လူမူ အပြောင်းအလဲများက ဗိသုကာပညာရပ် အပေါ် များစွာ အကျိုးသက်ရောက်မူရှိပေသည်။ ခေတ်သစ် (Modern) ၀ါဒသည် (၁၉၅၀) ခုနှစ် နှောင်းပိုင်းတွင် ၄င်း၏အရှိန်အဟုန် အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည်။ စက်မူခေတ်လွန် လူ့အဖွဲ့အစည်းသည် သတင်းအချက်အလက် ဗဟိုပြု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာသည့်အလျေက် ခေတ်သစ်ဝါဒကို စတင်ဝေဖန် ဆန်းစစ်လာကြတော့သည်။

 ပိုစ့်မော်ဒန်နစ်ဆင် (Post Modernism) အပါအ၀င် အမျိုးမျိုးသော လူပ်ရှားမူများလည်း ပေါ်ပေါက်လာခဲ့သည်။ သို့သော် ပိုစ့်မော်ဒန်နစ်ဆင်၏ အနှစ်သာရမှာ အပေါ်ယံမျှသာ ရှိနေသေးသည်။ တချိန်က ခေတ်သစ်ဝါဒ ပစ်ပယ်ထားခဲ့သည့် ရှေးခေတ် အဆောက်အအုံတို့၏ ပုံသဏ္ဍာန်နှင့် အပြောက်အမွှမ်းများကို ပြန်လည်ဆန်းသစ်၍ အသုံးချလာခြင်းသာဖြစ်သညါ။ ပိုစ့်မော်ဒန်ဝါဒသည် ဗိသုကာအသွင်သဏ္ဍာန် ပြောင်းလဲမူ သက်သက်သာဖြစ်ပြီး မော်ဒန်ဝါဒကြုံတွေ့ခဲ့ရသည့် ပြဿနာတို့၏ စစ်မှန်သော အဖြေကို မပေးနိုင်သေးပေ။  

ယနေ့အချိန်သည် မော်ဒန်ဝါဒကို ပြန်လည် သုံးသပ်ရမည့်အချိန် ဖြစ်သည်။ အကြောင်းမှာ ၄င်း၏ ငြီးငွေ့ဖွယ်ကောင်းသည့် ဆင်တူမူကြောင့်ဖြစ်သည်။ မော်ဒန်ဝါဒ၏ ဗိသုကာပညာရပ်အပေါ် အခြေခံချဉ်းကပ်မူကို ပြန်လည်စဉ်းစားရပေမည်။Generalize ပြုလုပ်ခြင်းဆိုသည်မှာ လူသားများကို အရေအတွက်ဖြင့်သာ စဉ်းစားသတ်မှတ်ခြင်းဖြစ်သည်။ စိတ်ခံစားမူ၊ လိုအင်ဆန္ဒများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် လူသားများကို ရုပ်ဝတ္ထုပစ္စည်းများသဖွယ် စဉ်းစားပြီး ၄င်းတို့၏ ကွဲပြားခြားနားသည့် ၀ိသေသလက္ခဏာများကို ဥပေက္ခပြုထားခြင်းဖြစ်သည်။ 

ထို့ကြောင့် လူသားများမှာ တိုင်းတာ သတ်မှတ်သည့် “ယူနစ်”များထက် ဘာမျှမပိုတော့ပေ။ ဗိသုကာပညာရပ်တွင် Generalize ပြုလုပ်ခြင်းမှာ function ပြေလည်စေရန်နှင့် အကုန်အကျ သက်သာစေရန် ပြုလုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။ အကန့်အသတ်မရှိ Generalize ပြုလုပ်ခြင်းမှာ ယဉ်ကျေးမူကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။ အကြောင်းမှာ Generalization ၏ အခြားအဓိပ္ပါယ်မှာ “Standarization” ဖြစ်သောကြောင့်ပင်။  

အကယ်၍ အကုန်အကျ သက်သာစေမူ အတွေးအခေါ်သည် ဗိသုကာပညာရပ်၏ ယဉ်ကျေးမူ တန်ဖိုးကို လွှမ်းမိုးသွားပါက ကမ္ဘာအနှံ့ရှိ မြို့များမှာ ဆင်တူအဆောက်အအုံများဖြင့် ပြည့်နှက်သွားပေမည်။ အကယ်၍ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မူအတွက် ယဉ်ကျေးမူကို ငဲ့ကွက်နေမည်ဆိုပါက အခြေခံ မေးခွန်းဖြစ်သည့် “ဗိသုကာပညာရပ်ဆိုတာ ဘာလဲ” ဆိုသည့်မေးခွန်းကို မေးရပေမည်။ ဗိသုကာလက်ရာ ဖန်တီးမူသည် လူတဦးချင်းစီ၏ အလုပ်ဖြစ်ပြီး သမိုင်း၊ ရိုးရာဓလေ့နှင့် ရာသီဥတုတို့ကို ထည့်သွင်းစဉ်းစားရပေမည်။ ယနေ့ခေတ်တွင် ဗိသုကာလက်ရာဖန်တီးမူကို တဦးချင်း တယောက်ချင်းစီထက် အဖွဲ့အစည်းလိုက် ပိုမို၍ လုပ်ကိုင်လာကြသည်။  

ကွန်ပြူတာများကို သုံးစွဲလာကြပြီး အရာရာကို ပုံသေ တိုင်းတာသတ်မှတ်လာကြသည်။ ဗိသုကာပညာရပ်တွင် များစွာအရေးပါသည့် “လူတဦးချင်းစီ၏ စိတ်ကူးစိတ်သန်းနှင့် အတွေးအခေါ်များ” ကို အစည်းအဝေးများ၊ လူအများစု၏ ဆုံးဖြတ်ချက်များဖြင့် အစားထိုးလာကြသည်။ ဗိသုကာပညာရပ်သည် ခေတ်ကို ရောင်ပြန်ဟပ်ရုံမျှမက ဝေဖန်မူ ပြုနိုင်ရပေမည်။ ဗိသုကာပညာရပ်သည် အတွေးအခေါ်စနစ် တရပ်လုံးကို ကိုယ်စားပြု၏။ ဗိသုကာပညာသည် ပြင်ပအခြေအနေများကို ဖြေရှင်းရုံ (သို့မဟုတ်) Functional Problem များကို ဖြေရှင်းရုံသက်သက်မျှ မဟုတ်ပေ။  

ဗိသုကာပညာရှင်များ အနေဖြင့် အခြေခံမေးခွန်းများကို မေးရန်၊ ၄င်းတို့၏ ဗိသုကာစိတ်ကူးစိတ်သန်းများကို လွတ်လပ်ခွင့်ပေးရန် “လူသားဘ၀၊ သမိုင်းကြောင်း၊ ရိုးရာဓလေ့နှင့် ရာသီဥတု” တို့ကို ထည့်သွင်း စဉ်းစားရန် မိမိတို့ကိုယ်မိမိတို့ အလေ့အကျင့် ပြုလုပ်သင့်ပေသည်။

ကျွန်ုပ်တို့အနေဖြင့် တခြားသော အနုပညာရပ်များဖြစ်သည့် ကဗျာ၊ဂီတ စသည်တို့၌ ခံစားရသကဲ့သို့ “အံ့သြမူ၊ ရှာဖွေတွေ့ရှိမူ၊ စိတ်အာရုံ နိုးကြားမူ၊ ငြိမ်းချမ်းမူနှင့် ဘ၀၏ ပျော်ရွှင်ချမ်းမြေ့မူ” တို့ကို ခံစားနိုင်သည့် Architectural Space များကို ဖန်တီးနိုင်ရပေမည်။ ။ 

(၁၉၉၀) ခုနှစ်တွင် Tadao Ando ရေးသားခဲ့သည့် “Nature and Architecture” ကို ပြန်ဆိုရေးသားပါသည်။

ရေးသားသူ။ ။ ဗိသုကာ သုံး

The Geometry of the Sky

The Geometry of the Sky

(Times I & II, Commercial Complex, Tadao Ando)

သဘာဝ၊ အထူးသဖြင့် မိုးကောင်းကင် (Sky) ဟာ ဗိသုကာ တာဒါအိုအန်ဒို (Tadao Ando) ရဲ့ ဗိသုကာလက်ရာတွေမှာ အဓိကကျတဲ့ ကဏ္ဍကပါဝင်တယ်၊“ဗိသုကာလက်ရာတွေရဲ့ အခြေခံကျတဲ့ သဘောသဘာဝဖြစ်တဲ့ ပိတ်ထားတဲ့နေရာ(Closed-off Box) ဆိုတာကို ရှောင်လွဲဖို့ဆိုရင် ဗိသုကာလက်ရာအတွင်းခန်းတွေကို သက်ရောက်မူပေးနိုင်တဲ့ ကောင်းကင်ကိုပဲ သဘာဝအစိပ်အပိုင်းအဖြစ် အားကိုးရမှာပဲ” လို့ အန်ဒိုက ထုတ်နုပ်ပြောဆိုခဲ့ဖူးတယ်၊ 

ဒါကြောင့် သူ့ရဲ့ လက်ရာတွေမှာ မိုးကောင်းကင်ဟာ အရေးပါလှတဲ့ အစိပ်အပိုင်းဖြစ်တယ်၊ ကောင်းကင်ကြီးက သီချင်းအဖြစ်ပေါက်ကွဲထွက်ရင် အဆောက်အအုံတခုလုံးက သီချင်းသီဆိုကြသလိုပဲလို့ ကဗျာဆန်ဆန် ဆိုနိုင်တယ်၊ 

ဗိသုကာ တာဒါအို အန်ဒိုဟာ လူနေအိမ်ဖြင့်ဖြင့်၊ စီးပွားရေးအဆောက်အအုံ ဒါမှမဟုတ် ရုံးအဆောက်အအုံဖြင့်ဖြင့် ကောင်းကင်ကြီးကို ဘယ်လို ဘောင်ခတ်ထည့်သွင်းရမယ်ဆိုတာ အမြဲဦးတည်စဉ်းစားသူပါ၊ သုံးဖက်မြင်ထုသွင်သဏ္ဍာန်ဖြစ်စေတဲ့ ကွန်ကရစ်နံရံတွေနဲ့ ထင်ထင်ရှားရှား ပါဝင်တဲ့ ကောင်းကင်က ဖန်တီးပေးလိုက်တာကြောင့် အပြန်အလှန် ထင်ဟပ်တဲ့ အလင်းနဲ့အရိပ်တို့ဟာ အန်ဒို့လက်ရာတွေရဲ့ အားသာချက်တွေ ဖြစ်တယ်၊ 

အန်ဒိုရဲ့ အပြင်ဖက်ဟင်းလင်းခွင်တွေ (Exterior Spaces) မှာလည်း ကောင်းကင်ဟာ အဓိကကျတဲ့ အစိပ်အပိုင်းပဲ၊ အန်ဒိုဟာ ကျဉ်းမြောင်းသေးသွယ်တဲ့ မြေနေရာ၊ ပုံသဏ္ဍာန်မမှန်တတ်တဲ့ မြေနေရာတွေကို အသက်ဝင်လာအောင် ဒီဇိုင်းပြုလုပ်တာ ကျွမ်းကျင်လှတယ်၊ အထူးသဖြင့် ပုံသဏ္ဍာန်မမှန်ပြီး လျှောစောက်တဲ့ မြေနေရာတွေမှာ အဆောက်အအုံဒီဇိုင်းကို ကျွမ်းကျင်သပ်ယပ်စွာ ပြုလုပ်တတ်တယ်၊  

သူဟာ မြေနေရာတွေကို ဖတ်ကျွမ်းတဲ့နေရာမှာ ထူးခြားတဲ့ အကြားအမြင်ရှိတယ်လို့ ဆိုနိုင်ပါတယ်၊ မြေအနေအထား၊ နေနဲ့ အလင်းရောင်ရနိုင်မယ့် နေရာ၊ မိုးရေကျလာမယ့် အနေအထား၊ ရေစီးဆင်းမယ့် အနေအထား၊ အနီးက နံရံတွေ၊ ပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့ အဆောက်အအုံတွေရဲ့ သက်တမ်း၊ ပြီးတော့ လူတွေရဲ့ အသွားအလာ စတာတွေကို သေသေချာချာ ဆန်းစစ်တယ်၊ မြေတခုလုံးကို သုံးဖက်မြင် အမြင်နဲ့ကြည့်ပြီး ဒီဇိုင်းပြုလုပ်တယ်၊ ပုပ်နေတဲ့နေရာ သုံးမရတဲ့နေရာရယ်လို့ မရှိအောင် ဒီဇိုင်းစဉ်းစားတယ်၊ မိုးကောင်းကင်ကို အရေးကြီးတဲ့ သဘာဝ အစိပ်အပိုင်းအဖြစ် ထည့်သွင်းတယ်၊ 

တည်ဆောက်တဲ့ စတွက်ချာတွေ (Structure) ဟာ ဟင်းလင်းခွင်နေရာ (Space)တွေကို ထင်ရှားစေသလို နေရာတွေကလည်း စတွက်ချာတွေကို ထင်ရှားစေတယ်၊ မြေနေရာ၊ စတွက်ချာနဲ့ ဟင်းလင်းခွင်နေရာတွေဟာ အပြန်အလှန်အားဖြင့် အသက်ဝင်တဲ့ အသုံးချစရာနေရာ ဖြစ်လာစေတယ်၊ အန်ဒိုဟာ အတွင်းဟင်းလင်းခွင်၊ အပြင်ဟင်းလင်းခွင်တွေကို ကျွမ်းကျင်စွာ ပေါင်းစပ်ယက်လုပ်နိုင်တဲ့သူ ဖြစ်တယ်။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

Wall Architecture of Tadao Ando

Wall Architecture of Tadao Ando

အဆောက်အအုံတွေရဲ့ နံရံတွေဟာ ကျွန်ုပ်တို့ရဲ့ လှုပ်ရှားမူတွေကို ထိန်းချုပ်ထားတဲ့ အရာပါ၊

ကျွန်ုပ်တို့ကို လမ်းညွှန်တယ်၊ ဟန့်တားတယ်၊ ကျွန်ုပ်တို့ရဲ့ ဆက်နွယ်မူတွေကို လွှမ်းမိုးထားတယ်၊ ပြီးတော့ ကျွန်ုပ်တို့ကို ညွှန်ကြားတယ်၊ ပိုင်းခြားတယ်၊ တဖန် ပေါင်းစည်းပေးနိုင်ပါတယ်၊

အဲဒီလို အချက်တွေ ပါဝင်တတ်တဲ့ အဆောက်အအုံရဲ့ နံရံတွေကို နူးညံ့သိမ်မွေ့တဲ့ ခိုလှုံရာဖြစ်အောင် တနည်း အနုပညာမြောက်အောင် တတ်နိုင်စွမ်းတဲ့ ဗိသုကာတွေထဲမှာ ဂျပန်ဗိသုကာ တာဒါအိုအင်ဒို (Tadao Ando)ဟာ ထင်ရှားပါတယ်၊ 

အင်ဒိုဟာ မာကျောသော အသွင်ရှိတတ်တဲ့ နံရံတွေနဲ့ ဗိသုကာလက်ရာများစွာကို ဖန်တီးခဲ့တယ်၊ များသောအားဖြင့် အထောက်အကူမပါတဲ့ နံရံတွေ (Freestanding Walls) နဲ့ နေချင်စဖွယ်ကောင်းတဲ့ နေရာတွေကို ဖွဲ့စည်းတယ်၊ ကောင်းကင်ကို ပါးပါးလွှာလွှာလှီးဖြတ်ထားပြီး ရေနဲ့ သဘာဝအလင်းရောင်တွေကို နေထိုင်အသုံးပြုရာ နေရာ (Space)တွေကို နံရံတွေနဲ့ အနုပညာမြောက်အောင် လှလှပပ ဖန်တီးတင်ပြနိုင်သူ တစ်ဦးပါ၊ ကမ္ဘာမြေထုကြီးရဲ့ သဘာဝအနှစ်သာရတွေကို နံရံတွေနဲ့ ချုံချလိုက်တဲ့ သဘောပါပဲတဲ့၊ 

အင်ဒိုရဲ့ ဗိသုကာလက်ရာအများစုကို နံရံဗိသုကာလက်ရာလို့ ပြောလို့ရပါတယ်၊ ဟိုကိုင်းဒိုးမှာရှိတဲ့ Church on the water အဆောက်အအုံမှာဆိုရင် နံရံချည်းသက်သက်တွေက သဘာဝမြေခင်းကို ဘောင်ခတ်ဖွဲ့စည်းထားတာမျိုး၊

Church on the Water


အိုဆာကာမှာရှိတဲ့ Church of the light မှာဆိုရင် တောင့်ဖြတ်နံရံတခုက ကွန်ကရစ်ကုဗတုံးသဏ္ဍာန်ကို ထိုးဖောက်နေတာမျိုး၊



Church of the Light


နာအိုရှီးမားမှာရှိတဲ့ Chichu Art Museum မှာတော့ အလျားလိုက် ထက်ခြမ်းထားတဲ့ နံရံတွေက အတွင်းက Courtyard ကို ၀န်းပတ်ထားတာဖြစ်ပါတယ်၊

Chichu Art Museum




 
အင်ဒိုဟာ ကွန်ကရစ်ကို အထူးသဖြင့် ကွန်ကရစ်နံရံတွေကို အသုံးပြုပြီး ဗိသုကာလက်ရာတွေကို ဖန်တီးတယ်၊ သူ့ရဲ့ လက်ရာတွေဟာ ဆောက်လုပ်ရေးပစ္စည်း အမျိုးအမည်အနည်းငယ်နဲ့သာ သုံးပြီး အဲဒီ ပစ္စည်းတွေကို သဘာဝအတိုင်း အသုံးပြုတာကို တွေ့ရပါတယ်၊ ဒီဇိုင်းပြုလုပ်တိုင်း သူငယ်ငယ်က ကျွမ်းဝင်ခဲ့တဲ့ ရင်းနှီးခဲ့တဲ့ အဆောက်အအုံတွေမှာ အသုံးပြုခဲ့တဲ့ သဘာဝ ဗိသုကာလက်ရာတွေကို အမြဲ နှလုံးသွင်းတယ်၊  

လူအများ ရင်းနှီးပြီး ထိတွေ့ အသုံးပြုနိုင်တဲ့ ကြမ်းခင်း၊ တံခါးနဲ့ ပရိဘောဂတွေကို သဘာဝပစ္စည်းတွေ ဖြစ်တဲ့ သစ်သားတွေကို အသုံးပြုပါတယ်၊ အင်ဒိုရဲ့ တန်ဆာမဆင်ထားတဲ့ နံရံတွေဟာ အပြင်ပန်းက ကြည့်ရင် လေးလံသော အသွင်အပြင်ကို ဆောင်တယ်၊ (နွေးထွေးမူ မရှိသလိုတောင် ထင်ရပါတယ်)၊

အင်ဒိုရဲ့ အစောပိုင်းလက်ရာတွေဟာ ကွန်ကရစ်ပုံးသဏ္ဍာန်တွေသာ ဖြစ်ခဲ့တယ်၊ နောက်ပိုင်းကျလာတော့ နံရံတွေဟာ ပြေပြစ်လာတယ်၊ ကုဗတုံးပုံတွေကို တောင့်အနားတွေမှာ အလင်းရောင်ဝင်စေတဲ့ အဖွင့်မျိုးတွေ ပေးလာတယ်၊ ရိုးရှင်းတဲ့ တြီသြမေတြီတည်ဆောက်မူတွေကနေ သဘာဝနဲ့ သဘာဝအလင်းရောင်တွေကို အသွင်ပြောင်းထားတဲ့ အလင်းတွေနဲ့ Space ဖွဲ့စည်းထားမူမှာ ရောယှက် လာစေတယ်၊Kidosaki House မှာဆိုရင် သူ့ရဲ့ မှေးမှိန်စွာ တောက်ပတဲ့ နံရံတွေဟာ Space တွေကို လှလှပပဖြစ်အောင် ဖွဲ့စည်းပေးပါတယ်၊ 

အင်ဒိုဟာ အသုံးပြုမူ (Function) အလိုက် Space တွေကို မဖွဲ့စည်းပါဘူး၊ ဗိသုကာပညာနဲ့ နံရံတွေကိုအသုံးပြုပြီး နူးညံ့တဲ့ ခိုလှုံရာဖြစ်အောင် သက်တောင့်သက်သာ နေထိုင်အသုံးပြုလို့ ရစေအောင် ဖန်တီးတည်ဆောက်ပါတယ်၊ မာကျောတဲ့နံရံတွေနဲ့ ပျော့ပြောင်းတဲ့ Space တွေ ဖြစ်အောင် ဖန်တီးတယ်၊ ထိတွေ့နိုင်သော၊ နေချင်စရာကောင်းသော နေရာဖြစ်အောင် ဂရုတစိုက် ဒီဇိုင်းပြုလုပ်လေ့ရှိပါတယ်၊ အင်ဒိုရဲ့ အထောက်အကူမဲ့ နံရံတွေဟာ ပန်းချီရေးဆွဲထားတဲ့ ပြင်ညီလိုပါပဲ လို့ ပြောကြပါတယ်၊
Kidosaki House


ရေးသားသူ။ ။ ဗိသုကာ နှစ်