Saturday 31 March 2012

Nature and Architecture


ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် သတင်းအချက်အလက်ကို တနေ့တခြားပိုမို၍ ဗဟိုပြုလာသည့်အလျောက် ဗိသုကာ ပညာရပ်သည်လည်း သတင်း အချက်အလက်၏ အစိတ်အပိုင်းတခု ဖြစ်လာသည်။ သတင်း အချက်အလက်များက ဖော်ပြသည့် ဗိသုကာပညာရပ်၏ တန်ဖိုးကို လစ်လျူရူ၍ကား မရနိုင်ပေ။ သို့သော် စိုးရိမ်စရာကောင်းသည့်အချက်မှာ လူအများ၏ အာရုံကို ဆွဲဆောင်ရန်သာ ကြိုးစားလာကြခြင်းဖြစ်သည်။ ရလာဒ်အဖြစ် ဗိသုကာပညာရပ်၏ အနှစ်သာရကို အလေးမထားကြတော့ပဲ အပေါ်ယံကြည့်ကောင်းသည့် အဆောက်အအုံဒီဇိုင်းများကို ပြုလုပ်လာကြတော့သည်။  

ဗိသုကာပညာရပ်သည် စီးပွားရေး၊ လူ့အဖွဲ့အစ္စည်းစသည်တို့နှင့် နီးနီးကပ်ကပ် ဆက်နွယ်နေပြီး လျင်မြင်သည့် လူမူ အပြောင်းအလဲများက ဗိသုကာပညာရပ် အပေါ် များစွာ အကျိုးသက်ရောက်မူရှိပေသည်။ ခေတ်သစ် (Modern) ၀ါဒသည် (၁၉၅၀) ခုနှစ် နှောင်းပိုင်းတွင် ၄င်း၏အရှိန်အဟုန် အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည်။ စက်မူခေတ်လွန် လူ့အဖွဲ့အစည်းသည် သတင်းအချက်အလက် ဗဟိုပြု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာသည့်အလျေက် ခေတ်သစ်ဝါဒကို စတင်ဝေဖန် ဆန်းစစ်လာကြတော့သည်။

 ပိုစ့်မော်ဒန်နစ်ဆင် (Post Modernism) အပါအ၀င် အမျိုးမျိုးသော လူပ်ရှားမူများလည်း ပေါ်ပေါက်လာခဲ့သည်။ သို့သော် ပိုစ့်မော်ဒန်နစ်ဆင်၏ အနှစ်သာရမှာ အပေါ်ယံမျှသာ ရှိနေသေးသည်။ တချိန်က ခေတ်သစ်ဝါဒ ပစ်ပယ်ထားခဲ့သည့် ရှေးခေတ် အဆောက်အအုံတို့၏ ပုံသဏ္ဍာန်နှင့် အပြောက်အမွှမ်းများကို ပြန်လည်ဆန်းသစ်၍ အသုံးချလာခြင်းသာဖြစ်သညါ။ ပိုစ့်မော်ဒန်ဝါဒသည် ဗိသုကာအသွင်သဏ္ဍာန် ပြောင်းလဲမူ သက်သက်သာဖြစ်ပြီး မော်ဒန်ဝါဒကြုံတွေ့ခဲ့ရသည့် ပြဿနာတို့၏ စစ်မှန်သော အဖြေကို မပေးနိုင်သေးပေ။  

ယနေ့အချိန်သည် မော်ဒန်ဝါဒကို ပြန်လည် သုံးသပ်ရမည့်အချိန် ဖြစ်သည်။ အကြောင်းမှာ ၄င်း၏ ငြီးငွေ့ဖွယ်ကောင်းသည့် ဆင်တူမူကြောင့်ဖြစ်သည်။ မော်ဒန်ဝါဒ၏ ဗိသုကာပညာရပ်အပေါ် အခြေခံချဉ်းကပ်မူကို ပြန်လည်စဉ်းစားရပေမည်။Generalize ပြုလုပ်ခြင်းဆိုသည်မှာ လူသားများကို အရေအတွက်ဖြင့်သာ စဉ်းစားသတ်မှတ်ခြင်းဖြစ်သည်။ စိတ်ခံစားမူ၊ လိုအင်ဆန္ဒများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် လူသားများကို ရုပ်ဝတ္ထုပစ္စည်းများသဖွယ် စဉ်းစားပြီး ၄င်းတို့၏ ကွဲပြားခြားနားသည့် ၀ိသေသလက္ခဏာများကို ဥပေက္ခပြုထားခြင်းဖြစ်သည်။ 

ထို့ကြောင့် လူသားများမှာ တိုင်းတာ သတ်မှတ်သည့် “ယူနစ်”များထက် ဘာမျှမပိုတော့ပေ။ ဗိသုကာပညာရပ်တွင် Generalize ပြုလုပ်ခြင်းမှာ function ပြေလည်စေရန်နှင့် အကုန်အကျ သက်သာစေရန် ပြုလုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။ အကန့်အသတ်မရှိ Generalize ပြုလုပ်ခြင်းမှာ ယဉ်ကျေးမူကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။ အကြောင်းမှာ Generalization ၏ အခြားအဓိပ္ပါယ်မှာ “Standarization” ဖြစ်သောကြောင့်ပင်။  

အကယ်၍ အကုန်အကျ သက်သာစေမူ အတွေးအခေါ်သည် ဗိသုကာပညာရပ်၏ ယဉ်ကျေးမူ တန်ဖိုးကို လွှမ်းမိုးသွားပါက ကမ္ဘာအနှံ့ရှိ မြို့များမှာ ဆင်တူအဆောက်အအုံများဖြင့် ပြည့်နှက်သွားပေမည်။ အကယ်၍ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မူအတွက် ယဉ်ကျေးမူကို ငဲ့ကွက်နေမည်ဆိုပါက အခြေခံ မေးခွန်းဖြစ်သည့် “ဗိသုကာပညာရပ်ဆိုတာ ဘာလဲ” ဆိုသည့်မေးခွန်းကို မေးရပေမည်။ ဗိသုကာလက်ရာ ဖန်တီးမူသည် လူတဦးချင်းစီ၏ အလုပ်ဖြစ်ပြီး သမိုင်း၊ ရိုးရာဓလေ့နှင့် ရာသီဥတုတို့ကို ထည့်သွင်းစဉ်းစားရပေမည်။ ယနေ့ခေတ်တွင် ဗိသုကာလက်ရာဖန်တီးမူကို တဦးချင်း တယောက်ချင်းစီထက် အဖွဲ့အစည်းလိုက် ပိုမို၍ လုပ်ကိုင်လာကြသည်။  

ကွန်ပြူတာများကို သုံးစွဲလာကြပြီး အရာရာကို ပုံသေ တိုင်းတာသတ်မှတ်လာကြသည်။ ဗိသုကာပညာရပ်တွင် များစွာအရေးပါသည့် “လူတဦးချင်းစီ၏ စိတ်ကူးစိတ်သန်းနှင့် အတွေးအခေါ်များ” ကို အစည်းအဝေးများ၊ လူအများစု၏ ဆုံးဖြတ်ချက်များဖြင့် အစားထိုးလာကြသည်။ ဗိသုကာပညာရပ်သည် ခေတ်ကို ရောင်ပြန်ဟပ်ရုံမျှမက ဝေဖန်မူ ပြုနိုင်ရပေမည်။ ဗိသုကာပညာရပ်သည် အတွေးအခေါ်စနစ် တရပ်လုံးကို ကိုယ်စားပြု၏။ ဗိသုကာပညာသည် ပြင်ပအခြေအနေများကို ဖြေရှင်းရုံ (သို့မဟုတ်) Functional Problem များကို ဖြေရှင်းရုံသက်သက်မျှ မဟုတ်ပေ။  

ဗိသုကာပညာရှင်များ အနေဖြင့် အခြေခံမေးခွန်းများကို မေးရန်၊ ၄င်းတို့၏ ဗိသုကာစိတ်ကူးစိတ်သန်းများကို လွတ်လပ်ခွင့်ပေးရန် “လူသားဘ၀၊ သမိုင်းကြောင်း၊ ရိုးရာဓလေ့နှင့် ရာသီဥတု” တို့ကို ထည့်သွင်း စဉ်းစားရန် မိမိတို့ကိုယ်မိမိတို့ အလေ့အကျင့် ပြုလုပ်သင့်ပေသည်။

ကျွန်ုပ်တို့အနေဖြင့် တခြားသော အနုပညာရပ်များဖြစ်သည့် ကဗျာ၊ဂီတ စသည်တို့၌ ခံစားရသကဲ့သို့ “အံ့သြမူ၊ ရှာဖွေတွေ့ရှိမူ၊ စိတ်အာရုံ နိုးကြားမူ၊ ငြိမ်းချမ်းမူနှင့် ဘ၀၏ ပျော်ရွှင်ချမ်းမြေ့မူ” တို့ကို ခံစားနိုင်သည့် Architectural Space များကို ဖန်တီးနိုင်ရပေမည်။ ။ 

(၁၉၉၀) ခုနှစ်တွင် Tadao Ando ရေးသားခဲ့သည့် “Nature and Architecture” ကို ပြန်ဆိုရေးသားပါသည်။

ရေးသားသူ။ ။ ဗိသုကာ သုံး

The Geometry of the Sky

The Geometry of the Sky

(Times I & II, Commercial Complex, Tadao Ando)

သဘာဝ၊ အထူးသဖြင့် မိုးကောင်းကင် (Sky) ဟာ ဗိသုကာ တာဒါအိုအန်ဒို (Tadao Ando) ရဲ့ ဗိသုကာလက်ရာတွေမှာ အဓိကကျတဲ့ ကဏ္ဍကပါဝင်တယ်၊“ဗိသုကာလက်ရာတွေရဲ့ အခြေခံကျတဲ့ သဘောသဘာဝဖြစ်တဲ့ ပိတ်ထားတဲ့နေရာ(Closed-off Box) ဆိုတာကို ရှောင်လွဲဖို့ဆိုရင် ဗိသုကာလက်ရာအတွင်းခန်းတွေကို သက်ရောက်မူပေးနိုင်တဲ့ ကောင်းကင်ကိုပဲ သဘာဝအစိပ်အပိုင်းအဖြစ် အားကိုးရမှာပဲ” လို့ အန်ဒိုက ထုတ်နုပ်ပြောဆိုခဲ့ဖူးတယ်၊ 

ဒါကြောင့် သူ့ရဲ့ လက်ရာတွေမှာ မိုးကောင်းကင်ဟာ အရေးပါလှတဲ့ အစိပ်အပိုင်းဖြစ်တယ်၊ ကောင်းကင်ကြီးက သီချင်းအဖြစ်ပေါက်ကွဲထွက်ရင် အဆောက်အအုံတခုလုံးက သီချင်းသီဆိုကြသလိုပဲလို့ ကဗျာဆန်ဆန် ဆိုနိုင်တယ်၊ 

ဗိသုကာ တာဒါအို အန်ဒိုဟာ လူနေအိမ်ဖြင့်ဖြင့်၊ စီးပွားရေးအဆောက်အအုံ ဒါမှမဟုတ် ရုံးအဆောက်အအုံဖြင့်ဖြင့် ကောင်းကင်ကြီးကို ဘယ်လို ဘောင်ခတ်ထည့်သွင်းရမယ်ဆိုတာ အမြဲဦးတည်စဉ်းစားသူပါ၊ သုံးဖက်မြင်ထုသွင်သဏ္ဍာန်ဖြစ်စေတဲ့ ကွန်ကရစ်နံရံတွေနဲ့ ထင်ထင်ရှားရှား ပါဝင်တဲ့ ကောင်းကင်က ဖန်တီးပေးလိုက်တာကြောင့် အပြန်အလှန် ထင်ဟပ်တဲ့ အလင်းနဲ့အရိပ်တို့ဟာ အန်ဒို့လက်ရာတွေရဲ့ အားသာချက်တွေ ဖြစ်တယ်၊ 

အန်ဒိုရဲ့ အပြင်ဖက်ဟင်းလင်းခွင်တွေ (Exterior Spaces) မှာလည်း ကောင်းကင်ဟာ အဓိကကျတဲ့ အစိပ်အပိုင်းပဲ၊ အန်ဒိုဟာ ကျဉ်းမြောင်းသေးသွယ်တဲ့ မြေနေရာ၊ ပုံသဏ္ဍာန်မမှန်တတ်တဲ့ မြေနေရာတွေကို အသက်ဝင်လာအောင် ဒီဇိုင်းပြုလုပ်တာ ကျွမ်းကျင်လှတယ်၊ အထူးသဖြင့် ပုံသဏ္ဍာန်မမှန်ပြီး လျှောစောက်တဲ့ မြေနေရာတွေမှာ အဆောက်အအုံဒီဇိုင်းကို ကျွမ်းကျင်သပ်ယပ်စွာ ပြုလုပ်တတ်တယ်၊  

သူဟာ မြေနေရာတွေကို ဖတ်ကျွမ်းတဲ့နေရာမှာ ထူးခြားတဲ့ အကြားအမြင်ရှိတယ်လို့ ဆိုနိုင်ပါတယ်၊ မြေအနေအထား၊ နေနဲ့ အလင်းရောင်ရနိုင်မယ့် နေရာ၊ မိုးရေကျလာမယ့် အနေအထား၊ ရေစီးဆင်းမယ့် အနေအထား၊ အနီးက နံရံတွေ၊ ပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့ အဆောက်အအုံတွေရဲ့ သက်တမ်း၊ ပြီးတော့ လူတွေရဲ့ အသွားအလာ စတာတွေကို သေသေချာချာ ဆန်းစစ်တယ်၊ မြေတခုလုံးကို သုံးဖက်မြင် အမြင်နဲ့ကြည့်ပြီး ဒီဇိုင်းပြုလုပ်တယ်၊ ပုပ်နေတဲ့နေရာ သုံးမရတဲ့နေရာရယ်လို့ မရှိအောင် ဒီဇိုင်းစဉ်းစားတယ်၊ မိုးကောင်းကင်ကို အရေးကြီးတဲ့ သဘာဝ အစိပ်အပိုင်းအဖြစ် ထည့်သွင်းတယ်၊ 

တည်ဆောက်တဲ့ စတွက်ချာတွေ (Structure) ဟာ ဟင်းလင်းခွင်နေရာ (Space)တွေကို ထင်ရှားစေသလို နေရာတွေကလည်း စတွက်ချာတွေကို ထင်ရှားစေတယ်၊ မြေနေရာ၊ စတွက်ချာနဲ့ ဟင်းလင်းခွင်နေရာတွေဟာ အပြန်အလှန်အားဖြင့် အသက်ဝင်တဲ့ အသုံးချစရာနေရာ ဖြစ်လာစေတယ်၊ အန်ဒိုဟာ အတွင်းဟင်းလင်းခွင်၊ အပြင်ဟင်းလင်းခွင်တွေကို ကျွမ်းကျင်စွာ ပေါင်းစပ်ယက်လုပ်နိုင်တဲ့သူ ဖြစ်တယ်။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

Wall Architecture of Tadao Ando

Wall Architecture of Tadao Ando

အဆောက်အအုံတွေရဲ့ နံရံတွေဟာ ကျွန်ုပ်တို့ရဲ့ လှုပ်ရှားမူတွေကို ထိန်းချုပ်ထားတဲ့ အရာပါ၊

ကျွန်ုပ်တို့ကို လမ်းညွှန်တယ်၊ ဟန့်တားတယ်၊ ကျွန်ုပ်တို့ရဲ့ ဆက်နွယ်မူတွေကို လွှမ်းမိုးထားတယ်၊ ပြီးတော့ ကျွန်ုပ်တို့ကို ညွှန်ကြားတယ်၊ ပိုင်းခြားတယ်၊ တဖန် ပေါင်းစည်းပေးနိုင်ပါတယ်၊

အဲဒီလို အချက်တွေ ပါဝင်တတ်တဲ့ အဆောက်အအုံရဲ့ နံရံတွေကို နူးညံ့သိမ်မွေ့တဲ့ ခိုလှုံရာဖြစ်အောင် တနည်း အနုပညာမြောက်အောင် တတ်နိုင်စွမ်းတဲ့ ဗိသုကာတွေထဲမှာ ဂျပန်ဗိသုကာ တာဒါအိုအင်ဒို (Tadao Ando)ဟာ ထင်ရှားပါတယ်၊ 

အင်ဒိုဟာ မာကျောသော အသွင်ရှိတတ်တဲ့ နံရံတွေနဲ့ ဗိသုကာလက်ရာများစွာကို ဖန်တီးခဲ့တယ်၊ များသောအားဖြင့် အထောက်အကူမပါတဲ့ နံရံတွေ (Freestanding Walls) နဲ့ နေချင်စဖွယ်ကောင်းတဲ့ နေရာတွေကို ဖွဲ့စည်းတယ်၊ ကောင်းကင်ကို ပါးပါးလွှာလွှာလှီးဖြတ်ထားပြီး ရေနဲ့ သဘာဝအလင်းရောင်တွေကို နေထိုင်အသုံးပြုရာ နေရာ (Space)တွေကို နံရံတွေနဲ့ အနုပညာမြောက်အောင် လှလှပပ ဖန်တီးတင်ပြနိုင်သူ တစ်ဦးပါ၊ ကမ္ဘာမြေထုကြီးရဲ့ သဘာဝအနှစ်သာရတွေကို နံရံတွေနဲ့ ချုံချလိုက်တဲ့ သဘောပါပဲတဲ့၊ 

အင်ဒိုရဲ့ ဗိသုကာလက်ရာအများစုကို နံရံဗိသုကာလက်ရာလို့ ပြောလို့ရပါတယ်၊ ဟိုကိုင်းဒိုးမှာရှိတဲ့ Church on the water အဆောက်အအုံမှာဆိုရင် နံရံချည်းသက်သက်တွေက သဘာဝမြေခင်းကို ဘောင်ခတ်ဖွဲ့စည်းထားတာမျိုး၊

Church on the Water


အိုဆာကာမှာရှိတဲ့ Church of the light မှာဆိုရင် တောင့်ဖြတ်နံရံတခုက ကွန်ကရစ်ကုဗတုံးသဏ္ဍာန်ကို ထိုးဖောက်နေတာမျိုး၊



Church of the Light


နာအိုရှီးမားမှာရှိတဲ့ Chichu Art Museum မှာတော့ အလျားလိုက် ထက်ခြမ်းထားတဲ့ နံရံတွေက အတွင်းက Courtyard ကို ၀န်းပတ်ထားတာဖြစ်ပါတယ်၊

Chichu Art Museum




 
အင်ဒိုဟာ ကွန်ကရစ်ကို အထူးသဖြင့် ကွန်ကရစ်နံရံတွေကို အသုံးပြုပြီး ဗိသုကာလက်ရာတွေကို ဖန်တီးတယ်၊ သူ့ရဲ့ လက်ရာတွေဟာ ဆောက်လုပ်ရေးပစ္စည်း အမျိုးအမည်အနည်းငယ်နဲ့သာ သုံးပြီး အဲဒီ ပစ္စည်းတွေကို သဘာဝအတိုင်း အသုံးပြုတာကို တွေ့ရပါတယ်၊ ဒီဇိုင်းပြုလုပ်တိုင်း သူငယ်ငယ်က ကျွမ်းဝင်ခဲ့တဲ့ ရင်းနှီးခဲ့တဲ့ အဆောက်အအုံတွေမှာ အသုံးပြုခဲ့တဲ့ သဘာဝ ဗိသုကာလက်ရာတွေကို အမြဲ နှလုံးသွင်းတယ်၊  

လူအများ ရင်းနှီးပြီး ထိတွေ့ အသုံးပြုနိုင်တဲ့ ကြမ်းခင်း၊ တံခါးနဲ့ ပရိဘောဂတွေကို သဘာဝပစ္စည်းတွေ ဖြစ်တဲ့ သစ်သားတွေကို အသုံးပြုပါတယ်၊ အင်ဒိုရဲ့ တန်ဆာမဆင်ထားတဲ့ နံရံတွေဟာ အပြင်ပန်းက ကြည့်ရင် လေးလံသော အသွင်အပြင်ကို ဆောင်တယ်၊ (နွေးထွေးမူ မရှိသလိုတောင် ထင်ရပါတယ်)၊

အင်ဒိုရဲ့ အစောပိုင်းလက်ရာတွေဟာ ကွန်ကရစ်ပုံးသဏ္ဍာန်တွေသာ ဖြစ်ခဲ့တယ်၊ နောက်ပိုင်းကျလာတော့ နံရံတွေဟာ ပြေပြစ်လာတယ်၊ ကုဗတုံးပုံတွေကို တောင့်အနားတွေမှာ အလင်းရောင်ဝင်စေတဲ့ အဖွင့်မျိုးတွေ ပေးလာတယ်၊ ရိုးရှင်းတဲ့ တြီသြမေတြီတည်ဆောက်မူတွေကနေ သဘာဝနဲ့ သဘာဝအလင်းရောင်တွေကို အသွင်ပြောင်းထားတဲ့ အလင်းတွေနဲ့ Space ဖွဲ့စည်းထားမူမှာ ရောယှက် လာစေတယ်၊Kidosaki House မှာဆိုရင် သူ့ရဲ့ မှေးမှိန်စွာ တောက်ပတဲ့ နံရံတွေဟာ Space တွေကို လှလှပပဖြစ်အောင် ဖွဲ့စည်းပေးပါတယ်၊ 

အင်ဒိုဟာ အသုံးပြုမူ (Function) အလိုက် Space တွေကို မဖွဲ့စည်းပါဘူး၊ ဗိသုကာပညာနဲ့ နံရံတွေကိုအသုံးပြုပြီး နူးညံ့တဲ့ ခိုလှုံရာဖြစ်အောင် သက်တောင့်သက်သာ နေထိုင်အသုံးပြုလို့ ရစေအောင် ဖန်တီးတည်ဆောက်ပါတယ်၊ မာကျောတဲ့နံရံတွေနဲ့ ပျော့ပြောင်းတဲ့ Space တွေ ဖြစ်အောင် ဖန်တီးတယ်၊ ထိတွေ့နိုင်သော၊ နေချင်စရာကောင်းသော နေရာဖြစ်အောင် ဂရုတစိုက် ဒီဇိုင်းပြုလုပ်လေ့ရှိပါတယ်၊ အင်ဒိုရဲ့ အထောက်အကူမဲ့ နံရံတွေဟာ ပန်းချီရေးဆွဲထားတဲ့ ပြင်ညီလိုပါပဲ လို့ ပြောကြပါတယ်၊
Kidosaki House


ရေးသားသူ။ ။ ဗိသုကာ နှစ်

Thursday 29 March 2012

Architect's Diary 4


MIT မှ ဥယျာဉ်မူးများ

အခုအချိန်မှာ ကိုယ်တို့အရွယ်တွေက ဥယျာဉ်မှူးတွေဖြစ်နေကြပြီနော်၊ ကိုယ်တို့ ပျိုးထောင်စိုက်ပျိုးနေရတဲ့ ပန်းအမျိုးအစားတွေ မတူပေမယ့် ပန်းပျိုးသူရဲ့ တည်ရာစိတ်ကတော့ အရောင်ဆင်တူနေလိမ့်မယ်၊ ကိုယ်တိုင် ဥယျာဉ်မှူးဖြစ်တော့မှ ကိုယ့်ကို ပျိုးထောင်ခဲ့သူ ဥယျာဉ်မှူးတွေရဲ့ ရင်ထဲကို အခါခါ ပြန်ကြည့်မိတော့တယ်၊ 

ဥယျာဉ်မှူးတစ်ယောက်ရဲ့ပီတိ၊ ဥယျာဉ်မှူးတစ်ယောက်ရဲ့ခံစားချက်၊ ပွင့်လန်းလာမယ့် ပန်းတွေကို တစိမ့်စိမ့်ကြည့်နေရတဲ့ စိတ်၊ ဥယျာဉ်မှူးတစ်ယောက်ရဲ့ ကျေးဇူးတရားတွေ တွေးကြည့်မိတာနဲ့တင် စိတ်ထဲကနေ ၀ပ်တွားဦးချ ကန်တော့ရပါတယ်လေ၊ 

ဒီလို လောကကြီးရဲ့ ဥယျာဉ်မှူးတွေဖြစ်လာအောင် ပျိုးပေးခဲ့တဲ့ MIT က ဥယျာဉ်မှူးတွေထဲက ဥယျာဉ်မှူးတစ်ယောက်ကို ဂုဏ်ပြုရေးသားပါရစေလား။ 

ဥယျာဉ်မှူးဖြစ်ခဲ့တဲ့ ဆရာမကြီး ဒေါ်မင်းသက်မွန်ရဲ့ ဗိသုကာပညာကို သင်ကြားပေးခဲ့တဲ့ သက်တမ်းတစ်လျှောက် ထားရှိခဲ့တဲ့ စိတ်ထားကို တတ်စွမ်းသမျှ ဖွဲ့ချင်ပါတယ်။ 

“ဒီပန်းလေးကို သူပျိုးရတော့မယ်ဆိုတော့ ဒီပန်းလေးရဲ့ ဖြစ်တည်ရာမျိုးစေ့၊ ရောက်လာခဲ့တဲ့ အသိုင်းအ၀ိုင်းတွေကို သူမသိရပေမယ့် ဒီပန်းလေး လှလှပပလေးပွင့်သွားဖို့သာ သူ့တာဝန်၊

သူ့ဥယျာဉ်ထဲမှာ ပွင့်လန်းတဲ့ပန်းတိုင်းဟာ လောကကို အကျိုးပြုဖို့၊ ဒါက မြင့်လွန်းတယ်ဆိုရင် လောက အလယ်မှာ တင့်တင့်တယ်တယ် ပွင့်စေဖို့ သူ ဖြစ်စေချင်တယ်၊ လောကအလယ်မှာ ပွင့်လန်းသွားတတ်ဖို့ သူ တတ်ကျွမ်းသမျှတွေ သူတို့စိတ်နှလုံးထဲ အတွေးထဲကို ရောက်သွားအောင် သင်ကြားပေးလိုက်ဖို့က သူ့တာဝန်ပါ၊” 

ဆရာမကြီးက ကိုယ်တို့ ဗိသုကာကျောင်းသားဘ၀မှာကတည်းက ဗိသုကာတစ်ယောက်လိုပဲ သဘောထားပြီး သိသင့်တတ်သင့်တာတွေကို စိတ်စေတနာ အပြည့်နဲ့သင်ကြားပေးခဲ့ပါတယ်၊ အနုပညာလည်း ပါတဲ့ ဗိသုကာပညာကို သင်တဲ့အခါမှာ

ဒီ အနုပညာစိတ်ဆိုတာကို စွဲမြဲခိုဝင်သွားအောင် သွတ်သွင်းပေးခဲ့တယ်၊ အဲဒီစိတ်ဟာ ကိုယ်တို့ရဲ့ ဘ၀တက္ကသိုလ်ဆိုတဲ့ လောကကြီးအပေါ် မြင်တဲ့အမြင်ကိုလည်း လှပနူးညံ့ပြီး သိမ်မွေ့စေခဲ့တယ်၊ 

ဆရာမကြီးဟာ MIT ရဲ့ ဗိသုကာဌာနမှာ ပထမဦးဆုံးဌာနမှူးပါ၊ A1 လို အဆောင်တွေမှာ မနေရခင်တုန်းက 1st Batch ကကျောင်းသူတွေ နေတဲ့ H2 မှာပဲ အတူတူနေထိုင်ခဲ့ပါတယ်၊ ဆရာမကြီးက 1st Batch , 2nd Batch စာသင်နှစ် နှစ်နှစ်အတွက် MIT မှာ ဌာနမှူးအဖြစ် နေထိုင်သွားခဲ့ပါတယ်၊

ဗိသုကာဌာနမှာတင်မက ကျောင်းရဲ့ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ စာပေအနုပညာပွဲ စတာတွေမှာလည်း ပါဝင်ခဲ့ပါတယ်၊ ဒုတိယနှစ်မှာ ဆရာအော်ပီကျယ်ကို ဖိတ်ပြီး ဟောပြောပွဲ ကျပ်းပပေးခဲ့တယ်၊

MIT ရဲ့ 1st Batch, 2nd Batch က ကျောင်းသူကျောင်းသားတွေ အတော်များများကလည်း ဆရာမကြီးကို ချစ်ခင်ကြပါတယ်၊

အခုတော့ ဆရာမကြီးက အငြိမ်းစားယူပြီးပါပြီ၊ ချစ်တပည့်တွေရဲ့ သတင်းတွေကို နားဆင်ရင်း ပီတိဖြာနေတယ်လို့ ကြားသိရပါတယ်။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

Architect's Diary 3


စတုတ္ထနှစ် ဗိသုကာကျောင်းသူ

 ဗိသုကာကျောင်းသူအခန်းကို မြင်ဖူးချင်သလား၊ မန်းချယ်ရီဆောင်က မိန်းခလေးတွေ သိကြမှာပါ။

 ညဆယ့်နှစ်နာရီထိုးလည်း သူမ မအိပ်နိုင်၊ အနောက်ဖက်ခြမ်းတောင်ပံက သန့်စင်ခန်းကို သွားကြရင်း သနားတယ်ဆိုတဲ့ အကြည့်နဲ့ သူမကို ကြည့်သွားကြတာများ၊ ပုံဆွဲကိရိယာတွေ၊ ပုံဆွဲထားတဲ့ ထရေစင် စာရွက်ပုံတွေ၊ မော်ဒယ်လ်လုပ်ဖို့ အပိုင်းအစတွေ ကုတင်ပေါ်မှာ ပြန့်ကျဲလို့၊ သူမ ဒီတညရော အိပ်လို့ ရပါအုံးမလား၊ ကက်ဆက်လေးတစ်လုံးနဲ့ ရစ်ချတ်ကလေဒါမင်ရဲ့ စန္ဒရားတီးလုံးလေးတွေကို တီးတိုးညင်သာစွာဖွင့်လို့ သူမ အာရုံတွေ နှစ်မျောနေခဲ့တာ၊ တင်ရမယ့် ဒီဇိုင်းက ဆေးရုံတဲ့လေ၊ ကုတင်တစ်ရာဆေးရုံဆိုပဲ။

ဆေးရုံလို အဆောက်အအုံက ဒီဇိုင်းလုပ်လို့ကို မကောင်းဘူးတဲ့၊ ဖြေရှင်းပေးရမယ့် နည်းပညာတွေက များတယ်၊ ဆေးရုံမှာ ပါရမယ့်အခန်းတွေကို ပြေလည်အောင် ဖြေရှင်းပေးတာကိုက အခက်တဲ့၊ မေးမြန်းရ၊ စဉ်းစားရမယ့် အချက်တွေ များလွန်းလို့ ဒီဇိုင်းဆိုတာကိုတောင် မေ့စေတော့မလောက် အာရုံစားစေတယ်တဲ့လေ။ 

သူမရဲ့ အခန်းနံရံပေါ်ကိုလည်း ကြည့်ပါအုံး၊ စာတွေရေးပြီး ကပ်ထားတယ်၊ သူမအတွေးထဲမှာ ဘာတွေများ ရှိတာပါလိမ့်၊ သူမကိုယ်တိုင်ပဲ သိလိမ့်မယ်၊ အနုပညာတွေဆိုတာလားတော့ မသိဘူး၊ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ ဗိသုကာဘာသာကို ယူခဲ့တာ ဒီအမ်အိုင်တီ၊ ဒုတိယ အုပ်စု (MIT 2nd Batch) မှာ သူမတယောက်တည်းရယ်၊ အဖော်(မိန်းခလေး) လည်းမရှိ၊ သတ္တိရှိတယ်လို့တော့ ပြောရမယ်၊ ဗိသုကာပညာဆိုတာကို သူမ နားမလည်သေးပါဘူးတဲ့၊ တခါတခါတော့လည်း ပြောပြန်တယ်၊ ဒါပေမယ့် ပုံဆွဲရတာကိုတော့ နှစ်ခြိုက်နေသလိုပဲ၊ မနက်လင်းတဲ့ ညတွေ သူမအတွက် များလွန်းတယ်။ 

ကျောင်းရှေ့က ခြံမှာ ၀ယ်ထားတဲ့ ပန်းအိုးထဲက နှင်းဆီရနံ့တွေနဲ့ သူမ ပုံဆွဲတယ်၊ စကားလုံးတွေ မပါတဲ့ ဂီတတွေးသွားတွေနဲ့ သူမ ပုံဆွဲတယ်၊ အခန်းဖော် အနှောင့်အယှက်ဖြစ်မှာစိုးလို့တဲ့ ညင်သာတိုးတိတ်စွာ လှုပ်ရှားတယ်၊ သူမ… သနားစရာကောင်းလှတယ်။

 ဗိသုကာဘာသာမှာ တစ်ဦးတည်းသော မိန်းခလေးမို့ မဲနဲ့ရွေးစရာမလိုပဲ ကွင်းဖြစ်နေတဲ့ သူမကို ဂရုစိုက်မယ့် အတန်းဖော် (ယောကျာင်္းလေး) တွေရှိပါတယ်၊ သူမကို ဂရုစိုက်ကြသားပဲ၊ သူမဟာ ခင်စရာတော့ အကောင်းသား၊ စကားများများ မပြောတာကလွဲလို့လေ၊ ဒီဇိုင်းပရော့ဂျက်တွေ တခါ ဂျူရီ (Jury) တင်ပြီးသွားတာနဲ့ သူမ ပေါ့ပါးသွားပြန်တယ်၊ ကျောင်းရဲ့ ၀န်ထမ်းတွေနေတဲ့အိမ်ဖက်က စာအုပ်ဆိုင်က စာအုပ်တွေ ငှားပြီးဖတ်တယ်၊ ဘာသာပြန်တွေလဲပါတယ်၊ အနီနှင့်အနက် ဆိုပြီး အာဖရိက က လူရိုင်းအကြောင်းတွေတဲ့၊ ဖတ်ပြီးသွားရင်လည်း သိပ်မမှတ်မိဘူး၊ စာထဲက အကြောင်းအရာတွေကို အကုန်မယူနိုင်သေးဘူး၊ စာမဖတ်တတ်သေးဘူးတဲ့ ပြောတတ်ပြန်သေးတယ်၊ စာရေးတတ်ချင်လို့ဆိုပြီး ၀တ္တုတိုရေးနည်းတွေ ဖတ်လိုဖတ်၊ ရသစာတမ်းဆိုပြီး ဖတ်လိုဖတ်၊ တကယ်တော့ အဲဒီအချိန်မှာ ဘာမှလည်း ရေးတာ မတွေ့ဘူး၊ အနီရောင် ဒိုင်ယာယီစာအုပ်တစ်အုပ်နဲ့ တိုးတိုးတိတ်တိတ် ရေးခြစ်နေတာတော့ တွေ့မိသလိုပဲ။

အဲဒီည သူမ မိုးလင်းသွားခဲ့ပုံရတယ်၊ သူမတွေ မနက်အိပ်ရာနိုးတော့ ပိတ်ခြင်ထောင်ထဲမှာ သူမ အိပ်မောကျနေခဲ့ပြီ၊ လုပ်လက်စ မော်ဒယ်လ်လေးပေါ်မှာ “ကျေးဇူးပြု၍ မနိုးပါနဲ့” တဲ့။

ရေးသားသူ။     ။ဗိသုကာ နှစ်

Architect's Diary 2

တတိယနှစ် ဗိသုကာကျောင်းသူ


ဒုတိယနှစ်အပြီးမှာ ပုဂံကို ခရီးထွက်ခဲ့ရတယ်၊ ပုဂံဘုရားတွေတိုင်းတာဖို့တဲ့၊ ရန်ကုန်က ကျောင်းသားတွေနဲ့ စုပြီး တိုင်းတာ ရေးဆွဲခဲ့ရတာလေ၊ အခြေခံပညာလောက်သာ တတ်သေးတဲ့ သူမတို့က အဖွဲ့ဝင်အဖြစ် ကူညီရုံပဲ၊ (ဒုတိယနှစ်မှာကတည်းက ဆရာကြီးဖြစ်နေပြီဖြစ်တဲ့ ပုဂံသားခိုင်ဝင်းလတ်တို့က လွဲရင်ပေါ့လေ)၊ တိုင်းတာရေးဆွဲရင်းနဲ့ ရှေးဟောင်းအဆောက်အအုံတွေရဲ့ ဗိသုကာလက်ရာနဲ့ တည်ဆောက်ခြင်းနည်းပညာကို တဖက်တစ်လမ်းကနေ သိစေခဲ့တာပဲလို့ နောင်သောအခါမှာတော့ သဘောပေါက်ခဲ့ပါတယ်၊ အဲဒီတုန်းကတော့ အဲဒါတွေ သဘောပေါက်မယ့်အစား သူမက ပုဂံရဲ့ဆည်းဆာအလှ၊ ပုဂံရာဇ၀င်ထဲက ကျန်စစ်သား၊ မဏိစန္ဒာတို့ရဲ့ ခြေရာတွေကိုသာ လိုက်ရှာနေခဲ့တာလေ။

 တတိယနှစ်အတန်းပြန်စတော့ အစပိုင်းမှာပဲ (Design Project) တခု စလုပ်ခဲ့ရတယ်၊ အဲဒီ ဒီဇိုင်းက (Picnic Shelter) တဲ့၊ ဒီ ဒီဇိုင်းက အမိုးပါရမယ့် အဆောက်အအုံ၊ နေရာက ကျောင်းဝင်းထဲမှာပဲ၊ ဒီပရော့ဂျက်က ခက်စပြုလာပြီ၊ (sun shelter) တုန်းက နံရံအကာလေးတွေကိုပဲ အမျိုးအမျိုး လှည့်ပြီး ကြိုက်သလို ဒီဇိုင်းလုပ်လို့ ရပေမယ့် ဒီမှာတော့ တည်ဆောက်ဖို့ နည်းပညာတွေ သိမှ ဖြစ်တော့မယ်တဲ့။

ဒီဇိုင်းဆိုတာကိုတောင် သိပ်သဘောမပေါက်သေးတော့ မြင်နေကျ အဆောက်အအုံပုံစံမျိုးပဲ ဆွဲဖြစ်ခဲ့တယ်၊ ရိုးရိုးလေးမှာတောင် တည်ဆောက်ခြင်းနည်းပညာကို မနည်းလေ့လာပြီး ဆွဲခဲ့ရတာပါ။

 အဲဒီ ဒီဇိုင်းအတွက် ဂျူရီမှာ ဆရာမကြီး ဒေါ်မင်းသက်မွန်က ပါမောက္ခချုပ် ဦးသိန်းတန်၊ ဆရာ ဦးအောင်ကျော်မြတ်ကိုပါ ဖိတ်ခေါ်ထားတယ်၊ ဆရာကြီးတို့က မြို့ပြအင်ဂျင်နီယာလည်း ဖြစ်တာမို့ပါ၊ တည်ဆောက်ခြင်းနည်းပညာတွေကို သင်ပြနိုင်ဖို့တဲ့၊ 

သူမ ကြောက်လိုက်ရတာ၊ နည်းပညာတွေကိုလည်း သိပ်မသင်ယူခဲ့ရသေးဘူး၊ ဂျူရီမှာ ပါမောက္ခချုပ်က ဆောက်လုပ်ပုံနည်းစနစ်တွေကို မသင်ရသေးဘူးဆိုပေမယ့် “သမီးဒီဇိုင်းရဲ့ ခေါင်မိုးဘယ်လို တည်ဆောက်မလဲဆိုတာ Common Sense နဲ့ပြောပါ” ဆိုတော့ ဒုက္ခရောက်လိုက်တာ၊ ကြောက်တာနဲ့တင် သူမ ဘာမှ မတွေးနိုင်တော့ဘူး၊ သူမ မဖြေတတ်ဘူး ဖြစ်နေခဲ့တယ်၊ ဂျူရီကို လာကြည့်ကြတဲ့အထဲမှာ မြို့ပြကျောင်းသား မိုးနိုင်ဦးတို့လည်းပါတယ်၊ အနောက်ကနေ အားမရ ဖြစ်နေခဲ့ကြတယ်၊ နောက်ဆုံးတော့ ဆရာမကြီးက ၀င်ကူပေးလို့သာ သက်သာသွားတော့တယ်၊ ဆရာကြီးက “ဆက်မေးရင် ငိုတော့မှာ ထင်တယ်” လို့ ရယ်သွမ်းသွေးပြီး ပြန်ချော့တော့မှ အသက်ပြန်ရူဖို့သတိရတော့တယ်၊ အဲဒီခံစားချက်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ 

တကယ်တော့ အဆောက်အအုံတခုကို ဒီဇိုင်းလုပ်ရာမှာ တည်ဆောက်ခြင်းနည်းပညာမသိပဲ အနုပညာတခုအနေနဲ့ စိတ်ကူးပုံဖော်ပြီး ရေးဆွဲလို့ မရမှန်း တတိယနှစ်မှာကတည်းက လက်တွေ့သိခဲ့ရတာပါပဲလေ။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

Architect's Diary 1


ဒုတိယနှစ် ဗိသုကာကျောင်းသူ 

“ဘာဖြစ်လို့ ဗိသုကာဘာသာကို ရွေးခဲ့သလဲ”

အဲဒီမေးခွန်းတော့ ဘယ်တော့မှ မမေးနဲ့နော်၊ တိကျတဲ့အဖြေကို မရှိဘူး၊ ဒုတိယနှစ်မှာ ဓာတုဗေဒဆက်ပြီး သင်စရာမလိုတော့ဘူး လို့ဆိုရင် ဒါက ဆင်ခြေတခုသာဖြစ်လိမ့်မယ်၊ ပထမနှစ်မှာ ဂုဏ်ထူးရအောင် ဖြေခဲ့သားပဲ၊ အီကွေးရှင်းတွေကို လက်နဲ့ချရေးပြီး ကျက်ရလွန်းလို့ ညောင်းသွားတဲ့ လက်ချောင်းကလေးတွေကို အခန်းဖော် “မာမာ“ က နှိပ်ပေးယူရတဲ့အထိ။ 

သူမမှာ ဗိသုကာပညာနဲ့ ပတ်သက်ပြီး နောက်ခံအသိုင်းအ၀ိုင်းလည်းမရှိဘူး၊ လေးနက်အဓိပ္ပါယ်ရှိလှတဲ့ ဗိသုကာပညာဆိုတာကို အဲဒီတုန်းက တကယ်မသိခဲ့ပါဘူး။ 

သူမက ခံစားချက်ကို ဦးစားပေးတဲ့သူ၊ စိတ်ကူးယဉ်ကြောမှာ မျောချင်နေတဲ့သူ၊ အတွေးတွေနဲ့သာ အရာရာကို အကောင်အထည် ဖော်ချင်နေသူ၊ ရွေးချယ်စရာ မြို့ပြ၊ အီလက်ထရောနစ်ဘာသာတွေကို တွေးကြည့်တော့ လူတွေအများကြီး၊ လက်တွေ့ကျမှဖြစ်မယ်လို့ ထင်ရတဲ့ အဲဒီဘာသာတွေကို သူမ မယူချင်၊ ခပ်ကြောင်ကြောင်တွေးမိခဲ့တာကို ပြောပြရရင် လူတွေအများကြီးမှာ သူမ မထင်မရှားတော့ မဖြစ်ချင်၊ သူမသည် တိုးပေါက်နိုင်မှာ မဟုတ်၊ ဗိသုကာဘာသာကို အနည်းငယ် လေ့လာကြည့်တော့ သူမနှစ်သက်သော စိတ်ကူးများကို ဖြန့်ကျက်နိုင်ခွင့်ရှိခြင်း၊ လူအနည်းငယ်ကိုသာ ဂရုတစိုက်သင်ကြားပေးခြင်း၊ ကျက်မှတ်ရမယ့် ဘာသာတွေ မများခြင်း၊ (Design Studio) စတူဒီယိုဟု ခေါ်တွင်သတ်မှတ်သော အချိန်များတွင် လွတ်လပ်ပေါ့ပါးစွာ ပုံဆွဲနိုင်ခွင့်၊ အဲဒီအချက်တွေနဲ့ သူမ ဆုံးဖြတ်ရွေးချယ်ခဲ့လိုက်ပါတယ်။ 

အနုပညာနှင့်သိပ္ပံပညာပေါင်းစပ်ထားတဲ့ ဗိသုကာပညာသင်ခန်းစာတွေကို သူမ အလွန်နှစ်ခြိုက်ခဲ့ပါတယ်။

ဒုတိယနှစ်မှာ ပထမအစပိုင်းမှာ သင်ယူရတဲ့ ဗိသုကာဘာသာတွေက သိပ်မခက်လှသေးဘူး၊ ပန်းချီပညာအစလိုပဲ ခဲနဲ့ ရေးခြစ်တတ်အောင် ဆွဲရတဲ့ဘာသာ၊ ပုံဆွဲကိရိယာတွေနဲ့ အခြေခံပုံဆွဲနည်းကို တိတိကျကျ ဆွဲရတဲ့ဘာသာ၊ ပြီးတော့ ဒီဇိုင်းအတွေးတွေကို တွေးတောတတ်ဖို့ သင်ရတဲ့အခြေခံဒီဇိုင်းပညာ၊ ပထမနဲ့ဒုတိယဘာသာတွေက စိတ်ရှည်ရှည်ထားပြီး စနစ်တကျ ရေးဆွဲရင် ဖြစ်နိုင်ပေမယ့် အခြေခံဒီဇိုင်းပညာကတော့ လေးနက်လှတယ်၊ အဲဒီဘာသာကို ဆရာမကြီး ဒေါ်မင်းသက်မွန်သင်ပေးခဲ့တယ်၊ သင်နေတဲ့ အချိန်တုန်းကတော့ ဆရာမကြီးရဲ့ အာဘော်မှာ စီးမျောသွားခဲ့ပေမယ့် အတန်းပြီးသွားရင် ခေါင်းတွေ မူးနောက်ကျန်ခဲ့တယ်၊ တစ်ပတ်မှ တစ်ခါပုံတွေကို (project) တစ်ခုအနေနဲ့ တင်ရတာဆိုတော့ ဆရာမကြီးပေးတဲ့ ခေါင်းစဉ်နဲ့ ဘယ်လို ပုံဖော်ရရင် ကောင်းမလဲလို့ စဉ်းစားရင်း တစ်ပတ်လုံးလုံး အဲဒီအာရုံက နေရာယူထားပြီလေ၊ ပုံတွေကို တင်ပြီးတာနဲ့ ဆရာမကြီးကလည်း အိုင်ဒီယာမှန်ရင်မှန်သလို အမှတ်တွေကို အရမ်းပေးတော့ ပင်ပန်းရကျိုးနပ်ပါတယ်။ 

ဒုတိယနှစ်ရဲ့ နောက်ပိုင်းမှာတော့ အဆောက်အအုံလို့ ခေါ်တွင်နိုင်တဲ့ ပရော့ဂျက်တွေ စလုပ်ရပြီ၊ ပထမတခုက (sun shelter) တဲ့၊ နေရိပ်ရမယ့် အကာအရံလေးတခု၊ နေရာက ကျောင်းဝင်းထဲမှာတဲ့၊ ဘယ်နေရာမှာ တည်ဆောက်ပေးရင် ဖြစ်မလဲလို့လဲ စဉ်းစားပေးရမယ်တဲ့၊ တင်နီနီကို ၊ တင်မာဆွေ၊ ဇင်မင်း စတဲ့ သူငယ်ချင်းတွေကို လိုက်မေးရတယ်၊ “ကျောင်းနဲ့ အဆောင်ကြားမှာ ခဏနားဖို့ နင်တို့ ဘယ်နေရာမှာ အရိပ်လိုအပ်မလဲ..ဟင်” လို့ (survey) လုပ်ရသေးတယ်၊ ဗိသုကာမေဂျာသူငယ်ချင်းရဲ့ အရိပ်ကို အဲဒီကစပြီး သူတို့တွေခံယူနေရပြီ၊ (Sun shelter ) ဒီဇိုင်းကို ကျောင်းရဲ့ A1, A2 ဆေးပေးခန်း၊ စာတိုက်တွေနားက မြေကွက်လပ်လေးမှာ သူမလုပ်ခဲ့ပါတယ်။ 

ဒီပရော့ဂျက်ကို ဆရာတွေအားလုံးရှေ့မှာ ဒီဇိုင်းအတွေးအခေါ်တွေ၊ ရေးဆွဲထားတာတွေကို တင်ပြရတာပါ၊ Jury ရှိတယ်ဆိုရင် သူငယ်ချင်းတွေက သူမကို သနားနေကြပြီ၊ မတင်ခင် သုံးရက်လောက်မှာ မအိပ်မနေ ရေးဆွဲရတာမို့လေ၊ 

ဒါပေမယ့် ဒီဇိုင်းပရော့ဂျက်တခုပြီးသွားလို့ ရလိုက်တဲ့ ပီတိကတော့ ဗိသုကာကျောင်းသူမှသာ ခံစားသိပါလိမ့်မယ်။ 

ရေးသားသူ။ ။ ဗိသုကာ နှစ်

ဗိသုကာလက်ရာ အဆင့်ဆင့်ပြောင်းလဲလာခြင်း


ဗိသုကာပညာဆိုတာက လူတွေခိုလှုံဖို့ သို့မဟုတ် အသုံးချဖို့ အဆောက်အအုံတွေ၊ physical structure (ဥပမာ မျှော်စင်လိုမျိုး) တွေကို ဒီဇိုင်းပြုလုပ်ပေးပြီး တည်ဆောက်ပေးတဲ့ အနုပညာနဲ့ နည်းပညာပေါင်းစပ်ထားတဲ့ ပညာပါ။

အကျယ်ချဲ့ရမယ်ဆိုရင် အဆောက်အအုံနဲ့သူ့ရဲ့ ၀န်းကျင်တခုလုံးပါဝင်ပါတယ်၊ အဆောက်အအုံတခုရဲ့ အသေးစိပ် (ပရိဘောဂတွေကအစ) ကနေ အဆောက်အအုံတခုရဲ့ သူ့ပတ်ဝန်းကျင်နဲ့ ဆက်စပ်မူအထိ စဉ်းစားတွေးတောရပါတယ်၊ ချုံပြောရမယ်ဆိုရင် ဗိသုကာပညာဟာ လူတွေအတွက် နေထိုင်အသုံးပြုဖို့ ဒီဇိုင်းပြုလုပ်ပေးတဲ့ ပညာပဲ ဖြစ်ပါတယ်။

ဗိသုကာပညာကို အကောင်အထည်ဖော်ပေးတာကတော့ ဗိသုကာတွေပါပဲ။

ဗိသုကာလက်ရာတွေကို ယဉ်ကျေးမူ၊ နိုင်ငံ့သင်္ကေတ၊ အနုပညာလက်ရာလို့ မြင်တတ်ကြပါတယ်၊ ဗိသုကာလက်ရာတွေကို ကြည့်ခြင်းအားဖြင့်လည်း ရှေးက မြို့ပြတွေ ထွန်းကားခဲ့ပုံကို သိခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ အီဂျစ်မှာ ရှိတဲ့ပိရမစ်နဲ့ ရိုမန်မှာရှိတဲ့ ကိုလိုဆီယမ် (Colosseum) လို အဆောက်အအုံတွေဟာ ယဉ်ကျေးမူသင်္ကေတကို ပြနေတယ်၊ အဲဒီအဆောက်အအုံတွေကြောင့် ရှေးက ထွန်းကားခဲ့ပုံတွေကို ပြန်လည်တွေ့ရှိတာကြောင့်ပါ။ မြို့တွေ၊ ပြည်တွေ၊ နိုင်ငံတွေနဲ့ ယဉ်ကျေးမူအဆင့်အတန်းတွေကို ဗိသုကာလက်ရာတွေကနေတဆင့် ဆက်လက် သိမြင်နိုင်အုံးမှာပဲဖြစ်ပါတယ်။

ဗိသုကာလက်ရာတွေဟာ အမြင်ဆိုင်ရာ သက်သက်အတွက်သာမဟုတ်ပါ၊ ဗိသုကာပညာကို လူ့စိတ်အာရုံနဲ့လည်း ခံစားသိမြင်နိုင်စေပါသေးတယ်၊ ဗိသုကာလက်ရာတွေကို အကြား၊ အမြင်၊ အရသာ၊ အထိအတွေ့အာရုံများအရလည်း သိမြင်နိုင်ပါတယ်၊ ဗိသုကာတွေ ပုံဖော်ထားတဲ့ တစ်နည်း ဒီဇိုင်းလုပ်ထားတဲ့ space တွေ အရ ဗိသုကာလက်ရာဆိုတာတွေကို အကဲဖြတ်နိုင်ပါသေးတယ်။

ဗိသုကာ

ဗိသုကာတွေက လူတို့ အသုံးပြုဖို့ အဆောက်အအုံတွေကို စီမံပေးရတယ်၊ ဒီဇိုင်းပြုလုပ် တည်ဆောက်ပေးရတယ်၊ ဗိသုကာတွေက အဆောက်အအုံ တည်ဆောက်ရေးပစ္စည်းတွေနဲ့ ဗိသုကာပညာ ဝေါဟာရတွေဖြစ်တဲ့ ထုသွင်၊ နေရာ၊ အလင်းရောင်၊ စသည်တို့နဲ့ ဖန်တီးပေးရတယ်၊ အဆောက်အအုံ ကုန်ကျမယ့်စရိတ်၊ တည်ဆောက်ရေးနည်းပညာတို့ကို တွက်ချက်ရတယ်၊ ကန့်သတ်ပေးရတယ်။

ဗိသုကာတွေရဲ့အလုပ်က ပုံတွေဆွဲပေးရတယ်၊ တည်ဆောက်ဖို့ လိုအပ်တဲ့ အခြားအရာတွေ (ဥပမာ specification) ကိုလည်း ပေးရပါတယ်။ ဗိသုကာတွေ ဖန်တီးပေးတဲ့ အဆောက်အအုံဟာ အသုံးတည့်ရမယ်၊ အနုပညာလည်း မြှောက်ရပါမယ်။

ဗိသုကာပညာသီအိုရီ

တစ်ရာစုနှစ်လောက်ကတည်းက ရိုမန်ဗိသုကာ Vitruvius က ကောင်းမွန်တဲ့ အဆောက်အအုံဟာ ခိုင်ခံ့ရမယ်၊ အသုံးတည့်ရမယ် ပြီးတော့ လှပရမယ်လို့ဆိုခဲ့တယ်။

Leone Battista Alberti ဆိုသူက Vitruvius ရဲ့ အဆောက်အအုံဟာ လှပရမယ်ဆိုတာကို ပိုအသေးစိပ်ခဲ့တယ်၊ အချိုးအစားကျနဖို့၊ အသေးအစိပ်အပြောက်အမွှမ်းတွေကို ထည့်သွင်းခဲ့တယ်၊ ဥပမာ ပါသီနွမ်ကျောင်းတော်ရဲ့အချိုးအစားရယ်၊ တိုင်တွေမှာ ထည့်ထားတဲ့ အပြောက်အမွှမ်း အသေးစိပ်တွေလိုပေါ့။

အဲဒီခေတ်က အဆောက်အအုံတွေမှာ အလှအပဆိုတဲ့အရာဟာ တစုံတရာအသုံးတည့်ဖို့မဟုတ်ပဲ အမြင်ဆိုင်ရာ အစိပ်အပိုင်းသက်သက်ဖြစ်ဖို့ရာကို ပိုပြီး ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ဆယ့်ခြောက်ရာစုတိုင်အောင် ဗိသုကာလက်ရာတွေဟာ မတိုးတက်ခဲ့ဘူး။

တစ်ဆယ့်ကိုးရာစုနှစ်မှာ ဂျွန်ရပ်စကင် (John Ruskin) ဆိုတဲ့ အနုပညာဝေဖန်ရေးဆရာက Seven Lamps of Architecture, 1849 စာအုပ်ကို ထုတ်ဝေခဲ့တယ်။ သူပြောတာက ဗိသုကာလက်ရာတွေဟာ လူတွေဆောက်တဲ့ အဆောက်အအုံတွေကို မွှမ်းမံခြယ်သတာနဲ့ပဲ ပြီးခဲ့တယ်၊ လူတွေက သူတို့ရဲ့ အာဏာစွမ်းအား၊ ပျော်ရွှင်စေဖို့ ဖြေဖျော်တဲ့ စိတ်သက်သက်နဲ့ အဆောက်အအုံတွေကို အမြင်လှအောင်လုပ်ခဲ့တယ်ပေါ့။

ဂျွန်ရပ်စကင်က သူ့အတွက်ဆိုရင်တော့ “အဆောက်အအုံကို ချယ်မူန်းမွှမ်းမံတာဟာ ဗိသုကာလက်ရာမမြှောက်ပါဘူး၊ ဗိသုကာလက်ရာ အဆောက်အအုံဟာ ကောင်းမွန်စွာ တည်ဆောက်ထားတာတဲ့၊ အချိုးအစားကျနတဲ့၊ အသုံးကျတဲ့ အဆောက်အုံမျိုးအနည်းဆုံးတော့ ဖြစ်ရမယ်” လို့ ဆိုခဲ့တယ်။

ဗိသုကာလက်ရာနဲ့ အဆောက်အအုံဆိုတာကို ကွဲပြားစေဖို့ နှစ်ဆယ်ရာစုမှာ ထင်ရှားတဲ့ ဗိသုကာဖြစ်တဲ့ လီကော်ဗူးဆေးက ရေးခဲ့ပါတယ်၊ “ကျောက်တုံး၊ သစ်သားနဲ့ ကွန်ကရစ်တွေကို အသုံးပြုပြီး အိမ် သို့မဟုတ် နန်းတော်ကို တည်ဆောက်တယ်ဆိုပါတော့၊ အဲဒါဟာ အဆောက်အအုံပဲ၊ ဖန်တီးမူတွေပါနိုင်တယ်၊ ဒါပေမယ့် အဲဒီအဆောက်အအုံဟာ ကျွန်တော့ရဲ့နှလုံးဘ၀င်ကို ထိစေမယ်၊ ကျွန်တော်ကလည်း နေထိုင်အသုံးပြုရတာ ပျော်ရွှင်တယ် တစ်နည်း သက်တောင့်သက်သာဖြစ်စေမယ်၊ အမြင်ဆိုင်ရာအားဖြင့်လည်း လှတယ်လို့ဆိုမယ်၊ အဲဒါဟာ ဗိသုကာလက်ရာပါပဲ။”

ရေးသားသူ။ ။ ဗိသုကာ နှစ်

Living in Color (Part3)

အရောင်များ၏ သိပ္ပံသဘောတခုတည်း အဖြစ်မဟုတ်ပဲ အရောင်ရွေးချယ်ကြရသော အကြောင်းအချက်ရှိပါသည်။ လူတိုင်းတွင် သူနှစ်သက်သောအရောင် ကိုယ်စီရှိကြပါသည်။ မည်သည့်သီအိုရီနှင့်မျှ တစုံတဦးအား သူနှစ်သက်သော အရောင်မှ တခြားသောအရောင်ဖြင့် လွှမ်းမိုးချင်၍ မရနိုင်ပါ။ ကံကောင်းလှစွာ ကျွန်ုပ်တို့တွင် ကိုယ်စီနှစ်သက်သော အရာများမှာ မတူညီပဲ အမျိုးမျိုးရှိနေကြခြင်းဖြစ်ပါသည်။
သို့သော်လည်း အရောင်များ၏ အလုပ်လုပ်ပုံနှင့် အရောင်များတွင် စည်းမျဉ်းများရှိကြောင်းကို မဖြစ်မနေ မှတ်သားရန်လိုပါသည်။ 
အရောင်များမရှိပဲ နေထိုင်ရန်မဖြစ်နိုင်ပါ။ အရောင်များသည်အချိန်ပြည့် သင့်အားဝန်းရံနေသော ကြောင့်ဖြစ်သည်။ စိတ်ခံစားချက်အပေါ်တွင် လွှမ်းမှိုးမှုရှိသည်မှာလည်း ထင်ရှားပေသည်။ စိတ်ကူးဖြင့် နံရံနှစ်ချပ်ကြားတွင်လမ်းလျှောက်ကြည့်ပါ၊ အရွက်များဖုံးလွှမ်းနေသော သစ်ပင်ရိပ်၌ထိုင်ကြည့်ပါ၊ ကြည်လင်သောကောင်းကင်ပြာကိုငေးကြည့်ပါ၊ သို့မဟုတ်အနီရောင်ဆွယ်တာဝတ်ထားကြည့်ပါ။ အရောင်များ၏ စွမ်းအားကို သင်ချက်ချင်း သတိပြုသွားရပေမည်။ 
သင်၏ ကိုယ်ပိုင်အိမ်အား တန်ဆာဆင်ရန် အရောင်များကို ရွေးချယ်ရခြင်းသည် စိုးရိမ်ဖွယ်ကောင်းသော အချက်ဖြစ်သည်။ လူတိုင်းသည် အိမ်ခန်းအတွင်း အလှဆင်ခြင်း ဆိုင်ရာမဂ္ဂဇင်းများကို အချိန်ပေး၍ ကြည့်ရှုကြမည်၊ အရောင်အနုအရင့်နှင့် အထည်အထပ်ထပ်များကိုလည်း သတိထားပြီး သေချာစွာကြည့်ကြမည်၊ ရွေးရခက်သော အရောင်များဖြစ်နေပေမည်။ မည်သည့် အရောင်ကိုပဲ ရွေးရွေး သင် ရွေးချယ်လိုက်သော အရောင်ကို သင်ရော သင့်မိသားစုပါ ကြိုက်နှစ်သက်ရတော့မည်။ ဖက်ရှင်ကျသော်လည်း နေထိုင်၍ သက်တောင့်သက်သာ မရှိလှသော အရောင်များကို မရွေးချယ်သင့်ပါ။ သင်၏အိမ်အား အလှဆင်မွှမ်းမံခြင်းသည် သင့်ကိုနေထိုင်၍ ကောင်းစေရမည့်အပြင် သင့်မိသားစုအပြင် မိတ်ဆွေများကို ကြိုဆိုသောအရောင်များ ဖြစ်သင့်သည်။ အရောင်များသည် သင်၏ ပတ်ဝန်းကျင်ကို ကောင်းမွန်စေရမည်။ သင်ဝတ်ထားသော အဝတ်ကဲ့သို့ သင်၏အိမ်သည် သင်၏ ကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက်များကို ဖော်ပြပေးနိုင်သည်။ 
အလင်းမရှိပဲ အရောင်မရှိနိုင်ပါ။ ထို့ကြောင့် အိမ်ခန်းများကို အလှဆင်ရာတွင် အခန်း၏ အရည်အသွေးနှင့် အလင်းကျရောက်နိုင်မှု တို့ကို ပထမဦးဆုံး ဆုံးဖြတ်ရပေမည်။ အခန်း၏ပြတင်းသည် မြောက်ဘက်သို့ လှည့်နေပါက နေပူသောနေ့များတွင် တောင် အလင်းသည် အေးမြမြရှိနေပေလိမ့်မည်။ ပြတင်းအပြင်ဘက်တွင် သစ်ပင်များရှိပါက အခန်းသည် ဆောင်းနှင့်နွေဦးမှသည် နွေရာသီထက်ပိုပြီး လင်းပေမည်။ အရွက်များ ခက်ဖြာနေသော အကိုင်းများသည် အခန်းတွင်းသို့ အစိမ်းရောင် အရိပ်များဝေဖြာ နေပေလိမ့်မည်။ 
တောက်ပသောအလင်းရှိပါက အဖြူရောင် သုတ်ထားသောနံရံသည် မျက်စိကျိန်းစေပါသည်။ သိသာသောအရောင်ရှိသည့် ပန်းများ၊ ပန်းချီကားများကို ပံ့ပိုးပေးပါက နှုးညံလှသော အပြောင်းအလဲကို အကောင်းဆုံးရယူ နိုင်ပါမည်။
နေ့မှာရရှိသည့် အလင်းကိုချည်း တွေးနေ၍မဖြစ်ပါ။ ဧည့်ခန်းနှင့် ထမင်းစားခန်းသည် များသောအားဖြင့် ည အချိန်အခါတွင်သာ အသုံးများသည်။ ထို့ကြောင့် အရောင်များကို (Artificial Light) နှင့်တွဲ၍ သုံးပါမှ အကောင်းဆုံးဖြစ်မည်။ အရောင်ရင့်ရင့်သုံးလျှင် သင့်လျှော်ပါသည်။ သို့သော် အလင်းကို စုပ်ယူမှုများမည်။ အရောင်၏ ကိုယ်ပိုင်အလင်းဖြင့် ကစားပေးနိုင်သည်။ မျက်နှာကျက်နှင့် နံရံများမှ အရောင်များမှ အလင်းပြန်ပေးနိုင်မည်။ ကျဉ်း၍မှောင်သော အခန်းများကို အရောင်ဖျော့ဖျော့ ဆေးသုတ်ပါကပို၍ ကျယ်ပြီး လင်းလာအောင် လုပ်ပေးနိုင်သည်။ အေးချမ်းခြင်း၊ နွေးထွေးခြင်းကို ရစေရန် အရောင်ဖြင့် ပြုလုပ်နိုင်ပါသည်။ အဖြူရောင်မျက်နှာကျက်သည် အခန်းကိုပွင့်လင်းစေသည်။ ဖျော့တော့တော့ ကြမ်းပြင်သည် နေရာပမာဏ ဆိုသည်ကို ပိုခံစားပေးနိုင်သည်။ 
အလွန်ကျယ်သော အခန်းများသည် အလှဆင်ရန်ခက်တတ်သည်။ အခန်းတွင်သုံးသော ပစ္စည်း၏ အရောင်များကို တစ်ရောင်တည်း ဖြစ်အောင်သုံးခြင်းဖြင့် အခန်းအကျယ် အဖွင့်ကို စုစည်းပေးနိုင်မည်။ အခန်းတွင် ဆေးသုတ်ပါက နံရံများတွင် ရောင်ပြန်မှုရှိနိုင်သည်ကို မမေ့သင့်ပါ။ ခန်းမကျယ်ကျယ်တွင် အပြာရောင်သုတ်ပါက ကြည့်၍ကောင်းသည် ဟုထင်ရသော်လည်း နံရံနှစ်ခုထက် ပိုလာပါက အပြာရောင်ကိုသုံးလျှင် အေးစက်သောသဘော သက်ရောက် သွားနိုင်ပါသည်။ နောက်တချက်မှာ အခန်းတွင်းတွင် ဘာမှ မရှိပဲနေမည် မဟုတ်ဆိုသည်ကိုသတိရပါ။ ပန်းချီကားချပ်များ၊ မှန်များ၊ ပရိဘောဂများ၊ ခန်းဆီးများသည် အရောင်ပြင်းအားကို ဖျော့စေပါသည်။ 
အမျိုးမျိုးအဖုံဖုံ အသုံးချမည့်အခန်းများစွာ အတွက်သင့်လျှော်သော နေရာဖြစ်အောင် ဖန်တီးရာတွင် အရောင်များ၏ စိတ်လှုပ်ရှားဖွယ် စွမ်းအားများကို ဖော်ထုတ် အသုံးချနိုင်သည်။ အရောင် ကျွမ်းကျင်သူများက ဆိုသည်မှာ အိမ်ခန်းတွင်းရှိ အရောင်များ ညီညွတ်မျှတမှုရှိလျှင် သင်၏ ဖိစီးမှုများကို လျှော့ချပေးနိုင်သည် ဟုဆိုသည်။ 
အိမ်ဦးခန်းမ တံခါးဝမှာကအစ ပြင်းသောအရောင်၊ ပန်းနီရောင်၊ နီဝါရောင်၊ ရွှေရောင်စသည့် အရောင်များသည် ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုသော သဘောဆောင်သည်။ နွေးထွေးမှု ပေးသော အဝါရောင်သည် ကောင်းမွန်သည့်အရောင်ဖြစ်သည်။ မီးဖိုခန်းတွင် အဝါရောင်သုံးပါက သင့်အားအားအင်ပြည့်စေပြီး အလုပ်လုပ်နိုင်စွမ်းကို တိုးစေမည်ဖြစ်ပါသည်။ အပြာရောင်သုံးလျှင် သင့်အားထိုအချက်များ လျှော့ကျစေသည်။ အနီရောင်နံရံများသည်လည်း နွေးထွေးမှုကို ပေးပါသည်။ ပိုက်ထွေးသော ခံစားမှုမျိုးကိုပေးသည်။ ထမင်းစားခန်းများအတွက် သင့်လျှော်စေပါသည်။ လှုံ့ဆော်သော အရောင်များဖြစ်သဖြင့် လူတိုင်းကို စကားပြောလာနိုင်စေသည်။ အိပ်ခန်းများတွင် အနီရောင်ကို မသုံးသင့်ပါ။ အိပ်မပျော်ခြင်းကို ဖြစ်စေပါသည်။ အပြာရောင်ဖျော့ဖျော့သုံးပါက ဖြေလျှော့ခြင်း၊ လုံခြုံခြင်းပတ်ဝန်းကျင်ကို ဖြစ်စေပါသည်။ အပြာရောင်သည် ရင်းနှီးခြင်း၊ သက်တောင့်သက်သာရှိစေသော အရောင်ဖြစ်ပါသည်။ လူအများ၏ အနှစ်ခြိုက်ဆုံးအရောင်အဖြစ် ရွေးချယ်ခံရသောအရောင် ဖြစ်ပါသည်။ အပြာရောင်သည် ရေချိုးခန်းအတွက် ကောင်းပါသည်။ ပို၍ငြိမ်သက်ခြင်း၊ သန့်စင်ခြင်းဖြစ်စေရန် အစိမ်းနှင့် စိမ်းပြာရောင်ကို သုံးနိုင်ပါသည်။
အရောင်များကိုအသုံးပြုရာတွင် တစ်အိမ်လုံး အနေအထားဖြင့်ကြည့်ရပါမည်။ တစ်ခန်းနှင့်တစ်ခန်း လိုက်ဖက်အောင်သုံးသင့်ပါသည်။ တစ်ခါတစ်ရံတွင်လည်း မထင်မှတ်ပဲ ဆန့်ကျင်ဘက်ဖြစ်သော အရောင်များ တွဲသုံးပါက ထူးခြားမှုကိုဖြစ်စေပါသည်။ 
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်

Living in Color (Part2)

အရောင်များ၏သီဝရီ
အလင်းရောင်တန်းများကြောင့် အရောင်အမျိုးမျိုးကို ကျွန်ုပ်တို့ တွေ့မြင်ကြရသည်။ ကျွန်ုပ်တို့၏ ဦးဏှောက်မှ မှတ်သားထားသောအရောင်များဖြင့် မည်သည့်အရောင်ဖြစ်သည်ကို ခွဲခြားသိနိုင်သည်။ အနီရောင်သည် သတိပေးချက်ကို ကိုယ်စားပြုသော အရောင်ဖြစ်သည်။ အနီရောင်မှာ သူ၏အလင်းဖြန့်ကျက်သောနှုန်းထား အမြင့်ဆုံး ဖြစ်သောကြောင့် တစ်ခြားသော အရောင်များထက် ပိုပြီးမြင်သာသည်။ အနီရောင်သည် အရေးပေါ်ဖြစ်ခြင်းကိုလည်း ကိုယ်စားပြုနိုင်သည်။ အနီနှင့်အပြာကို ယှဉ်ကြည့်ပါကအနီသည် နီးကပ်သည်ဟုထင်ရပြီး အပြာသည် ပို၍ဝေးသည်ဟု ထင်ရသည်။ အခန်းတခုတွင် အနီရောင်ကိုဆေးသုတ်ပါက အပြာရောင်သုတ်ထားသော အခန်းထက် သေးကျဉ်းသည်ဟု ထင်ရသည်။ 
အရောင်များ တည်ရှိနေခြင်းသည် အလင်းရောင်ပေါ်တွင် လုံးဝမူတည်ပါသည်။ အနီရောင်ပန်းအိုးတစ်လုံးကို စားပွဲပေါ်တွင် တင်ထားပြီး တန်စတင်မီးလုံးဖြင့် အနီးကပ်ထွန်းညှိထားပါ၊ မီးပိတ်လိုက်ပါက မှောင်မည်းသော အခန်းတွင် ပန်းအိုးသည် အနီရောင်မဟုတ်တော့ပဲ တစ်ခြားသောအရာများကဲ့သို့ အနက်ရောင်သာ ဖြစ်ပေတော့သည်။ 
အရာဝတ္ထုတခု၏ မျက်နှာပြင်၏ စုပ်ယူနိုင်မှုနှင့် အလင်းပြန်နိုင်မှုစွမ်းအားကြောင့်သာဖြစ်သည်။ အနီရောင်သည် အနီရောင်ဖြစ်ရခြင်းမှာ တခြားသောရောင်စဉ်များအားလုံးကို စုပ်ယူပြီး အနီတခုတည်းကိုသာ အလင်း ပြန်ပေးခြင်းကြောင့်ဖြစ်သည်။ အနီပေါ်တွင် အစိမ်းရောင်အလင်းပေးပါက အနီမဟုတ်တော့ပဲ အနက်ဖြစ်သွားပါသည်။ အလင်းရောင်၏ လှည့်ကွက်ကြောင့်သာ ဖြစ်သည်။ 
အတွင်းခန်း အလှဆင်ခြင်းနှင့် ပြင်ပအပင်စိုက်ပျိုးခြင်း တို့တွင် အရောင်သည် မည်မျှအရေးကြီးသည်ဟု သင်တွေးထင်နိုင်သည်။ အရမ်းကြီးတော့လည်း အရေးမကြီးပါ။ သို့သော်အရောင်သည် စွမ်းအားအရှိဆုံး ကိရိယာတခုဖြစ်သည်။ သင်ပို၍သိလေ အရောင်များ၏ ဂုဏ်သတ္တိများကို အကောင်းဆုံးနှင့် အကျိုးရှိဆုံး အသုံးချနိုင်လေ ဖြစ်ပါသည်။ 
အရောင်စက်ဝန်းမှ အရောင်အားလုံး၏ နဂိုအတိုင်းရှိသော အရောင်များကို အရောင်အသွေး (hue) ဟုခေါ်ပါသည်။ ဥပမာ အနီရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် လိမ္မော်ရောင် စသည်ဖြင့် ဖြစ်ပါသည်။ လဗင်ဒါသည် ခရမ်းရောင်အသွေး၊ သံလွင်ပင်သည် အစိမ်းရောင်အသွေး၊ ပန်းရောင်သည် အနီရောင်အသွေးထဲမှဖြစ်ပါသည်။ 
အရောင်စက်ဝိုင်းတွင် ဆန့်ကျင်ဘက်ဖြစ်သော အရောင်များကို ဖြည့်ဘက်အရောင်များဟုခေါ်သည်။ တူညီသော ပြင်းအားများရှိသည့် အရောင်များဖြစ်သည်။ ယင်းအရောင်နှစ်ခုကို ဆတူရောလျှင် မီးခိုးရောင် (neutral) အရောင်များဖြစ်ကုန်သည်။ 
ဆန့်ကျင်ဘက်ဖြစ်သောအရောင်များကို အဆင့်အမျိုးမျိုး တွေ့နိုင်သည်။ မူလအသွေးအရောင် (hue) အမျိုးမျိုး၊ ပူသောအေးသော ဆန့်ကျင်ဘက်အရောင်များ၊ အနီ၊အဝါနှင့်လိမ္မော်တို့သည် ပူခြင်းသဘောဆောင်ပါသည်။ ဆန့်ကျင်ဘက်အဖြစ်ဆုံး အရောင်များမှာ လိမ္မော်နီနှင် စိမ်းပြာရောင်တို့ဖြစ်ပါသည်။ 
နောက်ဆန့်ကျင်ဘက် တစ်နည်းမှာ အလင်းနှင့်အမှောင်ဖြစ်ပါသည်။ တူညီသောအရာနှစ်ခု၏ ကာလာဓတ်ပုံနှင့် အဖြူအမည်း ဓတ်ပုံနှစ်ခုကို ကြည့်ပါကသိနိုင်သည်။ အနီနှင့် အစိမ်းသည်အသွေးတူညီသည်။ အဖြူအမည်းပေါ်တွင် မီးခိုးရောင်ဖြစ်ခြင်း တစ်ထပ်တည်းဖြစ်သည်။ အဝါနှင့်ခရမ်းမှ အဖြူနှင့်အနက်မှလွဲ၍ အလင်းအမှောင်ဆန့်ကျင်ဘက် အဖြစ်ဆုံး ဖြစ်သည်။ 
အရောင်များတွင် အဖြူကိုစပ်ခြင်းဖြင့် အရောင်ဖျော့သွားစေနိုင်သည်။ အနက်ရောင်မှာမူ အရောင်များကို ရင့်မှောင်စေနိုင်သည်။ အရောင်များကို တွဲဖက်ညီအောင်သုံးခြင်းဖြင့် မျက်စိတွင်ကြည့်၍ အဆင်ပြေချောမွေ့စေခြင်းကို လိုက်ဖက်ညီခြင်း (harmony) ဟုခေါ်သည်။ အရောင်စက်ဝိုင်းပေါ်တွင် တခုနှင့်တခု နီးကပ်စွာရှိနေသော အရောင်များသည် ဟာမိုနီဖြစ်သောအရောင်များ ဖြစ်ပါသည်။ လိမ္မော်၊ အနီ၊ အဝါတို့သည် ဟာမိုနီဖြစ်ကြသည်။ တခုနှင့်တခုဆန့်ကျင်ဘက် အနေအထားရှိနေသော အရောင်များကို ဆန့်ကျင်သောအရောင်များ (contrast) ဟုခေါ်သည်။ လိမ္မော်နှင့် နက်ပြာရောင်တို့ကို ဟာမိုနီဖြစ်စေရန် အဖြူရောင် ရောစပ်ပေးနိုင်သည်။ အိမ်ခန်းများ၏သုတ်ဆေးများတွင် အဖြူရောင်စပ်၍ သုတ်ကြရခြင်းမှာ မူလအရောင်သည် ပြင်းအားများသောကြောင့်ဖြစ်သည်။ 
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်

Living in Color (Part1)

အရောင်များတွင်စွမ်းအားများရှိပါသည်။ အရောင်များဖြင့် သင်ဆန္ဒရှိသလို သင်၏ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည်။ အရောင်များတွင် ပြင်းအားအသီးသီး ရှိပါသည်။ အလင်း၊အမှောင်၊ အမှိန်အတောက် နှင့် အသွေး အနုအရင့် စသည်ဖြင့် ရှိသည်။ အရောင်များသည် ပူနွေးစေသော၊အေးမြစေသော ခံစားချက်များပေးနိုင်သည်။ စိတ်၏ ငြိမ်းချမ်းခြင်း ဖြစ်စေသကဲ့သို့ စိတ်လှုပ်ရှားမှုကိုလည်း ဖြစ်စေနိုင်သည်။ 
အဆောက်အဦးအတွင်းတွင် အသုံးပြုပါက သေးငယ်သောအခန်းများကို ကျယ်လာသရောင် ပြုလုပ်ပေးနိုင်သည်။ ကျယ်လွန်းသောအခန်းများကို သက်တောင့်သက်သာနေထိုင်မှု ရအောင်လုပ်ပေးနိုင်သည်။ 
ဗိသုကာအသေးစိပ်လက်ရာများ၌ အပြစ်အနာအဆာများကိုဖုံးကွယ်ပေးနိုင်သည်၊ သို့မဟုတ် ပို၍ စိတ်ဝင်စားမှု ကောင်းအောင် လုပ်ပေးနိုင်သည်။ 
အတွင်းခန်းတန်ဆာဆင်မှုတွင် လှပမှုကို ပို၍မြှင့်ပေးနိုင်သကဲ့သို့ ပို၍ နေချင်စဖွယ်ဖြစ်အောင်လည်း စွမ်းဆောင်နိုင်ပါသည်။ အရောင်များသည် အခန်းများကို ကျန်းမာသောအခန်းများ ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါသည်။ 
အတွင်းခန်းများကိုစွမ်းဆောင်ပေးနိုင်သလို အဆောက်အဦးပြင်ပတွင်လည်း အရောင်များကို အသုံးပြုနိုင်သည်။ အပင်များ၏သဘာဝအရောင်အသွေးများသည် မည်းမှောင်သောပတ်ဝန်းကျင်ကို လင်းချင်းမှုပေးနိုင်သည်။ မာကျောသောအသွင်များကို ပျော့ပျောင်းသွားအောင်လုပ်ပေးနိုင်သည်။ ပြင်ပပတ်ဝန်းကျင်ကို စိတ်ကြိုက်ဖန်တီးနိုင်သည်။ သင်၏ခံစားချက်များကို သင်ယုံကြည်မှုရှိပါ၊ အရောင်များကိုအကောင်းဆုံးနားလည်ခြင်းဖြင့် အရောင်က ပေးသော အကျိုးရှိသောအရာများကို စူးစမ်းခြင်းဖြင့် သင်၏ဘဝတန်ဖိုးကို မြှင့်တင်မှုပြုနိုင်ပါသည်။
အရောင်များအား သိပံ္ပ နည်းကျလေ့လာခြင်းကို (၁၆၇၆) ခုနှစ်တွင် ပညာရှင်ဆာအိုင်းဆက် နယူတန်ကစခဲ့ပါသည်။ သုံးမြှောက်ဖန်တုံးတစ်ခုကို သန့်စင်သော အဖြူရောင်အလင်းဖြတ်သန်းစေပြီး ခဲသားရောင်မျက်နှာပြင်ပေါ်သို့ အလင်းပြန်စေခဲ့သည်၊ ရလဒ်မှာ အနီရောင်မှစ၍ လိမ္မော်၊အဝါ၊အစိမ်း၊အပြာနှင့် ခရမ်းပြာပါဝင်သော ရောင်စဉ်တန်းများဖြစ်ပါသည်။ သက်တန့်အရောင်များသည်လည်း မိုးရေစက်များကို အလင်းများဖြတ်သန်းမှုကြောင့် ကောင်းကင်တွင် ရောင်စဉ်များ ဖြာနေခြင်းဖြစ်ပါသည်။ 
အရောင်များကိုနည်းလည်ရန် သိပံ္ပပညာရှင်များသည် အရောင်စက်ဝိုင်းတစ်ခုဖြင့်ရှင်းပြခဲ့သည်။ အရောင်စက်ဝိုင်းပေါ်တွင် ဆယ့်နှစ်မျိုးသောအရောင်များကို ခွဲခြားပြခြင်းဖြစ်သည်။ 
ပထမဦးဆုံး သုံးနားညီတြိဂံတစ်ခုကိုဆွဲလိုက်ပြီး တောင့်သုံးတောင့်ပေါ်တွင် မူလဖြစ်သောအရောင် အနီ၊အဝါနှင့် အပြာကိုခြယ်သလိုက်ပါသည်။ မူလအရောင်ဟုခေါ်ရခြင်းမှာ တစ်ခြားသော မည်သည့်အရောင်များနှင့်မှရောနှောပေါင်းစပ်ခြင်းမှ ရရှိခြင်းမဟုတ်သောကြောင့်ဖြစ်ပါသည်။ ယင်းအရောင်သုံးခုမှာ အနက်နှင့်အဖြူ ကဲ့သို့ပင် အခြားအရောင်များ၏ အခြေခံအရောင်များဖြစ်ပါသည်။ ထိုအရောင်သုံးခုကို တြိဂံ၏ ထိပ်ပေါ်တွင်အဝါ၊ ညာဘက်အောက်ခြေကို အနီ၊ ဘယ်ဘက်အောက်ခြေကို အပြာအသီးသီးထားလိုက်ပါ။ 
ကွန်ပတ်စ်ကိုသုံးပြီး စက်ဝိုင်းကို တြိဂံတောင့်များမှဆွဲယူလိုက်ပြီး ဆယ့်နှစ်ပိုင်းအညီ ပိုင်းလိုက်ပါသည်။ တြိဂံတွင် မူလအရောင်များဖြစ်သောအဝါ၊အနီနှင့်အပြာတို့သည် ဆန့်ကျင်ဘက်အနေအထားတွင် ရှိကြပါသည်။
ဆက်၍ မူလဖြစ်သောအရောင်များကို နှစ်ရောင်စီ ဆတူရောစပ်ခြင်းအားဖြင့် ဒုတိယအဆင့်အရောင်များဖြစ်သော လိမ္မော်၊ အစိမ်းနှင့် ခရမ်းရောင်များရရှိလာပါသည်။ အဝါနှင့်အနီကိုရောစပ်ခြင်းဖြင့် လိမ္မော်၊ အဝါနှင့်အပြာကို ရောစပ်ခြင်းဖြင့် အစိမ်း၊ အပြာနှင့်အနီကိုရောစပ်ခြင်းအားဖြင့် ခရမ်းရောင်များဖြစ်လာခြင်းဖြစ်ပါသည်။ အရောင်စက်ဝိုင်းတွင် မူလအရောင်နှစ်ခုကြားဆီတွင် ဖြည့်ခြင်းဖြစ်ပါသည်။ 
တတိယအဆင့်အရောင်များမှာ ဒုတိယအဆင့်ဖြစ်သောအရောင်များနှင့် သူနှင့်နီးစပ်သောအရောင်များကို ဆတူ ရောစပ်ခြင်းအားဖြင့် ရရှိလာပါသည်။ အဝါသည်လိမ္မော် နှင့်စပ်ခြင်းဖြင့် ရွှေဝါရောင်၊ အနီသည်လိမ္မော် ဖြင့် လိမ္မော်နီ၊ အဝါနှင့်အစိမ်းမှ သံပုရာရောင်၊ အပြာနှင့်အစိမ်းမှ စိမ်းပြာရောင်၊ အပြာနှင့်ခရမ်းမှ နက်ပြာရောင်၊ အနီနှင့်ခရမ်းမှအနီရင့်ရောင် စသည်ဖြင့် ရရှိလာပါသည်။ စက်ဝိုင်းပေါ်ရှိ အရောင်များကို ကြည့်ခြင်းအားဖြင့် အရောင်များတခုနှင့် တခုလိုက်ဖက်ညီမှု သို့မဟုတ် တခုနှင့်တခု ဆန့်ကျင်ဘက်ဖြစ်သောအရောင်များကို တွေ့မြင်ရပါသည်။ 
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်

Architecture and You (Part 2)

အချိုးအစား (Propotion) 
အဆောက်အအုံတစ်လုံးကို နားလည်ဖို့ အချိုးအစားကိုလည်းလေ့လာရမယ်၊ အဆောက်အအုံရဲ့ အစိပ်အပိုင်းတခုနဲ့တခု ဘယ်လိုဆက်စပ်နေသလဲ၊ အစိပ်အပိုင်းတခုဟာ အဆောက်အအုံတခုလုံးနဲ့ ဘယ်လို ဆက်စပ်နေသလဲ၊ ဘယ်လိုအချိုးအစား ဆိုရင် စိတ်ကျေနပ်မှုဖြစ်စေသလဲ။ 
ဂရိတွေက သူတို့ဒါကို အသေအချာသိတယ်လို့ တွေးထင်ခဲ့ကြတယ်၊ သူတို့ရဲ့ ဘုရားကျောင်းတွေကို ရွှေဖြတ်ပိုင်းအချိုးအစား (The Golden Ratio) နဲ့ဆက်စပ်တဲ့ စည်းမျဉ်းနဲ့ ဒီဇိုင်းလုပ်ခဲ့တယ်ပေါ့။ တစ်ဆယ့်သုံးရာစုမှာ ဖီဘိုနန်ချီ (Fibonnaci) ဆိုတဲ့သူက စာရွက်ပေါ်မှာ တိုင်းကြည့်တော့ ပါသီနွန် ဘုရားကျောင်းကြီးက အဲဒီ ရွှေဖြတ်ပိုင်း အချိုးအစား စတုဂံကွက်ထဲမှာ အံကိုက်ပါပဲ။ ဂီဇာမှာ ရှိတဲ့ ပိရမစ်ကြီးကလည်း အလားတူပါပဲ။ 
တစ်ဆယ့်ခြောက်ရာစုနှစ်ရောက်တော့ လီယိုနာဒိုဒါဗင်ချီက တြီဩမေတြီဆိုင်ရာအချိုးအစားနဲ့ ပါတ်သက်ပြီး စာအုပ်တစ်အုပ်ရေးခဲ့တယ်၊ (၁၉၄၈) ခုနှစ်မှာ လီကော်ဗူးဆေးက သင်္ချာပညာဆိုင်ရာ အချိုးအစားအကြောင်း ရေးပြန်တယ်၊ ခေတ်တွေအလိုက် ဗိသုကာတွေဟာ ရွှေဖြတ်ပိုင်းအချိုးအစားရဲ့ မှန်ကန်တဲ့နည်းကို ရှာဖွေခဲ့ကြတယ်၊ ဆက်ပြီးတော့လည်း ရှာဖွေနေကြသေးတယ်၊ ဒါပေမယ့် ဂရိတွေရဲ့ အဆောက်အအုံ အချိုးအစားတွေက ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့တဲ့အပေါ်မှာ အခြေခံခဲ့လို့ ယခုခေတ်မှာတော့ မသုံးတော့ပါဘူး၊ အသုံးမဝင်တော့ပါဘူး။ 
မကြာသေးမှီကမှ တိုးတက်မှုရှိခဲ့တဲ့ ကြိုတင်အားဖြည့်ထားတာနဲ့ဆွဲဆန့်ထားတဲ့ ကွန်ကရစ်တွေ၊ ပြီးတော့ စတီးလ်နဲ့ အလူမီနီယမ်သတ္တုတွေ တိုးတက်လာမှုတွေဟာ အရင်ကလှပခဲ့တဲ့ ကျောက်တုံးအဆောက်အအုံတွေကို ခေတ်မမှီစေတော့ဘူး။ ယနေ့ခေတ်မှာ စတွက်ချာ (Stracture) ခိုင်ခန့်ဖို့ ကျောက်တုံးတွေကို မသုံးကြတော့ဘူး၊ ကြိုတင်အားဖြည့် ကွန်ကရစ်တွေက ပိုပြီးတောင့်တင်းခိုင်မာတယ်၊ စတီးလ်စတွက်ချာတွေလဲ အတူတူပဲ။ ကျောက်တုံးတိုင်တွေ အချိုးအစားအတိုင်းပဲ ကွန်ကရစ်တိုင်တွေကိုလိုက်လုပ်မယ်ဆိုရင်တော့ ရယ်စရာဖြစ်နေလိမ့်မယ်။ အဆောက်အအုံတစ်လုံးရဲ့ ဘယ်အချိုးအစားက သင့်မျက်စိကို ဘဝင်တွေ့စေမလဲ၊ အဲဒီမေးခွန်းက သင့်ရဲ့ မသိစိတ်ထဲမှာ ရှိချင်ရှိနေမယ်။ 
ယခုလက်ရှိ နည်းပညာတွေက ဗိသုကာတွေနဲ့ အင်ဂျင်နီယာတွေအတွက် အဆုံးမရှိ အကန့်အသတ်မဲ့ အဆောက်အအုံ ထုသွင် (Form) နဲ့ စိတ်လှုပ်ရှားဖွယ်ရာနေရာ (Space) တွေရဲ့ ဖွဲ့စည်းမှု ဒီဇိုင်းတွေကို ရစေတယ်။ ကျောက်တုံးတွေရဲ့ အလှပသာဒဟာ အမှန်ပဲလှပနေတယ်၊ ဒါပေမယ့် ကျောက်တုံးအတွက်ပဲ၊ ကွန်ကရစ် အဆောက်အအုံတွေဆိုရင် ကွန်ကရစ်အဆောက်အအုံ လိုပဲဖြစ်ရမယ်၊ အဲဒါဟာကွန်ကရစ်ရဲ့ အခြေခံအလှပသာဒပဲ၊ စတီးလ်ဆိုရင်လည်းအဲဒီလိုပဲ၊ စတီးလ်ကကွန်ကရစ်လို၊ ကွန်ကရစ်က စတီးလ်လိုဆိုရင်တော့ အလှပသာဒ အချိုးအစားတွေ တူတော့မှာမဟုတ်ဘူး။ တည်ဆောက်မှုပစ္စည်းတွေရဲ့ အရည်အသွေးတွေကိုလည်း နားလည်မယ်ဆိုရင် ဗိသုကာပညာလက်ရာတွေကို ပိုပြီးနားလည်ခံစားနိုင်မယ်၊ ကိုယ့်ရဲ့အဆောက်အအုံတွေမှာ ဘယ်လို ပစ္စည်းမျိုးသုံးသင့်သလဲ ဆိုတာကိုလည်း ရွေးချယ်နိုင်ပါမယ်။ 
စကေးလ် (Scale) 
စကေးလ်ဆိုတာရဲ့ အဓိပ္ပါယ်ကို အတိအကျ ဖွင့်ဖို့ခက်ခဲပါတယ်၊ ဗိသုကာတွေရဲ့လောကမှာ သုံးနေကြတဲ့ စကေးလ် အခေါ်အဝေါ်တွေ အများကြီးပါပဲ၊ လူ့အချိုးအစားစကေးလ် (Human scale) လူနှင့်ကင်းလွတ်ရာစကေးလ် (inhuman scale)၊ ထိစပ်တဲ့စကေးလ် (intimate scale)၊ ပသာဒစကေးလ် (Aesthetic scale)၊ သေးငယ်သောစကေးလ် (small scale)၊ ကြီးမားသောစကေးလ် (large scale)၊ ခမ်းနားသောစကေးလ် (Grand scale)၊ ကြီးကျယ်ခံ့ညားသောစကေးလ် (Super scale)၊ စတွက်ချာစကေးလ် (Structure scale)၊ လမ်းသွားလမ်းလာစကေးလ် (Pedestrian scale)၊ နေအိမ်ဆိုင်ရာစကေးလ်(Residential scale)၊ မြို့ပြစကေးလ် (Urban scale)၊ လှပခံ့ညားသောစကေးလ် (Elegant scale)၊ ပြီးတော့ စကေးလ်လွန် (Out-of scale) ။ အားလုံးဟာ အရာဝတ္ထုတွေအားလုံးဆိုင်ရာ အရွယ်အစား ဆက်စပ်မှုတွေပါပဲ။ အများကြီးကိုတော့ လိုက်မှတ်ထားပြီး သိစရာမလိုပါဘူး၊
 စကေးလ်နဲ့ပါတ်သက်ပြီး သုံးမျိုးလောက် နားလည် သိထားဖို့ပဲလိုပါတယ်။ တစ်မျိုးကတော့ ပေတံနဲ့တိုင်းတာလို့ရတဲ့ စကေးလ် ၊ ဥပမာ လှေကားမှာဆိုရင် အထစ်အကျော်တွေက လေးလက်မ ဒါမှမဟုတ် ခုနှစ်လက်မ ရှိနေသလား၊ ကိုးလက်မလား၊ အဲဒီလိုဆိုရင် တအားမြင့်နေသလား၊ အနင်းတွေက တစ်ပေဆိုရင် ကျယ်သလား၊ တက်လို့ဆင်းလို့အဆင်ပြေပြီလား။ တံခါးဆိုရင်လည်း ပရိဘောဂတွေ သယ်လို့သွင်းဖို့ ကျယ်ရဲ့လား။ နံရံတွေက ပန်းချီပိုစတာတွေ ချိတ်ဖို့မြင့်ရဲ့လား။ ထမင်းစားခန်းက လူတစ်ဆယ့်နှစ်ယောက်ထိုင်ဖို့ ကျယ်ဝန်းရဲ့လား။ လူထုစည်းဝေးပွဲခန်းမက လူလေးငါးထောင်လောက်ဆန့်သလား၊ စတဲ့မေးခွန်းတွေက ရုပ်ပိုင်းဆိုင်ရာစကေးလ်(Physical scale) နဲ့ဆိုင်တယ်။ တိုင်းတာလို့ရနိုင်တယ်။
နောက်တမျိုးကတော့ ဆက်စပ်တွေးတောခြင်းအားဖြင့် သိရမယ့်စကေးလ်မျိုး၊ တိုင်းတာဖို့ခက်ခဲမယ်၊ ပေတံနဲ့ တိုင်းလို့မရနိုင်ဘူး၊ သင့်မျက်စိနဲ့ မှတ်ဥာဏ်က အလိုလိုတိုင်းပြီးသိနိုင်မယ့် အရာမျိုးတွေ၊ ဥပမာ ကြီးကျယ်ခမ်းနားလှတဲ့ အဆောက်အအုံတစ်လုံးကို သင်ရောက်ဖူးခဲ့တယ်ဆိုပါစို့၊ အဲဒီလိုအဆောက်အအုံကို အရွယ်အစားမတူ၊ အချိုးအစားမတူပဲ တည်ဆောက်ထားတာကို သင်ထပ်ရောက်သွားတယ်ဆိုရင် သင့်စိတ်က ဒါဟာ အရင်အဆောက်အအုံမဟုတ်ဘူး၊ ပုံစံတူအသေးစားပဲဆိုတာသိတယ်။ အဲဒီလိုစကေးလ်မျိုးကို ဆက်စပ်တွေးတောစကေးလ် (Associative scale) လို့ခေါ်နိုင်တယ်။ 
အဆောက်အအုံတစ်လုံးဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း လုံလုံလောက်လောက်ကျယ်ဝန်းတယ်၊ အရွယ်အစားအားဖြင့်လည်း မှန်ကန်တယ်လို့ဆိုရင် စိတ်ပိုင်းဆိုင်ရာအားဖြင့်ရော လက်ခံနိုင်ရဲ့လား၊ ဘယ်လောက်ကြီး ဘယ်လောက်ငယ်တယ်လို့ စိတ်ထဲမှာ ခံစားရသလဲ၊ ဒါကရှိသေးတယ်။ ဥပမာအားဖြင့် အဖွင့်တွေမရှိတဲ့ နေရာတခုထဲမှာဆိုရင် ကျဉ်းတယ်လို့ခံစားရမယ်၊ အဖွင့်တစ်ဖက်တည်းပဲ အရွယ်အစားတူနေရာတခုထဲမှာဆိုရင် ပိုပြီးကျယ်တယ်လို့ခံစားရမယ်။ အဲဒီလိုတကယ်ခံစားရမယ်၊ စိတ်ပိုင်းအားဖြင့် အမြင်အားဖြင့် အဲဒီနေရာအမှန်တကယ်ကျယ်ဝန်းနေမယ်၊ ပြင်ပကနေရာဟာ အတွင်းနေရာရဲ့ အစိပ်အပိုင်းတစ်ခုဖြစ်သွားလို့ပါပဲ။
ယုံကြည်အောင် လှည့်စားနိုင်တဲ့စကေးလ်မျိုးကို ကျိုးကြောင်းပြစကေးလ် (Effectual scale) လို့ခေါ်နိုင်တယ်။ အဲဒီလိုစကေးလ်မျိုးကို ဗိသုကာတွေက နေအိမ် အသေးလေး တွေမှာ ထိရောက်စွာအသုံးချကြတယ်၊ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းတွေကိုကာထားတဲ့ နံရံတွေကို မထည့်ပဲ အခန်းတွေ အဖြစ်မဖွဲ့တော့ပဲ နေရာတွေကို ရောယှက်ဖွဲ့စည်းလိုက်တဲ့ သဘောမျိုးပဲ၊ သီးသန့်စီ အခန်းဖွဲ့လိုက်ရင် အခန်းကျဉ်းတွေ အဖြစ်ပဲရတော့မယ်။ 
ထုသွင်နဲ့နေရာတွေဟာ လူတစ်ယောက်အတွက်၊ ဒါမှမဟုတ် လူအုပ်အများစုအတွက်တောင် အရမ်းကို ကြီးမားနေမယ် ဆိုရင်တော့ ဒီလိုစကေးလ်မျိုး ခံစားလို့ရတော့မှာမဟုတ်ဘူး၊ မျက်နှာကျက်တွေကလည်း အလွန်ပဲ မြင့်မားနေမယ်၊ အခန်းဆိုတာလည်းနေထိုင်လို့ သက်တောင့်သက်သာမှု မရှိတော့လောက်အောင် ကြီးမားသွားမယ်ဆိုရင်တော့ စကေးလ်ဆိုတာကို မသိနိုင်တော့ဘူး။ လူ့အချိုးအစားစကေးလ် လွတ်သွားတယ်လို့ ဆိုနိုင်တယ်။ ဒီလို ကျိုးကြောင်းပြစကေးလ်မျိုးဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စကေးလ်ကို လက်ခံ ခံယူတဲ့အပေါ်မှာလည်းမူတည်တယ်။ စိတ်ပိုင်းဆိုင်ရာနဲ့လည်း သက်ဆိုင်ပါတယ်။
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ် 
Architecture and You, How to experience and Enjoy Buildings
by
William Wayne Caudill FAIA
William Merriweather Pena FAIA
Paul Kennon AIA စာအုပ်ကို ဆီလျော်သလို ဘာသာပြန်ပါသည်။

Architecture and You (Part 1)

ဟန် (သို့မဟုတ်) စတိုင်လ် (Style)
ဟန်တွေအဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲဆိုတာ ရှာဖွေဖို့တော့ အချိန်တွေ အများကြီးပေးရလိမ့်မယ်၊ ဗိသုကာတွေ အတော်များများကတော့ ရှေးရှေးသမိုင်းကဟန်တွေကို ကူးယူဖို့စိတ်မဝင်စားကြပါဘူး၊ တချို့သော ဗိသုကာတွေကျတော့လဲ တခြားသော ဗိသုကာတွေ ဥပမာ ဖရန့်လွိုက်ရိုက်၊ လီကော်ဗူးဆေး၊ မီးစ်ဗင်ဒါရိုး၊ လူးဝစ်စ်ခန်း တို့တွေရဲ့ လက်ရာဟန်တွေကို ပြောင်ပြောင်တင်းတင်းပဲ ကူးယူချင်ကြတယ်။ အီရိုးဆာရီနန် လို လူမျိုးကျတော့လည်း ဟန်တွေကအမျိုးမျိုးပဲ လုပ်တတ်လွန်းလို့ ကူးယူဖို့ခက်တယ်။ 
ဟန် ဆိုတာကို ထုသွင် (Form) ဆိုတာနဲ့ မရောနှောလိုက်ပါနဲ့၊ သူတို့နှစ်ခု အဓိပ္ပါယ်မတွဲဖက် မဆက်စပ်ပါဘူး။ ဟန်ဆိုတာ အချိန်နဲ့လိုက်ပြီး ပျောက်ဆုံးသွားတာပါပဲ။ ဂန္ဓဝင်ဟန် ပြန်လည်ဆန်းသစ်တာ (Classical Revival) တို့၊ ဂေါသစ်ဟန် ပြန်လည်ဆန်းသစ်တာ (Gothic Revival) တို့တော့ ဒီဇိုင်းလုပ်ကြပါတယ်၊ ဒါပေမယ့် မူရင်းမူလလိုတော့ ဖြစ်နေမှာမဟုတ်ဘူးလေ။ 
သမိုင်းကဟန်တွေမှာ အဓိပ္ပါယ်ရှိတဲ့ သင်္ကေတ (Symbol) တွေရှိခဲ့ကြတယ်။ ဩဇာအာဏာသင်္ကေတ (Symbols of Power)၊ တီထွင်မှုသင်္ကေတ (Symbols of Ingenuity) ပြီးတော့ အဓိပ္ပါယ်နှစ်မျိုးပေါက်တဲ့ သင်္ကေတ ( Symbols of ambiguity) တောင် ရှိလိမ့်အုံးမယ်။ 
အီဂျစ်၊ ဂရိနဲ့ ရောမတို့တွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံတွေဟာ သူတို့ခေတ်ရဲ့ လူတွေအကြောင်း ကျယ်လောင်စွာပြောပြ၊ ရှင်းပြနေသလိုပဲ၊ သူတို့တွေဘယ်လိုတွေးခဲ့တယ်၊ ဘယ်လိုပုံနေခဲ့ကြတယ်၊ သူတို့ရဲ့ဘာသာရေး ပြီးတော့ သူတို့လူမျိုးတွေအတွက် ဘာတွေစွမ်းဆောင်ပေးခဲ့ကြတယ် အဲဒါတွေကို ထင်မြင်လာစေတယ်။ 
တရုတ်နိုင်ငံတခွင်မှာ တွေ့မြင်ရတဲ့ တိုင်နဲ့တန်း အဆောက်အအုံဟန် (The Trabeate style) တွေက သူတို့ရဲ့မြို့ပြတွေ စည်ပင် ဖွံ့ဖြိုးလာတာတွေကို ပြနေတယ်။ အစောပိုင်းကာလ ခရစ်ယာန်ဘုရားကျောင်းတွေက ဘာသာရေး အပြောင်းအလဲတွေကို ပြောပြနေတယ်၊ ရိုးမန်းနစ်ဟန် (Romanesque style) က နောက်ထပ် အပြောင်းအလဲတခု၊ ဂေါသစ်ဟန်(Gothic style) တွေက တတိုင်းပြည်နဲ့တပြည် မတူတဲ့ အလယ်ခေတ် (Middle ages) တွေရဲ့ တန်ဖိုးနဲ့ ရည်ရွယ်ချက်တွေကို ဆက်နွယ်ပြနေတယ်၊ အီစလန်မစ်ဟန် (Islamic style) တွေကရော အာရတ်အင်ပါယာကြီး တခုလုံးအကြောင်းကို ပြောနေသလိုပါပဲ၊ စက်မှုထွန်းကားတဲ့ခေတ်ဆိုတဲ့ အကြောင်းကို သိချင်ရင်တော့ သံဂျွတ်တွေနဲ့ တည်ဆောက်ထားတဲ့ စတွက်ချာ (Structure) တွေကို လေ့လာကြည့်ရုံပါပဲ။ 
သမိုင်းစစ်စစ်ဆိုတာဘာလဲ၊ အထူးသဖြင့် သမိုင်းကဟန်ဆိုတာဘာလဲ မေးနေကြတယ်၊ အားလုံး ပြောနေကြတာကတော့ အဆောက်အအုံဆိုတာ သမိုင်းရဲ့စာမျက်နှာတွေပါပဲတဲ့။ 
ခေတ်အဆက်ဆက်တွေရဲ့ ကြီးကျယ်လှတဲ့ဟန်တွေကို လေ့လာခြင်းဟာ ယခုခေတ် အဆောက်အအုံတွေကို ပိုပြီး လေးလေးနက်နက် နားလည်ပြီး တွေ့ကြုံခံစား သိမြင်နိုင်စေတယ်။ သမိုင်းတလျှောက် အဆောက်အအုံတွေအားလုံးကို နားလည်အောင် ကြိုးစားရင်း အဆောက်အအုံတွေအားလုံးမှာ ပါဝင်နေတဲ့ ထုသွင်သုံးမျိုးနဲ့ နေရာ နှစ်မျိုး ရဲ့ အရည်အသွေးကို အကဲခတ်လို့ရနိုင်တယ်။ 
အဲဒီလိုမှမဟုတ်ပဲ ဝရန်တာဆိုပြီး သုံးလို့မရဘဲ အလှလုပ်ထားတာတွေ၊ ဂန္ဓဝင်ဟန် အလှလုပ်ထားတာတွေကတော့ အသုံးပြုသူ တွေကို ပရိယာယ်ဆင်နေသလိုပါပဲ၊ ဒါမှမဟုတ်ရင်လည်း အသုံးပြုသူတွေ ကိုယ်တိုင်ကိုကလည်း အဲဒါကိုပဲနှစ်သက်နေလို့ဖြစ်မယ်၊ ပြီးတော့ ကိုယ့်ကိုကိုယ် ပရိယ်ယာယ်ဆင်နေကြတာပဲ ဖြစ်နိုင်တယ်။ အဲဒီလိုအဖြစ်ဟာ ဗိသုကာပညာဆိုတဲ့ အနှစ်သာရကို ဖျက်စီးနေတာဖြစ်ပါလိမ့်မယ်။ ယနေ့ခေတ် ဗိသုကာတွေက အဲဒီလိုအဖြစ်မခံတော့ဘူး၊ နေထိုင်အသုံးပြုသူတွေအလိုက် ကျိုးကြောင်းလျော်ညီမှုရှိပြီး လှပတဲ့ဒီဇိုင်းတွေကိုသာ ဖန်တီးပေးဖို့ အဆုံးမရှိတဲ့ အခွင့်အရေးတွေရနေကြရတယ်။  
ဘာသာပြန်ရေးသားသူ။ ။ ဗိသုကာ နှစ်
Architecture and You, How to experience and Enjoy Buildings
by
William Wayne Caudill FAIA
William Merriweather Pena FAIA
Paul Kennon AIA စာအုပ်ကို နားလည်သလို ဘာသာပြန်ပါသည်။

Miller House

 
နှစ်ဆယ်ရာစု ခေတ်သစ် ဗိသုကာလက်ရာ အကျော်အမော်များလို့ ထင်ရှားတဲ့ ဗိသုကာ မီစ်းဗင်ဒါရိုး၊ ဖရန့်လွိုက်ရိုက်တို့ရဲ့ လက်ရာ အိမ်များဖြစ်တဲ့ ဖရန့်ဝေါ့ဟောက်စ်၊ (Fransworth House) ဖောလင်းဝါးတား (Falling Water) တို့ကဲ့သို့ ထင်ရှားတဲ့ အိမ်တွေထဲမှာ ဗိသုကာ အယ်ရိုးဆာရီနမ်ရဲ့ မီလာအိမ်ကြီးလည်း ပါဝင်ပါတယ်၊
ဗိသုကာ Eero Saarinen ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့တဲ့ မီလာအိမ်ကြီးဟာ (၂၀၁၁) ခုနှစ်၊ မေလမှာ ပြည်သူတွေကို ၀င်ရောက် ကြည့်ရူခွင့်ပေးခဲ့ပြီဖြစ်ပါတယ်၊
Indianapolic Museum of Art (IMA) ကို လှူဒါန်းအပ်နှံခဲ့ပြီး ဖြစ်ပါတယ်၊



အိမ်ကြီးဟာ Columbus, Indiana မှာ တည်ရှိတယ်၊ ကိုလံဘတ်စ်ဟာ ကျော်ကြားတဲ့ ဗိသုကာများ ( I.M. Pei, Cesar Pelli, Robert Venturi, John Carl Warnecke and Harry Weese) တို့ရဲ့ (၇၀) ကျော်သော လက်ရာများ တည်ရှိရာနေရာ ဖြစ်တာမို့ အေအိုင်အေကနေ အထူးသတ်မှတ်ထားခြင်းခံရတဲ့ ပြည်နယ်ဖြစ်ပါတယ်၊

မူလပိုင်ရှင်ဖြစ်တဲ့ J. Irwin Miller ဟာဆိုရင် ကိုလံဘတ်စ်မှာ ခေတ်သစ်ဗိသုကာလက်ရာများ တည်ဆောက်ရာမှာ အထူးပံ့ပိုးခဲ့သူဖြစ်ပါတယ်။

သည်အိမ်လေးကို ဒီဇိုင်းပြုလုပ် တည်ဆောက်စဉ်က ဒီဇိုင်းနာ သုံးဦးပါဝင်ခဲ့တယ်၊ ဗိသုကာ Eero Saarinen၊ မြေခင်းဗိသုကာ အဖြစ် Alexander Girard အိမ်တွင်း ဒီဇိုင်နာအဖြစ် Dan Kileyတို့ ဖြစ်သည်၊ ပိုင်ရှင် မစ်လာက ဒီဇိုင်းနာသုံးယောက်ကို စိတ်ကြိုက် ဖန်တီးစေခဲ့တယ်၊

ဗိသုကာ Eero Saarinen ဟာ လူနေအိမ်များကို ဒီဇိုင်း ပြုလုပ်ခဲပါတယ်၊ ဒီ Miller House ဟာ သူ့ရဲ့ ရှားပါးလှတဲ့ အိမ်ဒီဇိုင်းသာ ဖြစ်တယ်၊

ဒီဇိုင်းရေးဆွဲပြီး လေးနှစ်အကြာ (၁၉၅၇) မှာမှ တည်ဆောက်ပြီးစီးခဲ့တယ်၊ တခဏတာ နေဖို့အိမ် မျိုးမဟုတ်ပဲ ကြာရှည် အမြဲနေမယ့်အိမ်မျိုးပါ၊

Miller House ဟာ မီးစ်ရဲ့ ဖရန့်ဝေါ့စ်ဟောက်စ် လို ရိုးရှင်းတဲ့ လက်ရာဟန် ထင်ဟပ်ပေမယ့် ဖွဲ့စည်းပုံခြင်း မတူညီလှပါ၊ မီးစ်ရဲ့ လက်ရာတွေ ဖြစ်တဲ့ flowing layout, flat roof, stone and glass walls တွေ ပါဝင်ပေမယ့် ဒီအိမ်ရဲ့ ပန္နက်ပုံကတော့ အလယ်မှာ ဧည့်ခန်းထားရှိပြီး သီးသန့်အသုံးပြုရန်နေရာများ (မိဘအိပ်ခန်း၊ ကလေးများအိပ်ခန်း၊ ဧည့်သည်အိပ်ခန်း၊ မီးဖိုချောင်) ကို ပတ်လည် ၀ိုင်းထားစေခြင်းမျိုး ဖြစ်တယ်၊
 
မြေခင်းဗိသုကာ Alexander Girard ကလည်း အိမ်ရဲ့ ဒီဇိုင်းနဲ့ တသားထဲဖြစ်အောင် ဒီဇိုင်းပြုလုပ်ခဲ့တယ်၊ အိမ်တွင်း အိမ်ပြင် တဆက်တစပ်တည်း ဖြစ်စေမယ့် ဒီဇိုင်းမျိုး ပြုလုပ်တယ်၊

အိမ်တွင်းဒီဇိုင်းနာ Dan Kiley ကတော့ လေးတောင့်စပ်စပ် ဖွဲ့စည်းထားတဲ့ အိမ်ဒီဇိုင်းကို နွေးထွေးစေမယ့် ဒီဇိုင်းမျိုး ဖန်တီးခဲ့တယ်၊
Miller House ကို ပြည်သူပိုင် အဖြစ် လှူဒါန်းလိုက်တဲ့အခါမှာ အိမ်ရဲ့ မူလ ကနဦးဒီဇိုင်းကို မပျောက်ပျက်အောင် ထိမ်းသိမ်း မွှမ်းမံမူ ပြုခဲ့ပါတယ်။






ရေးသားသူ။ ။ ဗိသုကာ နှစ်